အဖွဲ့တည်ဆောက်ခြင်း(Team Building) ဆိုတာဘာလဲ။
Team Building သည် အဖွဲ့အစည်းအတွင်း စဉ်ဆက်မပြတ် ဆောင်ရွက်နေရသော ဖြစ်စဉ်ဖြစ်ပြီး အဖွဲ့(ဥပမာ သင်ရိုးရေးဆွဲရေးအဖွဲ့၊ အကဲဖြတ်အဖွဲ့) ၏ လုပ်ငန်းများ ထိရောက် အောင်မြင်စေရန် ကူညီပံ့ပေးဖို့ လိုအပ်ပါတယ်။ တစ်နည်းအားဖြင့် အဖွဲ့၏ ဘုံရည်မှန်းချက်များ (common goals) အောင်မြင်ရန် အဖွဲ့ဝင်များ အားလုံး ညီညွတ်စွာ ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ အဖွဲ့တည်ဆောက်ခြင်းတွင် သက်ရှိသက်မဲ့ အရင်းမြစ်များနှင့် အချက်အလက်များ သဟဇာတဖြစ်အောင် ပေါင်းစပ်ပြီး
- အဖွဲ့ရည်မှန်းချက်အောင်မြင်စေခြင်း၊
- အဖွဲ့ဝင်အားလုံးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းများ သတ်မှတ်ပေးခြင်း၊
- စိန်ခေါ်မှုနှင့် အခက်အခဲ ပြဿနာများကို ညီညွှတ်မျှတစွာ ရင်ဆိုင်ဖြေရှင်းခြင်း နှင့်
- တိုးတက်မှုများရရှိရန် စဉ်ဆက်မပြတ် ရှာဖွေနေခြင်းများ ပါဝင်ပါတယ်။
ဒါ့အပြင် အဖွဲ့ဝင် တစ်ဦးချင်းစီရဲ့ ထင်မြင်ယူဆချက်တွေကို အုပ်စုအတွင်း မျှဝေခြင်း၊ တစ်ဦးပေါ်တစ်ဦး အပြန်အလှန် ယုံကြည်ပြီး ပံ့ပိုးကူညီမှုရှိခြင်း အပြင် တစ်ဦးချင်းစီရဲ့ မတူကွဲပြားမှုကိုလည်း လေးစားမှုရှိရပါမယ်။
Richard Hackmanရဲ့ အဆိုအရ စွမ်းဆောင်ရည်မြင့်မားတဲ့ အသင်းအဖွဲ့တစ်ခုက အဖွဲ့တွင်းရှိ အဖွဲ့ဝင်တွေနဲ့ ပြင်ပရှိ မိတ်ဖက်များအားလုံးကို စိတ်ကျေနပ်ပျော်ရွှင်မှုပေးစွမ်းနိုင်သည်။ အနာဂတ် ရည်မှန်းချက်အောင်မြင်စေဖို့ အဖွဲ့ရဲ့ သင်ယူလေ့လာနိုင်မှု နဲ့ စွမ်းဆောင်ရည်ကို တိုးတက်အောင် လုပ်ဆောင်နိုင်ပါတယ်။ အဖွဲ့ဝင် တစ်ဦးချင်းစီတိုင်းအတွက် မိမိနေရာ၊ မိမိအလုပ်နဲ့ ပက်သက်၍ အဓိပ္ပါယ်ရှိတဲ့ စိတ်ခံစားချက်ကို ရစေပါတယ်။
Team Building မှာ အဖွဲ့ခေါင်းဆောင်ရဲ့ အလုပ်တွေကဘာလဲ။
