Online Meeting Security Tips

ကိုဗစ်ကပ်ရောဂါက အချိန်ကြာကြာဖြစ်လာတာနဲ့အမျှ remote working လို့ခေါ်တဲ့ အိမ်ကနေအလုပ်လုပ်ခြင်းကို ပိုပြီးလုပ်ဆောင်လာကြရပါတယ်။ Remote working ပိုပိုပြီးလုပ်လာတာနဲ့အမျှ အွန်လိုင်းမီတင်တွေကလဲ မလွဲ မသွေ ကြုံတွေ့ရမယ့် အရာတစ်ခုဖြစ်ပါတယ်။

အွန်လိုင်းမီတင်များ ပြုလုပ်သောအခါ လိုက်နာသင့်သည့် အချက်များ

  1. လုံခြုံစွာချိတ်ဆက်ပါ။
    • အိမ်သုံး ဝိုင်ဖိုင်နဲ့ ဗီဒီယိုကွန်ဖရင့်တူးလ် တွေက ပုံမှန်အတိုင်းဆိုရင် လုံခြုံမှုမရှိကြသေးပါဘူး။ ဒါကြောင့် သူတို့ရဲ့ settings ကို လုံခြုံတဲ့အထိပြောင်းထားသင့်ပါတယ်။ တကယ်လို့ မပြောင်းထားဘူးဆိုရင်တော့ Work from home လုပ်နေစဥ်အတွင်း အပြုအမူအချို့ကြောင့် အရေးကြီးတဲ့ အချက်အလက်တွေ ခိုးယူခံရတာ စတဲ့မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ ကြုံတွေ့ရတတ်ပါတယ်။
    • အိမ်သုံး ဝိုင်ဖိုင် ရဲ့ မူလ Password (စကားဝှက်)ကို ခိုင်မာပြီး ရှုပ်ထွေးတဲ့ စကားဝှက်အဖြစ် ပြောင်းလဲ ထားရှိဖို့လိုအပ်ပါတယ်။ ဝိုင်ဖိုင်ရဲ့ အမည်ကိုတော့ သာမာန် အမည်ပဲ ထားထားလို့ရပါတယ်။
    • အိမ်မှာသုံးနေတဲ့ ဝိုင်ဖိုင် ရော်တာကိုလျှို့ဝှက်ကြိုးမဲ့စံနှုန်းဖြစ်တဲ့ WAP 2 ဒါမှမဟုတ် WAP 3 ကို အသုံးပြုထားပါ။
    • အများအသုံးဟော့စပေါ့နဲ့ ကွန်ယက်တွေ အသုံးပြုခြင်းကိုလဲ ​ရှောင်ရှားသင့်ပါတယ်။
    • ဗီဒီယို ကွန်ဖရင့်တူးလ်တစ်ခု အသုံးမပြုခင် ပြုလုပ်ရမည့် အချက်များ
      1. အလုပ်ကိစ္စနဲ့ဆိုင်တဲ့ မီတင်တွေကို ပြုလုပ်တော့မယ်ဆိုရင် မိမိအဖွဲ့အစည်းက အတည်ပြုပေးထားတဲ့ ဗီဒီယို ကွန်ဖရင့် ဆော့ဖ်ဝဲတွေကိုသာ စက်ပစ္စည်းကိရိယာတွေမှာ ထည့်သွင်း အသုံးပြုသင့်ပါတယ်။
      2. ဗီဒီယိုကွန်ဖရင့်တူးလ်တွေမှာလည်း လုံခြုံရေးနဲ့ ကုဒ်ဝှက်ခြင်းဆက်တင်တွေကို ဖွင့်ထားဖို့လိုအပ်ပါတယ်။ ဒီဆက်တင်တွေကတော့ ပုံမှန်အားဖြင့် အလိုအလျောက်ဖွင့်ထားတာမဟုတ်တဲ့အတွက် ကိုယ်တိုင်ပြုလုပ်ရပါမယ်။
  2. ဝင်ရောက်မှုကို ထိန်းချုပ်ပါ။
    ထိန်းချုပ်မှုကင်းမဲ့တဲ့ စကားပြောဆိုဆက်ဆံမှုတွေမှာ အရေးကြီးတဲ့သတင်းအချက်အလက်တွေကို ဆွေးနွေးတဲ့အခါ မလိုလားအပ်တဲ့ နောက်ဆက်တွဲ ပြဿနာတွေ ကြုံတွေ့ရတတ်လို့ပါပဲ။
    • မီတင် ဒါမှမဟုတ် eventတွေကို ဝင်ရောက်ဖို့အတွက် ကုဒ်နံပါတ် သို့မဟုတ် စကားဝှက်တစ်ခုခု ထားရှိပါ။
    • မီတင် ကုဒ် နဲ့ စကားဝှက် တစ်ခုတည်းကို ထပ်ခါထပ်ခါ အသုံးမပြုပါနဲ့။
    • ဘယ်အသက်အရွယ် အပိုင်းအခြားကိုသာ ဖိတ်ထားမလဲ၊ ဘယ်သူတွေကို ဝင်ရောက်ခွင့်ပေးမလဲဆိုတာကို ကြိုတင်သတ်မှတ်ထားပါ။
    • ဖိတ်ကြားချက် invitation တွေကို Facebookလို social mediaမျိုးမှာ ကျယ်ကျယ်ပြန်ပြန် ဖြန့်ဝေထားမယ်ဆိုရင်တော့ ပိုပြီးသတိထားဖို့လိုပါတယ်။
