နားလည်မှုရှိသော မိသားစုကို ပိုင်ဆိုင်ဖို့ 👩‍👩‍👧‍👦

စာဖတ်ရန် ကြာချိန် (၅) မိနစ်

“ နင့်ကြည့်လိုက်ရင် 📱အဲ့ဖုန်းပဲ သုံးနေတာပဲ။ ဘာမှခိုင်းလို့လဲ မရဘူး ”

ဒီလို စကားသံလေးတွေကို အားလုံးပဲ ကြားဖူးနေကြမယ်ထင်ပါတယ် 👀

ဒါပေမယ့် ဒီလို ကြားရဖန်များလာတဲ့ အခါမှာ မိဘနဲ့ သားသမီးကြားမှာ ကတောက်ကဆလေးတွေ ဖြစ်လာတတ်ပါတယ်။ သားသမီးဘက်က ကြည့်တော့လည်း ဖုန်းသုံးတယ်ဆိုတာ အလုပ်လုပ်နေတာ သို့မဟုတ် စာလုပ်နေတာဖြစ်သော်ငြားလည်း ဖေဖေတွေမေမေတွေ ဘက်ကကြည့်လိုက်တဲ့အချိန်နဲ့ ကိုယ်ကနားတဲ့အချိန် ခဏဂိမ်းဆော့တာကိုတွေ့ပြီး တစ်ချိန်လုံး ဂိမ်းဆော့ နေတယ်လို့ ထင်ပြီး ဆူတော့တာပဲ 😖

အဲ့လိုနဲ့ပဲ တစ်ဦးနဲ့ တစ်ဦး အထင်မြင်တွေ လွဲကာ တစ်ဖက်ကပြောတာကို နားလည် လက်ခံမပေးတော့ပဲ ပြဿနာလေးတွေ တတ်လာပါတော့တယ် 😞
ဒါဆို ဒီလို မိဘနဲ့ သားသမီးကြားက ကတောက်ကဆလေးတွေ အဆင်မပြေမှုတွေ ကို ဘယ်လို ရပ်တန့်ပြီး တစ်ဦးနဲ့ တစ်ဦး နားလည်မှုရှိရှိ ပြုလုပ်လို့ရမယ့် နည်းလမ်းလေးတစ်ချို့ကို မျှဝေပေးလိုက်ပါတယ် ⚠️

✅ သားသမီးနဲ့ မိဘ ညှိနှိုင်းဆွေးနွေးခြင်း။

အရိုးရှင်းဆုံး နဲ့ အကောင်းဆုံး နည်းလမ်းလေးတစ်ခုကတော့ ရှင်းပြတာပါ။ သူငယ်ချင်းရဲ့ မေမေနဲ့ ဖေဖေ အားတဲ့အချိန် စိတ်ကြည်နေတဲ့ အချိန်မှာ သူငယ်ချင်းအနေနဲ့ ဖုန်းကို အသုံးပြုပြီး အွန်လိုင်းကနေတစ်ဆင့် သင်လုပ်နေတဲ့ အရာတွေကို (ဥပမာ – Online Class တက်နေတာမျိုး၊ Personal Growth နဲ့ဆိုင်တဲ့ Article တွေဖတ်နေတာမျိူး စသည်ဖြင့်) သူတို့ နားဝင်အောင် ဘာအတွက်ဒီလိုလုပ်ဖို့ လိုအပ်ကြောင်းကို အေးအေးဆေးဆေး ချက်ကျလက်ကျ ပြောပြပါ။
ပြီးရင် ဖေဖေမေမေတွေ အနေနဲ့ကလည်း အိမ်အလုပ်ကို ဘယ်လိုမျိူး ဝိုင်းကူစေချင်တာ၊ မိဘနဲ့ ဘယ်လို အချိန်တွေမှာတော့ စကားလက်ဆုံပြောစေချင်တာ စသည်ဖြင့် ဖေဖေမေမေတို့ဘက်ကလည်း ဖြစ်စေချင်တဲ့ အရာတွေကို ပြောပြပါ။ အဲ့လို သားသမီးနဲ့ မိဘ လိုချင်တာ ဖြစ်စေချင်တာ တွေကို နှစ်ဦးနှစ်ဖက် နားလည်မှုရှိရှိ ညှိညှိနှိုင်းနှိုင်းနဲ့ အေးအေးဆေးဆေး ပြောဆိုလိုက်ခြင်းအားဖြင့် အိမ်တွင်း အဆင်မပြေမှု ကတောက်ကဆလေးတွေကို လျှော့ချနိုင်ပါတယ်။