အသင်းအဖွဲ့တစ်ခုမှာ လုပ်ငန်းများကို အဖွဲ့ဝင်များအားလုံး တာဝန်ကိုယ်စီနဲ့ ပုံမှန်လည်ပတ်နေစဉ် အဖွဲ့ခေါင်းဆောင်အနေနဲ့ အဖွဲ့ရဲ့ လုပ်ငန်းများကို ပုံမှန်စစ်ဆေးခြင်း၊ လိုအပ်တဲ့ အရာများကို သင်ပြညွှန်ကြား ပေးခြင်း၊ အောင်မြင်စွာ ဆက်လက်လည်ပတ်နိုင်ဖို့ ထိန်းညှိပေးခြင်း စတဲ့အရာတွေ ဆောင်ရွက်နိုင်ပါတယ်။ ဒါမှသာ အဖွဲ့ခေါင်းဆောင်နဲ့ အဖွဲ့ဝင်များကြား အပြန်အလှန် ဆက်သွယ်မှု အားကောင်းပြီး အဖွဲ့ဝင်တစ်ဦးချင်းစီရဲ့ အကြံပြုသုံးသပ်ချက်တွေ၊ လိုအပ်ချက်တွေကို ထိရောက်စွာ ရရှိနိုင်ပါတယ်။ ဥပမာ သင်ကြားရေးဌာနမှူး တစ်ယောက်အနေနဲ့ မိမိဌာနမှာ ရှိတဲ့ ဆရာ/ဆရာမတွေရဲ့ နေ့စဉ်စာသင်ကြားမှုများကို ကြီးကြပ်ခြင်း၊ လေ့လာခြင်း၊ အကြံပေးခြင်း၊ တစ်ဆင့်မြင့်သင်တန်းများပို့ချ/စီစဉ်ပေးခြင်း အားဖြင့် အဆိုပါဌာနရဲ့ သင်ကြားရေးလုပ်ငန်းစဉ်အောင်မြင်တိုးတက်မှု ရရှိနိုင်ပါတယ်။
Team Development အားကောင်းစေရန်အတွက် ပြုလုပ်သင့်သော အဆင့်များ
- Forming
အသင်းအဖွဲ့ကို စတင်ဖွဲ့စည်းခြင်း အဆင့်မှာ အဖွဲ့ဝင်အချင်းချင်း ရင်းနှီးမှု မရှိသေးပါဘူး။ တစ်ဦးကိုတစ်ဦး မိတ်ဆက်ခြင်း၊ အဖွဲ့ရဲ့လုပ်ငန်းများစီစဉ်ခြင်း၊ မျှော်မှန်းချက်နဲ့ အခြေခံစည်းမျဉ်းများ စတင်ချမှတ်ခြင်းတွေ လုပ်ဆောင်ရတဲ့ အဆင့်များ ဖြစ်ပါတယ်။ ဒီအဆင့်မှာ အဖွဲ့ခေါင်းဆောင်က အဖွဲ့ဝင်တွေ သိရှိလိုက်နာရမယ့် အချက်များ၊ ဆောင်ရွက်ရမယ့်လုပ်ငန်းတာဝန်များကို ညွှန်ကြားသူ(director) အဖြစ် ဆောင်ရွက်ရပါတယ်။
- Storming
အဖွဲ့ရဲ့ ရည်မှန်းချက် (Vision), ရည်ရွယ်ချက် (Mission) များ ချမှတ်ခြင်း၊ ဆောင်ရွက်မည့် လုပ်ငန်းများ ချမှတ်ခြင်း၊ သဘောတူညီမှု သဘောမတူညီမှု အခြေအနေတွေကို အပြန်အလှန် ဆွေးနွေးညှိနှိုင်းခြင်းများ လုပ်ဆောင်ခြင်းစတဲ့ လုပ်ငန်းစဉ်များက အဖွဲ့ဝင်များအချင်းချင်း သိကျွမ်းရင်းနှီးလာစေနိုင်တဲ့ အဆင့်များဖြစ်ပါတယ်။ ဒီအဆင့်မှာ အဖွဲ့ခေါင်းဆောင်က စည်းရုံးသူ (Persuader) အဖြစ် ဆောင်ရွက်ရပါတယ်။ အားပေးစကားပြောခြင်း၊ အဖွဲ့ဝင်တွေရဲ့ လုပ်ငန်းတာဝန်တွေကို ကြီးကြပ်ခြင်း၊ အခက်အခဲပြဿနာတွေကို ကူညီဖြေရှင်းခြင်းများ ဆောင်ရွက်ရပါတယ်။
- Norming
အဖွဲ့ဝင်တွေအနေနဲ့ အချင်းချင်းအကြား အပြန်အလှန် ခင်မင်ရင်းနှီးတဲ့ ဆက်ဆံရေးကိုသာမက ကြုံတွေ့ရတဲ့ အခက်အခဲ ပြဿနာများကိုပါ အတူတူပူးပေါင်းဖြေရှင်းခြင်းဖို့ လိုအပ်ပါတယ်။ အုပ်စုခေါင်းဆောင်က ဒီအဆင့်မှာ ပူးပေါင်းပါဝင်ဆောင်ရွက်သူ၊ လိုအပ်တာများကို ပံ့ပိုးပေးသူ (Supporter ) အဖြစ်ဆောင်ရွက်ရပါတယ်။
