ကျန်းမာပြီးပျော်ရွှင်တဲ့ လုပ်ငန်းခွင် တစ်ခုတည်ဆောက်ဖို့ ❤️️🤝

စာဖတ်ရန်ကြာချိန် (၅) မိနစ်

အလုပ်ရယ်လို့ စလုပ်ပြီဆိုထဲက Intern ပဲလုပ်လုပ်၊ Part-time ပဲ လုပ်လုပ်၊ Full-time ပဲလုပ်လုပ် ကျွန်တော်တို့ လူငယ်တွေအနေနဲ့ စိတ်ဖိစီးမှုရယ်လို့ အနည်းနဲ့အများ ကြုံတွေ့ရမှာပဲဖြစ်ပါတယ်။ အလုပ်စလျှောက်ခါစမှာတော့ ကျွန်တော်တို့ရဲ့ ကိုယ်ရေးအကျဉ်းထဲမှာ Can Work Under Pressure လို့ရေးခဲ့ပေမယ့် ပြဿနာပေါင်းစုံကို နည်းမျိုးစုံနဲ့ ရင်ဆိုင်ရတဲ့အခါမှာတော့ လူငယ်တွေဖြစ်တဲ့အလျောက် ခံနိုင်ရည်တွေ လျော့နည်းလာပါတော့တယ်။
ဒါ့ကြောင့် လုပ်ငန်းခွင်အတွင်း သူ့ဘက်ကိုယ့်ဘက် နှစ်ဦးနှစ်ဖက်လုံး အဆင်ပြေပြေနဲ့ ပိုပြီး Effective ဖြစ်အောင် တစ်ဦးနှင့်တစ်ဦး စာနာ နားလည်မှုရှိအောင် ဘယ်လိုလုပ်ရမလဲ ဆိုတာနဲ့ ပက်သက်ပြီး ပြောပြပေးသွားမှာပဲ ဖြစ်ပါတယ်။

🔷 သင်မည်သို့ နားထောင်သည်ကို ပြန်လည်စဉ်းစားပါ

သင့်ရဲ့ လုပ်ဖော်ကိုင်ဖက်က ပြောသမျှ၊ အထက်လူကြီး ပြောသမျှတွေကို သင့်အနေနဲ့ ဘယ်လိုခံယူမလဲဆိုတာဟာ အရမ်းအရေးကြီးတဲ့အချက်တစ်ချက်ပါ။ အထက်လူကြီးသမျှ၊ လုပ်ဖော်ကိုင်ဖက်က ပြောသမျှကို စိတ်ထဲကနေ တနုံ့နုံ့နဲ့ ခံစားနေဖို့ မလိုပါဘူး။ သင့်ကိုပြောတဲ့ စကားလုံးတွေထဲက ကောင်းတဲ့အချက်များကိုသာ ယူပြီး ပြုပြင်ခြင်းဖြင့် လုပ်ဖော်ကိုင်ဖက်များကြား ကောင်းမွန်သော ဆက်ဆံရေးကိုသာ ပြုပြင်တည်ဆောက်သင့်ပါတယ်။
တကယ်လို့ သင်က လက်အောက်ငယ်သားတွေကို စီမံအုပ်ချုပ်ရတဲ့ အထက်လူကြီးတစ်ယောက်ဆိုရင်လည်း ကိုယ့်လက်အောက်ငယ်သားတွေ ပြောတဲ့စကားကို တလေးတစား စာနာစိတ်နဲ့ နားထောင်ပေးသင့်ပါတယ်။အဲ့ဒါမှသာ သင့်ရဲ့လက်အောက်ငယ်သားတွေနဲ့ တစ်ယောက်ကိုတစ်ယောက် ပိုမိုနားလည်လာပြီး ပျော်ရွှင်တဲ့လုပ်ငန်းခွင်တစ်ခုကို တည်ဆောက်နိုင်မှာဖြစ်ပါတယ်။

🔷  မေးခွန်းများမေးတဲ့အခါ ရှင်းလင်းစွာမေးမြန်းပါ

သင့်အနေနဲ့ မရှင်းတာ မသိနားမလည်တာကို မေးမြန်းတဲ့နေရာမှာ လိုရင်းကို ရှင်းလင်းစွာ မေးတတ်ဖို့က အလွန်အရေးကြီးပါတယ်။ ဒါမှသာ သင့်ရဲ့ မေးခွန်းကို သင့်လုပ်ဖော်ကိုင်ဖက် သို့မဟုတ် သင့်အထက်လူကြီးက သင်နားလည်အောင် ရှင်းပြနိုင်မှာပဲ ဖြစ်ပါတယ်။

🔷 သူ့နေရာကို ခဏ ဝင်ကြည့်ပေးပါ

ဒါကတော့ အရေးအကြီးဆုံးအချက်ပါ။ သင့်တစ်ဦးတစ်ယောက်ထဲရဲ့ အမြင်နဲ့ခံစားချက်အရ မဟုတ်ပဲ သင့်ရဲ့ လုပ်ဖော်ကိုင်ဖက် အထက်လူကြီးနေရာကို ဝင်ပြီး စာနာ နားလည်တတ်ဖို့လဲ လိုပါသေးတယ်။ ဒါမှသာ သင့်ကို သူကဘာလို့ ဒီလိုပြောတာလဲ ဘာကြောင့်ဒီလိုစကားမျိူးပြောရတာလဲဆိုတာကို သူ့နေရာကို ဝင်ကြည့်ပေးခြင်းဖြင့် သူ့စေတနာ၊ သူ့ရဲ့အခက်အခဲကို သင်သိရှိနားလည်လာနိုင်မှာ ဖြစ်ပါတယ်။

