“စိုက်ပျိုးရေး”၏ အဓိပ္ပါယ် နှင့် စိုက်ပျိုးရေး၏ အရေးပါသော အခန်းကဏ္ဍများ

စိုက်ပျိုးရေးဆိုတဲ့ ဝေါဟာရကို ဘယ်လို နားလည်သလဲ

Agriculture ဆိုတာ လက်တင်ဘာသာ “Ager” (The Soil – မြေကြီး) နဲ့ “Cultura” (Cultivation – စိုက်ပျိုးခြင်း/ပြုစုပျိုးထောင်ခြင်း) နှစ်ခုကို ပေါင်းထားတာပါ။ ဒါကြောင့်  “Agri-culture” ဆိုတာ “မြေကြီး (မြေဆီလွှာ) ပိုမိုကောင်းမွန်လာအောင် ပြုစု ထိန်းသိမ်း စိုက်ပျိုးခြင်း” လို့ အဓိပ္ပာယ်ရပါတယ်။ ဒါပေမယ့် “Agriculture” ကို “စိုက်ပျိုးရေး” လို့ တိုက်ရိုက် သုံးနှုန်းလိုက်တော့  သီးနှံတွေ အထွက်တိုးဖို့ကိုပဲ အာရုံစိုက်ပြီး စိုက်ပျိုးမြေကို ရေရှည်တည်တံ့အောင် ထိန်းသိမ်းဖို့ကိစ္စ ကို “မေ့လျော့” သလို ဖြစ်လာကြပါတယ်။ 

သီးနှံအထွက်တိုးရေး ဦးစားပေးလာကြတော့ ဓာတုမြေသြဇာတွေ ဓာတုပိုးသတ်ဆေးတွေ တွင်တွင်ကျယ်ကျယ် သုံးလာကြတယ်။ သီးနှံအလှည့်ကြစိုက်တာထက် စီးပွားရေး တွက်ခြေကိုက်တဲ့ သီးနှံတစ်မျိုးတည်းကိုပဲ အမြဲစိုက်လာကြတယ်။ မြေဆီလွှာတွေက ပျက်စီးလာခဲ့ကြတယ်။ ဒီလိုနဲ့ နောင်လာနောက်သားတွေဟာ ပျက်ယွင်းနေတဲ့ မြေတွေကိုပဲ အမွေဆက်ခံကြရပြီးတော့ မြေဆီလွှာ ပျက်စီးမှုကြောင့် သီးနှံ အထွက်လျော့ပြီး စားနပ်ရိက္ခာဖူလုံမှုမရှိတဲ့ ပြဿနာတွေကို ရင်ဆိုင်လာခဲ့ကြ ရပါတယ်။ 

ဒါကြောင့် “Agriculture” ကို “စိုက်ပျိုးရေး” လို့ ခေါ်ဝေါ်သုံးနှုန်းကြပေမယ့်  “မိမိတို့လိုချင်တဲ့ စိုက်ပျိုးသီးနှံတွေ ထုတ်လုပ်ရာမှာ မြေဆီလွှာ မပျက်စီးစေတဲ့ နည်းလမ်းတွေနဲ့ လုပ်ဆောင်ရမယ်” လို့ စိတ်မှာ နားလည်စွဲမှတ် ထားခဲ့ရင် ရေရှည်တည်တံ့တဲ့ မြေဆီလွှာကို လက်ဆင့်ကမ်း အမွေပေး နိုင်မှာ ဖြစ်ပါတယ်။  

“စိုက်ပျိုးရေး” က ကျွန်တော်တို့အတွက် အမှန်တယ် အရေးပါတဲ့ အခန်းကဏ္ဍကနေ ရှိနေပါသလား

စိုက်ပျိုးရေးဟာ ယနေ့အချိန်အထိတော့ မြန်မာနိုင်ငံစီးပွားရေးအတွက် အရေးပါတဲ့ အခန်း ကမှာ ပါဝင်လျက် ရှိနေဆဲပါ။ တစ်နိုင်ငံလုံး စုစုပေါင်းထုတ်ကုန်ရဲ့ သုံးပုံတစ်ပုံလောက်ကို စိုက်ပျိုး ရေးကဏ္ဍကပေးနိုင်ပြီးတော့ ပြည်ပပို့ကုန်ကရတဲ့ငွေက ၃၅% လောက်ရှိပါတယ်။ ပြီးတော့ လုပ်သား အင်အား ၇၀% အတွက်လည်း အလုပ်အကိုင် ဖန်တီးပေးနေနိုင်ပါသေးတယ်။ 