- Performing
အဖွဲ့ရဲ့ လုပ်ငန်းတွေ အောင်မြင်စေဖို့ အဖွဲ့ဝင်များအားလုံး တာဝန်ကိုယ်စီယူပြီး အပြန်အလှန် ယုံကြည်မှုနဲ့ အဖွဲ့ရဲ့လုပ်ငန်းတွေကို သတ်မှတ်ထားတဲ့ အချိန်အတွင်း ပြီးစီးအောင်မြင်အောင် ပူးပေါင်း ဆောင်ရွက်ကြတဲ့ အဆင့်ဖြစ်ပါတယ်။ ဒီအဆင့်မှာ အုပ်စုခေါင်းဆောင်က အဖွဲ့ဝင်တွေကို တာဝန်နဲ့ လုပ်ပိုင်ခွင့်ပေးသူ (delegator) အဖြစ် ဆောင်ရွက်ရပါတယ်။
အောင်မြင်သော အသင်းအဖွဲ့ တည်ဆောက်ရန် အရေးကြီးသောအချက်များ
သုတေသနအများစုရဲ့ တွေ့ရှိချက်တွေအရ ထိရောက် အောင်မြင်တဲ့ အသင်းအဖွဲ့ ဖွဲ့စည်းနိုင်ဖို့ အောက်ပါအချက်တွေလိုပါတယ်။
- Clarity of Expectation and Objectives (ရှင်းလင်း တိကျပြတ်သားပြီး တိုင်းတာနိုင်တဲ့ လုပ်ငန်းနဲ့ ကိုက်ညီဆီလျော်မှုရှိတဲ့ ရည်မှန်းချက်၊ မျှော်မှန်းချက်တွေ ထားရှိ ဆောင်ရွက်ခြင်း)
- Dedication (အဖွဲ့ဝင်အားလုံးရဲ့ လုပ်ငန်းအပေါ် စိတ်ဝင်တစားရှိမှု၊ စူးစိုက်မြှုပ်နှံ ဆောင်ရွက်မှုရှိခြင်း)
- Capability (အဖွဲ့ဝင်များမှာ လုပ်ငန်းရည်ရွယ်ချက်ကို အောင်မြင်အောင် ဆောင်ရွက်နိုင်ပြီး၊ လိုအပ်တဲ့ အသိပညာ ကျွမ်းကျင်မှုတွေနဲ့ ပြည့်စုံခြင်း )
- Resources ( လုပ်ငန်းဆောင်ရွက်နိုင်ဖို့ လိုအပ်တဲ့ ရင်းမြစ်တွေ ပြည့်စုံခြင်း၊ ဥပမာ-လူသား ရင်းမြစ်၊ ငွေကြေး၊ အချိန် နည်းပညာ နဲ့ အခြားရင်းမြစ်များ)
- Power (လုပ်ပိုင်ခွင့် – အဖွဲ့ဝင်တွေကို ကိုယ်ပိုင်အတွေးအခေါ်များ၊ ဆုံးဖြတ်ချက်များ ချမှတ်နိုင်ဖို့နဲ့ ထိရောက်စွာ ဆောင်ရွက်နိုင်ဖို့ သင့်တော်တဲ့လုပ်ပိုင်ခွင့်များပေးခြင်း)
- Cooperation (အဖွဲ့ရဲ့ ပန်းတိုင်ကိုရောက်ဖို့ စည်းလုံးညီညွှတ်စွာ အတူပူးပေါင်းပြီး ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ခြင်း)
- Communication (အဖွဲ့ဝင်တွေအချင်းချင်း ကောင်းမွန်တဲ့ဆက်ဆံရေးရှိခြင်း၊ အပြန်အလှန် ယုံကြည်မှု၊ လေးစားမှု၊ ပံ့ပိုးမှု ရှိခြင်း)
- Creative Improvement (အဖွဲ့လိုက်လုပ်ငန်းတွေ ပိုမိုတိုးတက်ကောင်းမွန်အောင် အသိပညာ၊ ကျွမ်းကျင်မှု၊ နည်းပညာ နဲ့ နည်းဗျူဟာတွေကို ဆန်းသစ်တီထွင်ကြံဆခြင်း)
