မိုဘိုင်းဖုန်းများမှ Tracking ခြေရာမခံနိုင်အောင် ဘယ်လို ကာကွယ်ထားသင့်သလဲ

🎯 Mobile application များအတွက် Location Access ပေးခြင်းနှင့် သတိပြုဖွယ်ရာ

ယခု ၂၁ ရာစုလိုခေတ်မျိုးမှာ လူတိုင်းလူတိုင်းသည် မိမိတို့၏မိုဘိုင်းဖုန်းများကို အချင်းချင်းဆက်သွယ်ရေးဆိုင်ရာ ကိစ္စများအပြင် တခြားသောကိစ္စရပ်တွေအတွက်လည်းအသုံးပြုလာကြပါတယ်။ ယခုလိုမျိုး အသုံးပြုလာကြတဲ့ အတွက်လည်း အသုံးပြုတဲ့ လူပုဂ္ဂိုလ်တွေ ပိုပြီးအဆင်ပြေလွယ်ကူစေဖို့ အသုံးပြုကြတဲ့ Mobile application များ မှာ အသုံးပြုတဲ့လူတွေရဲ့ Location (တည်နေရာ)တွေ၊ တခြားသောအချက်အလက်တွေကို တောင်းခံရယူအသုံးပြု လာကြပါ တယ်။ 

များသောအားဖြင့် Mobile application တွေဟာ သူတို့ကို အသုံးပြုတဲ့ လူပုဂ္ဂိုလ်တွေရဲ့ အချက်အလက်တွေ၊ Location တွေကို တောင်းခံပြီး တတ်ပါတယ်။ ဘာကြောင့်လဲဆိုရင် သူတို့ကို အသုံးပြုတဲ့ သူ တွေအတွက် ပိုပြီးအဆင်ပြေလွယ်ကူစေချင်လို့ပါ။ ဥပမာအားဖြင့် Google Map တို့၊ Delivery App တို့၊ Mobile Banking App တွေ နဲ့ Dating App တွေဟာ Location Access ပေးထားမှသာလျင် အသုံးပြုရအဆင်ပြေပြီး တစ်ကယ်ကို အသုံးဝင်တဲ့ Mobile application တွေဖြစ်ပါတယ်။ 

🎯 Location Access ပေးခြင်းရဲ့ ကောင်းကျိုး

Mobile application တွေမှာ Location Access ပေးထားတာသည် မိမိအသုံးပြုမှုကို အဆင်ပြေစေပါတယ်။ ဥပမာ Google Map App အား Location Access ပေးထားခြင်းသည် မိမိရှာလိုသော စားသောက်ဆိုင်များ၊ နေရာများကို ရှာဖွေအသုံးပြုနိုင်ပါတယ်။ 

🎯 Location Access ပေးခြင်းရဲ့ ဆိုးကျိုး

ဒါပေမဲ့ မလိုအပ်တဲ့ App  တွေကို Location Access ပေးထားခြင်း သည် မိမိ၏လုံခြုံရေးအား စိုးရိမ်ရသလို မိမိအတွက် အသက်အန္တရာယ်လည်း ရှိလာနိုင်ပါတယ်။ Mobile Application တိုင်းကို Location Access ပေးထားခြင်းသည် တခြားသောသူများအား သင့်ရဲ့တည်နေရာ ကိုသိရှိစေနိုင်ပြီး၊ မသမာသူများအနေနှင့်လည်း သင့်ကိုခြေရာခံဖို့လွယ်ကူပါတယ်။ ၄င်းကနေတစ်ဆင့် သင့်ရဲ့နေ့စဥ်လုပ်ရှားမှုတွေ၊ သင့်သွားလာတတ်တဲ့အရာတွေကို သိရှိပြီး ထိုမှတစ်ဆင့် တခြားသောသင့်ရဲ့ ကိုယ်ရေး ကိုယ်တာ အချက်အလက်တွေကိုပေါက်ကြားနိုင်ပါတယ်။ ဒါကြောင့် Mobile Application တိုင်းကို Location Access မပေးထားဖို့ ၊ တတ်နိုင်ရင် မိမိ နေ့စဥ်အသုံးပြုတဲ့ App များမှအပ ကျန်တဲ့ App တွေကို Location Access ပေးမထားဖို့လိုပါတယ်။ ပြီးလျင်လည်း VPN (Virtual Private Network) ကိုလည်းအသုံးပြုသင့်ပါ တယ်။ ဒါမှသာ မိမိရဲ့တည်နေရာကို တပါးသူတွေက အလွယ်တကူသိရှိမှာမဟုတ်ပါဘူး။ ဒါကြောင့် ဒီနေ့ကနေစပြီး သင့်ရဲ့Digital Life ကို အဆင့်မြှင့်တင်လိုက်ရအောင်။ 