 🔷 ပြဿနာအတိမ်အနက်ကိုကြည့်ပြီး ဦးစားပေးဖြေရှင်းပါ

လုပ်ငန်းခွင်တိုင်းမှာ ပြဿနာမျိူးစုံ တစ်နည်းမဟုတ် တစ်နည်းရှိလာနိုင်ပါတယ်။ ဒီလိုပြဿနာတွေ စုပြုံပြီး တက်လာတဲ့အခါမှာ လူငယ်ပီပီ ကမူးရှူးတိုး မဖြေရှင်းပဲ စိတ်အေးအေးနဲ့ Professional ကျကျနဲ့ ပြဿနာ အတိမ်အနက်ကို ကြည့်ပြီး ဖြေရှင်းခြင်းဖြင့် သင့်အနေနဲ့ Empathy ရှိတဲ့ လုပ်ငန်းခွင်ဆက်ဆံရေးကို တည်ဆောက်နိုင်ပါလိမ့်မယ်။

🔷 ယူဆချက် ကွဲလွဲမှုများကို လက်ခံပါ

လောကကြီးမှာ အရာရာတိုင်းဟာ သင့်ရဲ့ စိတ်တိုင်းကျမဖြစ်နိုင်ပါဘူး။ ဒါကြောင့် သင်နဲ့မတူညီတဲ့  သူတစ်ပါးရဲ့ ထင်မြင်ယူဆချက်တွေ လက်ခံကျင့်သုံးနေတဲ့ စံသဘောတရား ကွဲလွဲမှုတွေကို လက်ခံနားလည်ပေးနိုင်ရပါမယ်။ သူတစ်ဖက်သားရဲ့ ထင်မြင်ယူဆချက်တွေ ဆုံးဖြတ်ချက်တွေ ရွေးချယ်မှုတွေကို လေးစားပေးခြင်းဖြင့် သင်ဟာ Empathic ရှိတဲ့ လုပ်ဖော်ကိုင်ဖက်ကောင်းအဖြစ် ရပ်တည်နိုင်မှာ ဖြစ်ပါတယ်။

🔷 အလုပ်နဲ့ ကိုယ်ရေးကိုယ်တာ ခွဲခြားပါ

ဟုတ်ပါတယ်။ အလုပ်နဲ့ ကိုယ်ရေးကိုယ်တာ ဟာ မဖြစ်မနေခွဲခြားထားသင့်ပါတယ်။ ဥပမာ သင်ဟာ အိမ်မှာအဆင်မပြေလို့သော်လည်းကောင်း သင့်ချစ်သူရည်းစားနဲ့ ရန်ဖြစ်ထားလို့သော်လည်းကောင်း စတဲ့ သင့်ရဲ့ ကိုယ်ရေးကိုယ်တာ အဆင်မပြေမှုတွေကို မဆိုင်တဲ့ အလုပ်ကလူတွေအပေါ် မပုံချသင့်ပါဘူး။ လူတိုင်းမှာ ပြဿနာပေါင်းစုံ အခက်အခဲပေါင်းစုံဟာ ကိုယ်စီကိုယ်စီ ရှိကြပါတယ်။ ဒါကြောင့်သင့်အနေနဲ့ အလုပ်လုပ်တဲ့အခါမှာ သင့်ရဲ့အခက်အခဲတွေကို ခေတ္တဘေးချိတ်ကာ Professional ကျကျ အလုပ်လုပ်ကိုင်နိုင်ဖို့ လိုအပ်ပါတယ်။

🔷 လုပ်ဖော်ကိုင်ဖက်တွေနဲ့ ရင်းနှီးစွာ နေထိုင်ပါ

ကောင်းမွန်တဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်ဖို့အတွက်က ရင်းနှီးတဲ့ ဆက်ဆံရေးတစ်ခုလိုအပ်ပါတယ်။ ကိုယ့်ရဲ့ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အလွန်အမင်း ရင်းနှီးမနေရင်တောင် လုံလောက်တဲ့ ခင်မင်မှုလေးတွေ လိုအပ်ပါတယ်။ ဒါမှသာ သူ့အကြိုက် ကိုယ့်အကြိုက် သိရှိနိုင်မှာ ဖြစ်ပြီး ရှေ့ဆက်ဆောင်ရွက်တဲ့ အလုပ်တွေမှာ အချိတ်အဆက်မိမိ Team Work ကောင်းကောင်းနဲ့  လုပ်ဆောင်နိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် ဘယ်အရာမဆို အခုရေတွင်းတူး အခုရေကြည်သောက်လို့ မရနိုင်တဲ့အတွက်ကြောင့် ချက်ချင်း အဆင်မပြေနိုင်ပါဘူး။ ဒါကြောင့် ဒီအပေါ်က အချက်လေးတွေကို အချိန်တစ်ခုယူပြီး လုပ်ကြည့်ခြင်းဖြင့် လုပ်ငန်းခွင်အတွင်း ဖြစ်ပေါ်နေတဲ့ Conflict အသေးစားလေးတွေကို လျော့ချနိုင်မှာ ဖြစ်ပြီး Empathy ရှိတဲ့ နွေးထွေးမှုရှိတဲ့ မိသားစုဆန်တဲ့ လုပ်ငန်းခွင်ကို ဖန်တီး တည်ဆောက်နိုင်မှာပဲ ဖြစ်ပါတယ်။