- Responsibility and Accountability (လုပ်ငန်းတာဝန်တွေအပေါ် တာဝန်ယူမှု၊ လုပ်ဆောင်ချက် ရလဒ်များအပေါ် တာဝန်ယူမှု ၊ တာဝန်ခံမှု ရှိခြင်း)
- Harmonization (အဖွဲ့ခေါင်းဆောင်နဲ့ အဖွဲ့ဝင်တွေကြား ဆက်သွယ်ပြောဆိုမှု၊ တာဝန်ခွဲဝေမှု၊ အဖွဲ့ဝင်များအချင်းချင်း အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု၊ တစ်ဦးချင်းရဲ့ လုပ်ငန်းတာဝန်နဲ့ ကျွမ်းကျင်မှုအားလုံး သဟဇာတဖြစ်ပြီး လိုက်ဖက်ကိုက်ညီခြင်း)
Challenges to Teamwork (အုပ်စုလုပ်ငန်းအတွက်စိန်ခေါ်မှုများ)
အုပ်စုဖွဲ့ပြီး အလုပ်လုပ်ဆောင်တဲ့အခါမှာ အောက်မှာ ဖော်ပြထားတဲ့ စိန်ခေါ်မှုတွေနဲ့ ကြုံတွေ့ရလေ့ရှိပါတယ်။
(၁) အဖွဲ့ဝင်များမှာ အဖွဲ့ရဲ့ ရည်ရွယ်ချက်၊ လုပ်ငန်းနဲ့ ကိုက်ညီဆီလျော်တဲ့ အသိပညာကျွမ်းကျင်မှုတွေ
ရှိရန်လိုအပ်ခြင်း
(၂) လိုအပ်တဲ့ ကျွမ်းကျင်မှုတွေကို လေ့ကျင့်သင်တန်းပေးရန်လိုအပ်ခြင်း။
(၃) အဖွဲ့ဝင်အချင်းချင်းအပြန်အလှန် နားလည်မှု၊ ချိတ်ဆက်ဆောင်ရွက်မှု ရှိခြင်း။
(၄) အဖွဲ့ဝင်တစ်ဦးချင်းရဲ့ လုပ်ပိုင်ခွင့်ရရှိမှု၊ ownership စိတ်ဓာတ်ရှိရန်လိုအပ်ခြင်း။
(၅) အုပ်စုခေါင်းဆောင်အနေဖြင့် အဖွဲ့ဝင်တွေရဲ့ ဆောင်ရွက်ရန် လုပ်ငန်းများကို တာဝန်ပေးခိုင်းစေခြင်းထက် ဆုံးဖြတ်ချက်များ၊ ထင်မြင်ယူဆချက်များကို ရယူပြီး ပူးပေါင်းဆောင်ရွက်ခြင်း။
(၆) အလုပ်နဲ့ ဘဝ ညီမျှမှု (work-life Balance) ဖြစ်ရန် လိုအပ်ခြင်း၊ လုံလောက်တဲ့ အနားယူမှု၊ မိသားစုအပေါ် အချိန်ပေးနိုင်မှု ရှိရန်လိုအပ်ခြင်း။
Resources
https://www.researchgate.net/publication/258344173_Towards_Effective_Team_Building_in_the_Workplace
https://hr.berkeley.edu/hr-network/central-guide-managing-hr/managing-hr/interaction/team-building/introduction
https://www.researchgate.net/publication/258344173_Towards_Effective_Team_Building_in_the_Workplace
Team building activities
Golden Rules for team building
Qualities of an effective team member