စိုက်ပျိုးရေးကနေ ထောက်ပံ့ပေးနိုင်တဲ့ အရေးပါတဲ့ အခန်းကဏ္ဍအချို့က ဘာတွေလဲ

စား၊ ဝတ်၊ နေရေး အတွက်လိုအပ်တဲ့အခြေခံကုန်ကြမ်းများ။ ဆေးဝါး၊ လောင်စာ၊ ပလပ်စတစ် စတာတွေအပြင် ကျနော်တို့ သတိမပြုမိတဲ့ ပစ္စည်းတွေ၊ နည်းလမ်းတွေနဲ့ ထောက်ပံ့ပေးနေ ပါတယ်။ ကုန်ကြမ်းတွေဟာ ထုတ်လုပ်မှုအပိုင်းမှာ အလွန်အရေးပါတာကြောင့် နိုင်ငံ တစ်နိုင်ငံရဲ့ စီးပွားရေး၊ ဖွံ့ဖြိုးတိုးတက်ရေး၊ နိုင်ငံသားတွေရဲ့ ကျန်းမာရေး စတာတွေဟာ ကုန်ကြမ်း ဘယ်လောက် ရရှိ/ထုတ်လုပ်နိုင်တယ်ဆိုတဲ့ အချက်တွေပေါ်မှာ အများကြီး မူတည်နေပါတယ်။

နိုင်ငံတကာကုန်သွယ်မှု။ နိုင်ငံတကာ ကုန်သွယ်မှုမှာ ကုန်ပစ္စည်းတွေ တင်ပို့ခြင်း/တင်သွင်းခြင်းတွေ ပါဝင်ပါတယ်။ နိုင်ငံရဲ့ စိုက်ပျိုးရေးလုပ်ငန်းဟာ အကြောင်းတစ်ခုခုကြောင့် အခက်အခဲတွေ ပေါ်လာခဲ့ရင် ကုန်သွယ်စီးဆင်းမှုကို ထိခိုက်မယ်၊ ကုန်ဈေးနှုန်းအတက်အကျပေါ် သက် ရောက်မယ်၊ ပြီးရင် ပြည်သူ အားလုံးရဲ့ လူမှုစီးပွားရေး အခြေအနေအားလုံးကိုပါ ထိခိုက်နိုင် ပါတယ်။

တိုင်းပြည်ဝင်ငွေရရှိစေခြင်း။ ဖွံ့ဖြိုးဆဲနိုင်ငံတွေအတွက် ၎င်းတို့ရဲ့ တိုင်းပြည်ဝင်ငွေ အများစုဟာ လယ်ယာပို့ကုန်တွေအပေါ် မူတည်နေသလိုပဲ ဖွံ့ဖြိုးပြီးနိုင်ငံတွေအနေနဲ့လည်း ဖွံ့ဖြိုးဆဲနိုင်ငံ တွေက ကုန်ကြမ်းပို့ကုန်တွေ ရပ်တန့်သွားရင် ၎င်းတို့ရဲ့စီးပွားရေး ထိခိုက်လာမှာ ဖြစ်ပါ တယ်။

အလုပ်အကိုင်အခွင့်အလမ်းထောက်ပံ့ပေးနိုင်ခြင်း။ တောင်သူလယ်သမား၊ ထုတ်လုပ်သူ၊ လယ်ယာ သုံး စက်ကိရိယာပညာရှင်၊ သိပ္ပံပညာရှင် စတဲ့ အလုပ်အကိုင် နယ်ပယ်စုံကို ထောက်ပံ့ပေးနေ လို့ ဖွံ့ဖြိုးဆဲနိုင်ငံတွေမှာ စိုက်ပျိုးရေး ကကနေ အလုပ်လက်မဲ့နှုန်း မြင့်မားမှုကို လျှော့ချ ပေးနိုင်ပါတယ်။ ဒါ့အပြင်  ဆင်းရဲမွဲတေမှု လျှော့ချရေးနဲ့ ပတ်သက်လာရင် အခြားနယ်ပယ် တွေမှာ ရင်းနှီးမြုပ်နှံတာထက် သိသိသာသာ ပိုပြီး ထိရောက်တယ်ဆိုတာ တွေ့ရပါတယ်။

တိုင်းပြည်ဖွံ့ဖြိုးတိုးတက်စေခြင်း။ နိုင်ငံတကာကုန်သွယ်မှု၊ တိုင်းပြည်ဝင်ငွေ၊ အလုပ်အကိုင် အခွင့် အလမ်းစတာတွေ အားလုံး ပေါင်းစပ်လိုက်တဲ့အခါ ဆင်းရဲမွဲတေမှုကို လျှော့ချနိုင်မယ်၊ စီးပွား ရေးတိုးတက်လာမယ်၊ ပြီးတော့ တိုင်းပြည် ဖွံ့ဖြိုးတိုးတက်လာနိုင်ပါတယ်။

