သင့်စိတ်ကျန်းမာမှုကို လေ့လာဆန်းစစ်နိုင်မယ့် နည်းတစ်ခု

စာဖတ်ရန်ကြာချိန် (၅) မိနစ်

🔷လူတွေဟာ နေ့စဉ်ဘဝရဲ့ ရုန်းကန်ရမှုတွေကြားမှာ ကိုယ်ရော စိတ်ပါ ပင်ပန်းကြပါတယ်။အဲ့ဒီအခါ ဘဝမှာ ဆက်ပြီး နေထိုင်ရုန်းကန်နိုင်ဖို့အတွက် ကိုယ်ကျန်းမာရေးနဲ့ စိတ်ကျန်းမာရေးဟာ အလွန်အရေးကြီးလာပါတယ်။
လူတော်တော်များများက ကိုယ်ခန္ဓာကျန်းမာရေးကို ဂရုတစိုက်နဲ့ ပြုလုပ်ပေမယ့် စိတ်ကို ကျန်းမာအောင် ပြုလုပ်ဖို့ကိုတော့ လျစ်လျူရှုမေ့လျော့နေတတ်ကြပါတယ်။
🔷စိတ်ကျန်းမာရေးနဲ့ပတ်သက်ပြီး နားလည်မှုလွဲနေကြတာကတော့ စိတ်ကျန်းမာရေးဆိုတာကို စိတ်နဲ့သက်ဆိုင်တဲ့ ရောဂါတွေကိုသာ ပြောတယ်လို့ထင်နေကြတာပါပဲ။
🔷တကယ်တော့ စိတ်နဲ့ပတ်သက်တဲ့ရောဂါတွေ မရှိဘူးဆိုတိုင်း စိတ်ကျန်းမာတယ်လို့ ပြောလို့မရပါဘူး။စိတ်ဖိစီးမှုတွေ၊ စိုးရိမ်သောကတွေနဲ့ စိတ်နာမကျန်းဖြစ်နေကြသူတွေ ဒုနဲ့ဒေးပါပဲ။
🔷ဒါကြောင့် ကိုယ့်စိတ်ရဲ့ကျန်းမာမှုကို လေ့လာဆန်းစစ်တဲ့အခါ အသုံးဝင်တဲ့နည်းလေးတစ်ခုအကြောင်း ပြောပြချင်ပါတယ်။
🔷အဲ့ဒါကတော့ စိတ်ကုပညာရှင် George Engelက 1977 ခုနှစ်မှာ ထုတ်ဖော်ခဲ့တဲ့ Bio-psycho-social-spiritual Model လို့ခေါ်တဲ့ ‌ကိုယ်စိတ်ကျန်းမာမှုကို လေ့လာဆန်းစစ်နိုင်တဲ့ နည်းလေးပါ။
🔷ဒီနည်း‌လေးထဲမှာ လူတစ်ယောက်ရဲ့ကျန်းမာရေးကို သက်ရောက်မှုရှိတဲ့ အချက်တွေကို ခြုံငုံပြီး လေ့လာဆန်းစစ်နိုင်မှာဖြစ်ပါတယ်။
သူ့မှာ အပိုင်း(၄)ပိုင်းပါဝင်ပါတယ်။

  1. Biological
  2. Psychological
  3. Social
  4. Spiritual
    ဆိုပြီး စိတ်ရဲ့ လုပ်ဆောင်ချက်တွေကို သက်ရောက်မှုရှိစေတဲ့ နယ်ပယ်လေးခု ပါဝင်ပါတယ်။
    🔷အခု တစ်ခုချင်းစီကို ပြောပြသွားပါမယ်။

1️⃣ Biological

ဒါကတော့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာမှုကို ပြောချင်တာပါ။

  • နေထိုင်စားသောက်မှုပုံစံ
  • ကိုယ်ခန္ဓာ ကြံ့ခိုင်သန်စွမ်းမှုအနေအထား
  • ဇီဝကမ္မအရ ကျန်းမာမှု (ပုံမှန်ကိုယ်အပူချိန်၊ရောဂါဘယကင်းမှု)စသဖြင့် ပါဝင်ပါတယ်။

တကယ်တော့ ရုပ်ပိုင်းဆိုင်ရာကျန်းမာမှုနဲ့ စိတ်ပိုင်းဆိုင်ရာကျန်းမာမှုဟာ ဆက်စပ်မှုရှိပါတယ်။ ခန္ဓာကိုယ်ကျန်းမာမှ စိတ်ဟာလည်း ကျန်းမာမှာပါ။ လူတစ်ယောက်ဟာ ရောဂါတစ်ခုခုဖြစ်နေမယ်ဆိုရင် စိတ်ကလည်း ညစ်နွမ်းပြီး ရောဂါအတွက် စိုးရိမ်ပူပန်နေမှာပါ။ဒါကြောင့် ကိုယ်ကျန်းမာမှုဟာ စိတ်ကျန်းမာမှုအတွက် အလွန်အရေးကြီးပါတယ်။