တချို့သော Mobile Application တွေဟာ သင့်ရဲ့ ပထဝီဝင်တည်နေရာ (Geolocation) ကို ပွင့်လင်းမြင်သာမှု သိပ်မရှိပဲ တောင်းခံတတ်ကြပါတယ်။ အမှတ်တမဲ့ဆိုရင်တော့ Location Access ပေးတာဟာ သိပ်တော့ စိုးရိမ်စရာ မလိုဘူးလို့ ထင်ရမယ့် ကိစ္စပါပဲ။ဒါပေမယ့် သင့်ဖုန်းမှာရော ကိုယ်ရောက်နေတဲ့ နေရာတွေကို အမြဲလိုက်လံမှတ်သားနေမယ့် Location Access ရယူထားတဲ့ Application ဘယ်နှခု ရှိလဲ သတိထားမိပါသလား? သတိမထားမိဘူးဆိုရင် သေချာပြန်စစ်ကြည့်လိုက်ပါဦး။ ဘာလို့လဲဆိုတော့ Location Access ပေးခြင်းရဲ့ နောက်ကွယ်မှာ ဒီလိုအန္တရာယ်တွေ ရှိနိုင်လို့ပဲ ဖြစ်ပါတယ်။

(၁) သင့်ရဲ့တည်နေရာကို နောက်ယောင်ခံလိုက်နိုင်တယ်။

အကြောင်းကိစ္စတစ်ခုခုကြောင့် သင့်အနေနဲ့ ကိုယ်ရောက်နေတဲ့ နေရာကို လူသိမခံဖို့ လိုအပ်တယ်ဆိုပါစို့။ ဒီလိုအနေအထားမှာ ဖုန်းထဲက Application တွေမှာ Location Access ပေးထားတာဟာ အရမ်း အန္တရာယ်များပါတယ်။ ဒါ့အပြင် သာမန်အချိန်မှာလည်း သင့်တည်နေရာကို နောက်ယောင်ခံလိုက်တာမျိုးတွေ အလုပ်ခံရနိုင်ပါတယ်။

(၂) ကိုယ်ရေးကိုယ်တာ လုံခြုံမှုအတွက် အဟန့်အတား ဖြစ်စေနိုင်တယ်။

Location Access ဖွင့်ထားတယ်ဆိုရင် အဲဒီကနေတစ်ဆင့် သင့်ရဲ့ အိမ်လိပ်စာ၊ ရုံးလိပ်စာ၊ သွားလေ့သွားထရှိတဲ့နေရာတွေ စတဲ့အချက်အလက်တွေကို အလွယ်တကူ ရယူနိုင်ပါတယ်။ ကိုယ့်ရဲ့ နေ့စဉ်ဘဝမှာ ဘာတွေ လုပ်တယ်။ ဘယ်မှာ ရှိတတ်တယ် စတာတွေကို သူစိမ်းတွေ သိနေတယ်ဆို ကိုယ်ရေးကိုယ်တာ လုံခြုံမှုနဲ့ ပတ်သက်ပြီး ဘာတွေ ဖြစ်နိုင်မလဲဆိုတာ ပြန်စဉ်းစားကြည့်ပါဦး။ 

 Cyber Security = Personal Security ဖြစ်ပါတယ်။

(၃) သင့်ရဲ့ ကိုယ်ရေးအချက်အလက်တချို့ကို ကိုယ်ကျိုးရှာဖို့ ရည်ရွယ်ချက်တွေနဲ့ အသုံးချသွားနိုင်တယ်။

အပေါ်မှာ ပြောခဲ့သလိုမျိုးပဲ သင့်ရဲ့ Geo-location ကနေ သင့်ရဲ့ နေ့စဉ်ဘဝအကြောင်းတွေ၊ အလေ့အထတွေကို သတင်းအချက်အလက် ရယူနိုင်ပါတယ်။ တခါတလေ ဖေ့စ်ဘွတ်လို လူမှုကွန်ရက်ပေါ်မှာ သင် ဘယ်နေရာ ရောက်နေလဲ ဆိုတာအပေါ် မူတည်ပြီး တက်လာတဲ့ ပို့စ်တွေ အပြောင်းအလဲ ရှိတာကို သတိထားမိလိမ့်မယ် ထင်ပါတယ်။ အချို့သော စီးပွားရေးသမားတွေနဲ့ ကိုယ်ကျိုးရှာသူတွေဟာ Mobile Application တွေကနေ အသုံးပြုသူတွေရဲ့ ဒေတာကို ဝယ်ယူလေ့ရှိကြပါတယ်။

  • ဒါကြောင့် အကြောင်းကိစ္စ ကြီးကြီးမားမား မရှိဘူးဆိုရင် Location Setting ကို Off ထားပါ။ 
  • ဖုန်းထဲမှာ ရှိတဲ့ Application တစ်ခုချင်းစီမှာ Location Access ပေးထားမိတာတွေ ရှိလား သေချာစစ်ပါ။ 
  • သင့်ရဲ့ လူမှုကွန်ရက် Social Media မှာလည်း သင့်တည်နေရာကို လူတိုင်း မြင်အောင် မပြထားမိဖို့ကိုလည်း သတိရပါ။ 
Android ဖုန်းအတွင်း location ပိတ်နည်း
IOS ဖုန်းများတွင် location ပိတ်နည်း

မိမိဖုန်းတွင် location access ကို အထက်တွင်ဖော်ပြထားသည့်အတိုင်း မိမိဖုန်း၏ setting အတွင်းရှိ location ဆိုသည့် feature ကိုရှာပြီး ပိတ်နိုင်ပါတယ်။