ပတ်ဝန်းကျင်ထိန်းသိမ်းပေးနိုင်ခြင်း။ စိုက်ပျိုးရေးလုပ်ငန်း ဆောင်ရွက်ရာမှာ ဇီဝမျိုးစုံမျိုးကွဲတွေ ထိန်းသိမ်းခြင်းကိုပါ ပူးတွဲ ဆောင်ရွက်မယ်ဆိုရင် မြေဆီမြေဩဇာ ပိုကောင်းမွန်စေမယ်၊ မြေလွှာတိုက်စားမှု လျော့နည်းစေမယ်၊  ရေ ထိန်းသိမ်းမှု ပိုကောင်းလာစေမယ်၊ ဝတ်မှုန်ကူး မှုကို အားပေးနိုင်မယ် စတဲ့ ပတ်ဝန်းကျင် ထိန်းသိမ်းရေးဆိုင်ရာ ကောင်းကျိုးတွေ ရလာနိုင် ပါတယ်။

နိုင်ငံလုံခြုံရေးနှင့်တည်မြဲမှု။ နိုင်ငံတစ်နိုင်ငံရဲ့ အခြေခံကုန်ကြမ်းတွေကို စိုက်ပျိုးရေး လုပ်ငန်းတွေက ထောက်ပံ့ပေးနေတာကြောင့် အဲ့ဒီကုန်ကြမ်းတွေ လိုအပ်ချက်ရှိလာခဲ့ရင် နိုင်ငံအချင်းချင်း ပဋိပက္ခတွေဖြစ်ပြီး စစ်ပွဲတွေ ဖြစ်လာစေနိုင်သလို နိုင်ငံတစ်နိုင်ငံရဲ့ တည်မြဲမှုကိုပါ ခြိမ်းခြောက် လာစေနိုင်ပါတယ်။

စားနပ်ရိက္ခာများထောက်ပံ့ပေးနိုင်ခြင်း။ လူသားတွေစားသုံးနေတဲ့ ဘယ်အစားအစာမဆို စိုက်ပျိုးရေး လုပ်ငန်းက ရရှိနေပါတယ်။ စိုက်ပျိုးရေးကဏ္ဍ အင်အားနည်းလေ လူသားတွေရဲ့ စားနပ် ရိက္ခာ မလုံလောက်မှုနဲ့ ဆင်းရဲမွဲတေ မှုတွေ ပိုခံစားရလေပါပဲ။

နည်းပညာများဆန်းသစ်တီထွင်လာနိုင်ခြင်း။ မျိုးရိုးဗီဇ ဖလှယ်ခြင်း၊ အဆင့်မြှင့်တင်ခြင်းတွေကို ဆောင်ရွက်ခြင်းအားဖြင့် သီးနှံတွေ အထွက်တိုးလာမယ်၊ ရေသုံးစွဲမှု လျော့နည်းလာစေမယ်၊ သဘာဝပတ်ဝန်းကျင်အပေါ် အဆိုးသက်ရောက်မှုတွေ လျော့နည်းလာစေမယ် စတဲ့ ကောင်း ကျိုးတွေရလာမှာပါ။ သိပ္ပံပညာရှင်တွေနဲ့ နည်းပညာဆိုင်ရာ ကုမ္ပဏီများအနေနဲ့ စိုက်ပျိုးရေး လုပ်ငန်း နယ်ပယ်ဟာ စီးပွားရေးလုပ်ကိုင်ဖို့ ရင်းနှီးမြှပ်နှံ ဖို့ စိတ်ဝင်စားဖွယ် အကောင်းဆုံးနဲ့ အကျိုးဖြစ်ထွန်းဖို့ အလွယ်ဆုံး နယ်ပယ်တစ်ခု ဖြစ်လာတော့ နည်းပညာတွေ ဆန်းသစ် တီထွင်မှုကို ပိုဦးစားပေးလာခဲ့ကြပါတယ်။

လူသားအားလုံးရဲ့အနာဂတ်အတွက် အရေးပါခြင်း။ ရာသီဥတု ပြောင်းလဲဖောက်ပြန်ခြင်းဟာ စိုက်ပျိုးရေးလုပ်ငန်းအပေါ် သက်ရောက်မှုများလို့  ပြောင်းလဲလာနေတဲ့ ရာသီဥတုနဲ့ လိုက်လျောညီထွေဖြစ်အောင် ဘာတွေလုပ်ဆောင်မလဲ၊ လူသားအားလုံးအတွက် စားနပ် ရိက္ခာထောက်ပံ့မှုက ဘယ်လိုမျိုးဖြစ်လာမလဲ၊ စိုက်ပျိုးရေး အခြေအနေဟာ အနာဂတ်မှာ ဘယ်လို ဘယ်ပုံ ဖြစ်လာမလဲ စတဲ့ လူသားတွေရဲ့ အနာဂါတ် မျှော်လင့်ချက်တွေဟာ စိုက်ပျိုးရေး လုပ်ငန်းတွေ အပေါ် အများကြီးမူတည်နေပါတယ်။