ဒါကြောင့် စိတ်ကျန်းမာစေဖို့ ရုပ်ပိုင်းဆိုင်ရာကျန်းမာမှုကို အထူးဂရုစိုက်ကြရပါမယ်။

  • မှန်ကန်တဲ့ အနေအထိုင် အစားအသောက်တွေ
  • ကာယလေ့ကျင့်ခန်းတွေ
  • လိုအပ်တဲ့ ဆေးဝါးတွေ စသည်ဖြင့် ကိုယ်ခန္ဓာကျန်းမာရေးအတွက် လိုအပ်တာတွေကို ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ပြီး ပြုလုပ်သင့်ပါတယ်။

2️⃣ Psychological

ဒီအပိုင်းမှာတော့ ကိုယ့်ရဲ့စိတ်ခံစားချက်တွေ၊ အတွေးတွေ စသဖြင့် ကိုယ့်စိတ်ရဲ့ခံစားမှုကို ပြောချင်တာပါ။

  • ငယ်ဘဝရဲ့ စိတ်ဒဏ်ရာတွေ
  • ချစ်ရသူတွေကို ဆုံးရှုံးခဲ့ရတာတွေ
  • ခံစားခဲ့ရတဲ့ နာကျင်မှုတွေ
  • ခံစားနေရတဲ့ စိတ်ဖိစီးမှု စိုးရိမ်ပူပန်မှုတွေ စသည်ဖြင့် စိတ်ပိုင်းဆိုင်ရာနာကျင်မှုတွေ ရှိနေမယ်ဆိုရင် စိတ်ကျန်းမာရေးကို သေချာပေါက် ထိခိုက်နိုင်ပါတယ်။ နာကျင်မှုပမာဏအနည်းအများနဲ့ စိတ်ရဲ့ခံနိုင်ရည်အားအနည်းအများပေါ် မူတည်ပြီး ထိခိုက်မှုက ခပ်သေးသေးဖြစ်နိုင်သလို ကြီးကြီးမားမားလည်း ဖြစ်သွားနိုင်ပါတယ်။

မပြင်းထန်တဲ့ စိတ်ဒဏ်ရာတွေကို အချိန်က ကုစားသွားနိုင်ပေမယ့် ပြင်းထန်တဲ့ စိတ်ပိုင်းဆိုင်ရာ နာကျင်မှုတွေကို ကုစားနိုင်ဖို့အတွက်ကတော့ သင့်တော်တဲ့ ကုသမှုတွေ၊ ကျွမ်းကျင်သူတွေဆီက စိတ်ပိုင်းဆိုင်ရာ အကြံပေးချက်တွေကို ရယူသင့်ပါတယ်။ လူဆိုတာ ခံစားချက်နဲ့ မကင်းကွာနိုင်တဲ့ သတ္တဝါဖြစ်ပါတယ်။ ဒါကြောင့် ကိုယ့်ရဲ့ခံစားချက်တွေကို မှန်မှန်ကန်ကန် ဂရုစိုက်ပေးမယ်ဆိုရင် ကိုယ့်ရဲ့စိတ်ကလည်း ကျန်းကျန်းမာမာနဲ့ နေထိုင်နိုင်မှာပဲ ဖြစ်ပါတယ်။

3️⃣ Social

Socialအပိုင်းကလည်း စိတ်ကျန်းမာရေးအတွက် အရေးကြီးပါတယ်။

လူတွေက အဖွဲ့အစည်းနဲ့ နေကြတဲ့သူတွေပါ။ သွေးသားတော်စပ်မှုအရသော်လည်းကောင်း၊ စိတ်ဆန္ဒအရသော်လည်းကောင်း၊ လိုအပ်ချက်အရသော်လည်းကောင်း တစ်ဦးနဲ့တစ်ဦး အတူတကွ ယှဉ်တွဲနေထိုင်ကြပါတယ်။ အဲ့ဒီအခါမှာ ယှဉ်တွဲနေထိုင်ရာ လူ့အဖွဲ့အစည်းရဲ့ရိုက်ခတ်မှုတွေကိုခံစားရပါတယ်။ ပတ်ဝန်းကျင်လူ့အဖွဲ့အစည်းရဲ့ရိုက်ခတ်မှုတွေမှာ လူမှုပတ်ဝန်းကျင်ရှိခြင်းကြောင့် ရိုက်ခတ်မှုတွေရှိသလို လူမှုပတ်ဝန်းကျင်မရှိတာကြောင့် ခံစားရတဲ့ ရိုက်ခတ်မှုတွေလည်း ရှိပါတယ်။