    • မီတင်ထဲကို ဝင်ရောက်ဖို့ ကြိုးစားတဲ့သူတွေကို သိရှိနိုင်ဖို့အတွက်လည်း “Waiting Room”ကို ဖွင့်ထားပါ။
    • ဖိတ်ထားတဲ့ တက်ရောက်သူအားလုံး ရောက်ရှိနေပြီဆိုရင်တော့ မီတင်ကို lockလုပ်လိုက်ပါ။
    • မီတင်အစီအစဥ်ကို အများသုံး(public)အနေနဲ့ မျှဝေထားတယ်ဆိုရင်တော့ တက်ရောက်သူတွေကို ကိုယ်တိုင်လက်ခံပြီး ဖယ်ရှားနိုင်အောင်လဲ ပြုလုပ်ထားပါ။
    • ဖိတ်ကြားချက် invitation ကို ဘယ်သူတွေဆီကို ဘယ်လိုမျိုး မျှဝေထားသလဲဆိုတာကို သတိပြုပါ။
  3. ဖိုင်တွေ မျှဝေတာတွေ screen sharing လုပ်တာတွေ မီတင်ကို အသံသွင်းပြီး မှတ်တမ်းတင်ထားမှု​တွေကို စီမံခန့်ခွဲပါ။
    ထိန်းချုပ်မှုမရှိတဲ့ မျှဝေမှုတွေ၊ မှတ်တမ်းတင်ထားမှု​တွေက မကောင်းတဲ့ ဘက်ကို ဦးတည်သွားစေနိုင်သလို အရေးကြီးတဲ့ ဖိုင်တွေ ကို အခြားမသမာသူတစ်ယောက်ယောက်က ရသွားတာမျိုးဖြစ်နိုင်ပါတယ်။ ဒါတွေကို ထိန်းချုပ်ဖို့ ရိုးရှင်းတဲ့နည်းလမ်းအချို့ကို ရှင်းပြချင်ပါတယ်။
    • မျှဝေနိုင်တဲ့ ဖိုင်းအမျိုးအစားကို ကန့်သတ်တဲ့ ဆက်တင်တွေကို ပြောင်းထားပါ။ ဥပမာ exe ဖိုင်တွေကို ခွင့်မပြုထားဖို့အရေးကြီးပါတယ်။
    • အစည်းအဝေးကို မှတ်တမ်းတင် အသံသွင်းတော့မယ်ဆိုရင် တက်ရောက်သူတွေကိုလဲ အသိပေးပါ။
    • အစည်းအဝေးပိုင်ရှင်(host)အနေနဲ့လည်း မှတ်တမ်းတင်အသံသွင်းမှုကို ဘယ်လို လုပ်ဆောင်နိုင်တယ်ဆိုတာကို ကြိုတင်လေ့လာထားသင့်ပါတယ်။
    • မှတ်တမ်းတင် အသံသွင်းမှုကို clouldမှာ ပြုလုပ်တာထက် သုံးနေတဲ့ စက်ပစ္စည်းမှာသာ ပြုလုပ်ပါ။
    • အသံသွင်းမှုတွေကို သိမ်းဆည်းတဲ့အခါ ဖိုင်နာမည်ကို ပြောင်းလဲသတ်မှတ်ပါ။
    • ဗီဒီယိုကွန်ဖရင့် တူးလ်တွေမှာ မှတ်တမ်းတင် အသံသွင်းတာနဲ့ ပက်သက်တဲ့ ဥပဒေ စည်းမျဉ်းစည်းကမ်းတွေကို သက်ဆိုင်ရာ အကြံပေးအဖွဲ့အများနှင့် တိုင်ပင်ပါ။
    • ဗီဒီယိုကွန်ဖရင့် ပြုလုပ်နေစဥ်အတွင်း screen sharingမလုပ်ခင်မှာ ကိုယ် share မယ့် အချက်အလက်တွေရဲ့ ထိခိုက်လွယ်မှု(sensitivity)ကို ထည့်သွင်းစဉ်းစားဖို့က အရမ်းကို အရေးကြီးပါတယ်။
  4. အသုံးပြုနေတဲ့ ဗီဒီယိုကွန်ဖရင့်ဆော့ဖ်ဝဲ ကို နောက်ဆုံးဗားရှင်း အပ်ဒိတ်ပြုလုပ်ပါ။
    ဝိုင်ဖိုင်ရတဲ့အခါ auto-update ပြုလုပ်တာကိုလဲ ဖွင့်ထားလို့ရပါတယ်။ ဒိပ်အောက်နေတဲ့ ဗီဒီယိုကွန်ဖရင့် အက်ပလီကေးရှင်းတွေမှာဆိုရင် ဟက်ကာတွေက လုံခြုံရေးခြိမ်းခြောက်တာ၊ အရေးကြီးတဲ့အချက်အလက်တွေပေါက်ကြားတာ စတဲ့ အဖျက်သဘောဆောင်တဲ့ အပြုအမူတွေကို ပြုလုပ်လာနိုင်ချေရှိပါတယ်။ ဒါကြောင့် ဖုန်းမှာဖြစ်စေ ကွန်ပျူတာမှာဖြစ်စေ အခြား စက်ပစ္စည်းတွေပေါ်မှာဖြစ်စေ installလုပ်ထားတဲ့ ဗီဒီယိုကွန်ဖရင့်တူးလ်တွေကို အမြဲ အပ်ဒိတ်ပြုလုပ်ထားရပါမယ်။ အပ်ဒိတ်တွေကိုလဲ ပုံမှန်စစ်ဆေးပြီး အပ်ဒိတ်ရတာနဲ့ တပြိုင်နက် နောက်ဆုံးဗားရှင်းကို အပ်ဒိတ်လုပ်ဖို့ကိုလဲ အကြံပြုလိုပါတယ်။