✅  မိသားစု တွေ့ဆုံပွဲများ မကြာခဏပြုလုပ်ခြင်း။

သုံးလ တစ်ကြိမ် မဟုတ်ရင်တောင် တစ်နှစ်မှာအနည်းဆုံး တစ်ကြိမ်လောက်တော့ မိသားစုတွေ စုပြီး ခရီးထွက်တာမျိူး ပြုလုပ်သင့်ပါတယ်။ ဒါ့အပြင် မိသားစုတွေဆုံပြီး ညစာ စုစားတာမျိုးလဲ ပြုလုပ်နိုင်ပါတယ်။ ဒါမှသာ မိဘနဲ့သားသမီး ပိုမိုရင်းနှီးလာမှာ ဖြစ်ပြီး မပြောဖြစ်တဲ့စကားတွေ ပြောနိုင် အခက်အခဲတွေကို တိုင်ပင်နိုင်လာမှာ ဖြစ်ပါတယ်။

✅  ခံစားချက်တွေကို နားထောင်ပေးခြင်း။

သားသမီးတွေဘက်ကလည်း တွေ့ကြုံနေရတဲ့ အခက်အခဲတွေ ပြဿနာတွေကို မိဘတွေသိအောင် ပွင့်ပွင့်လင်းလင်း ပြောပြတိုင်ပင်သင့်ပါတယ်။ ဒါမှသာ သင်ခံစားနေရတာတွေကို မိဘတွေက သိရှိနားလည်မှာ ဖြစ်ပြီး သင့်ရဲ့ အခက်အခဲတွေကိုလည်း ကူညီ ဖြေရှင်းပေးနိုင်မှာ ဖြစ်ပါတယ်။

✅ အိမ်မှုကိစ္စလေးတွေ ကူလုပ်ပေးခြင်း။

အခုလို ကိုဗစ်ကာလမှာ ကျောင်းတွေ သင်တန်းတွေ ပိတ်ထားတဲ့အပြင် ရောဂါကလည်းကြောက်ရတာဆိုတော့ အိမ်မှာပဲနေနေရတာပေါ့။ အခုလိုအိမ်မှာနေရတဲ့အချိန်အတွင်း သူငယ်ချင်းရဲ့ အားလပ်ချိန်လေးတွေထဲကနေ အချိန်နည်းနည်းလောက်ဖဲ့ပြီး ဖေဖေမေမေတို့ကို အိမ်မှုကိစ္စလေးတွေ ကူလုပ်ပေးနိုင်ပါတယ်။ အခုလို ကူလုပ်ပေးခြင်းဖြင့် တစ်ဦးနဲ့တစ်ဦး ပိုအဆင်ပြေလာနိုင်မယ့်အပြင် လိမ္မာရင် လိမ္မာသလို မုန့်ဖိုးတွေပါ ရနိုင်ပါသေးတယ်နော်။

✅ ရုပ်ရှင် တူတူကြည့်ခြင်း။

တစ်ပတ်လျှင် အနည်းဆုံး တစ်ခါလောက်ဖြစ်ဖြစ် မိသားစုနဲ့ အတူ ရုပ်ရှင်ကြည့်သင့်ပါတယ်။ ရုပ်ရှင်ကြည့်ရင်းနဲ့ပဲ ဖြစ်ဖြစ်၊ ရုပ်ရှင်ကြည့်ပြီးတဲ့အခါမှာပဲဖြစ်ဖြစ်
ဇာတ်ကားထဲက အကြောင်းအရာများကို ဆွေးနွေးငြင်းခုံခြင်းဖြင့်လည်း ဖေဖေမေမေတို့နဲ့ သူငယ်ချင်းတို့အကြား ရင်းနှီးမှုတွေ တိုးလာနိုင်ပါသေးတယ်။ ဒါ့အပြင် မိဘနဲ့သားသမီးကြားက မပြောရဲမဆိုရဲ မတိုင်ပင်ရဲတာတွေ ကြောက်ရွံ့မှုတွေစတဲ့ အုတ်နံရံကြီးကို ဖြိုချနိုင်ပါသေးတယ်။
စတဲ့အချက်လေးတွေကို လုပ်ကြည့်ခြင်းဖြင့် လူငယ်တွေအနေနဲ့ မိဘနဲ့ သားသမီးကြား Empathy အပြည့်၊ နားလည်မှုရှိရှိနဲ့ ကောင်းမွန်တဲ့ relationship တစ်ခု အိမ်မှာနေရင်း တည်ဆောက်နိုင်ကြပါစေရန် အလို့ငှါ ဆုမွန်ကောင်းတောင်းလိုက်ပါတယ်နော် 🙏💛

ဒီတော့ စာလေ့လာနေလဲ ဖုန်းချည်းပဲ ကြည့်နေတယ်လို့အပြောခံရတုန်းလား?? ဒါဆို အခုပဲအပေါ်ကအချက်လေးတွေနဲ့ စမ်းကြည့်လိုက်တော့နော်♥️