လူမှုပတ်ဝန်းကျင်ရှိခြင်းကြောင့် ရိုက်ခတ်မှုတွေမှာတော့ ဝေဖန်ကဲ့ရဲ့ခံရတာတွေ‌ကြောင့် စိတ်ဓာတ်ကျရတာတွေ၊ အထင်အမြင် နားလည်မှုလွဲမှားတာတွေကြောင့် စိတ်ညစ်ရတာတွေ စသဖြင့်ပါဝင်ပါတယ်။ လူမှုပတ်ဝန်းကျင်မရှိတဲ့အခါမှာတော့ တစ်ယောက်တည်း အထီးကျန်မှုတွေ၊ အကူအညီမဲ့မှုတွေ စတဲ့ ရိုက်ခတ်မှုတွေကို ခံစားရတာပဲ ဖြစ်ပါတယ်။

ဒါကြောင့် ကျန်းမာတဲ့စိတ်အခြေအနေတစ်ခုကို ရရှိဖို့အတွက် ပတ်ဝန်းကျင်နဲ့ သဟဇာတဖြစ်ဖို့နဲ့ နားလည်ယုံကြည်ရတဲ့ လူ့ပတ်ဝန်းကျင်တစ်ခုရှိဖို့ လိုသလို တချို့အချိန်တွေမှာ ပတ်ဝန်းကျင်ရဲ့ ရိုက်ခတ်မှုတွေကိုလည်း ခံနိုင်ရည်ရှိဖို့ လိုပါတယ်။

4️⃣ Spiritual

ဒီအပိုင်းကတော့ စိတ်ဝိညာဉ်နဲ့ သက်ဆိုင်ပါတယ်။ ကိုယ့်ရဲ့ဘဝအမြင်၊ ဘာသာရေးယုံကြည်မှု (သို့) ကိုယ်ပိုင်ယုံကြည်မှု‌တွေ၊ သဘာဝတရားနဲ့စိတ်ရဲ့ ပတ်သက်ဆက်နွယ်မှု၊ ကိုယ့်ကိုယ်ကိုယ်နဲ့ ပတ်သက်ပြီး ခံယူချက်တွေနဲ့ ဘဝရည်မှန်းချက်၊ရည်ရွယ်ချက် စတာတွေ ပါဝင်ပါတယ်။

Spiritualအပိုင်းက ဘာကြောင့် စိတ်ကျန်းမာရေးအတွက် အရေးကြီးသလဲဆိုရင်တော့
(၁) လူတွေက သူတို့ရဲ့စိတ်ခံစားချက်တွေ၊ ပြဿနာတွေကို ကိုယ့်ရဲ့အမြင်နဲ့ ဘာသာပြန်တတ်ကြတယ်။
(၂) သူတို့ရဲ့နာကျင်မှုတွေကို ဘာသာရေးအဆုံးအမတွေ၊ ကိုယ်ပိုင်ယုံကြည်ရာအကြောင်းအရာတွေနဲ့ ကုစားတတ်ကြတယ်။
(၃) သဘာဝတရားကို ခံစားကြည့်ပြီးတော့ စိတ်ဖိစီးမှုတွေကို လျှော့ချတတ်ကြတယ်။
(၄) ကိုယ့်ခံယူချက်နဲ့ကိုယ် ဘဝကို ရှင်သန်ကြတယ်။

ဒါကြောင့် Spiritualityဟာ စိတ်ကျန်းမာရေးအတွက် အရေးကြီးပါတယ်။ လူဟာ မှန်ကန်တဲ့အမြင်၊ မှန်ကန်တဲ့အ‌တွေးအခေါ်နဲ့ မှန်ကန်တဲ့စိတ်‌နေစိတ်ထားတွေရှိမှ စိတ်ပိုင်းဆိုင်ရာကျန်းမာတဲ့သူ ဖြစ်လာမှာပါ။ ဒါ့ကြောင့် Spiritualကိုလည်း ကိုယ့်စိတ်ရဲ့ကျန်းမာရေးအတွက် ဂရုစိုက်သင့်ပါတယ်။

📌နိဂုံးချုပ်အနေနဲ့ ပြောရင်တော့ စိတ်ပိုင်းဆိုင်ရာ ကျန်းမာဖို့အတွက် ကိုယ့်ရဲ့ ရုပ်ပိုင်းဆိုင်ရာ စိတ်ပိုင်းဆိုင်ရာ ကျန်းမာမှု‌တွေအပြင်
လူမှုရေးနဲ့ စိတ်ဝိညာဉ်ပိုင်းဆိုင်ရာတွေကိုပါ အထူးဂရုပြုသင့်ပါတယ်။

Reviewed by
Dr. Nweni Myo Wynn,
MHPSS Specialist