ခရမ်းချဉ်သီး စိုက်ပျိုးခြင်းဆိုင်ရာ အချက်အလက်များ

နိဒါန်း။ ခရမ်းချဉ်ဟာ ကျန်းမာရေး အထောက်အကူပြု သီးနှံတစ်ခုဖြစ်ပြီး ကမ္ဘာပေါ်မှာ ဒုတိယ အများဆုံးစိုက်ပျိုးပြီး ကမ္ဘာ့နိုင်ငံတွေအားလုံးမှာ ဟင်းလျာများအတွက် အမှန်တကယ်  လိုအပ်တဲ့ စားဖိုဆောင်သီးနှံတစ်ခုအဖြစ် ကျော်ကြားလာခဲ့ပါတယ်။ စစ်ကိုင်းတိုင်းမှာ အများဆုံး စိုက်ပျိုးကြပြီး မကွေးတိုင်း၊ မန္တလေးတိုင်းနဲ့ ရှမ်းပြည်နယ်တွေမှာလည်း စိုက်ပျိုး ပါတယ်။ သမနွေးပိုင်းရာသီဥတုရှိတဲ့ ရှမ်းပြည်နယ်မှာ တစ်နှစ်ပတ်လုံး စိုက်ပျိုးနိုင်ပါတယ်။ 

ရာသီဥတု။ နွေးသောရာသီဥတုကို ကြိုက်နှစ်သက်ပါတယ်။ ပူလွန်းခြင်း၊ အေးလွန်းခြင်း စတဲ့ လွန်ကဲ တဲ့ ရာသီဥတု အခြေအနေမျိုးမှာ အပင်ကို သေစေနိုင်ပါတယ်။ သင့်တော်တဲ့ အပူချိန်က ၂၀-၂၄ ဒီဂရီ စင်တီဂရိတ် ဖြစ်ပြီး ပျမ်းမျှအပူချိန် ၁၆ ဒီဂရီစင်တီဂရိတ်အောက်နည်းရင် (သို့) ၂၇ ဒီဂရီထက်များရင် မကောင်းပါ။ အနီရောင်ကို ဖြစ်စေတဲ့ လိုင်ကိုပင်းဓါတ်က ၂၁ – ၂၄ ဒီဂရီ စင်တီဂရိတ်မှာ အမြင့်ဆုံးဖြစ်ပြီး ထိုရောင်ချယ်ဆဲလ်များ ထုတ်ပေးမှုသည် အပူချိန် ၂၇ ဒီဂရီ စင်တီဂရိတ် ကျော်ရင် လျင်မြန်စွာ လျော့ချသွားနိုင်ပါတယ်။ 

မြေအမျိုးအစား။ မြေအမျိုးအစား အမျိုးမျိုးမှာ စိုက်ပျိုးနိုင်ပေမယ့် အသင့်တော်ဆုံးက နုန်းမြေ ဖြစ် ပါတယ်။ မြေချဉ်ငံဓာတ် ၆-၆.၅ မှာ အကောင်းဆုံး ဖြစ်ထွန်းနိုင်ပါတယ်။ ရေဝပ်တဲ့ မြေကို ရှောင်ကျဉ်ရပါမယ်။ ရေစီးရေလာကောင်းပြီး ရေထိန်းထားနိုင်မှု ကောင်းတဲ့ သဘာဝ မြေသြဇာ ထက်သန်တဲ့မြေက ခရမ်းချဉ်အတွက် စံပြဖြစ်ပါတယ်။ သက်လျင်မျိုးများအတွက် မြေသြဇာထက် သန်တဲ့ မြေများမှာ ပိုကောင်းပါတယ်။ ခရမ်းချဉ်က မြေချဉ်ငံဓါတ် ၆ မှာ ကောင်းစွာ ဖြစ်ထွန်း ပါတယ်။ မြေချဉ်ငံဓါတ် ၅.၅ ခန့်ရှိတဲ့ အက်ဆစ်ဆန်တဲ့ မြေချဉ်များကို အတော်အသင့် ခံနိုင်ရည်ရှိပါတယ်။

မျိုးရွေးချယ်ခြင်း။ ဈေးကွက်လိုအပ်ချက်၊ ဒေသ ရေ၊ မြေ၊ ရာသီဥတုနှင့်ကိုက်ညီမှု၊ ပိုးမွှားရောဂါ ကင်းစင်တဲ့ အရည်အသွေးကောင်းမျိုး၊ စားသုံးသူကြိုက်ပြီး စိုက်ပျိုးသူအတွက်လည်း အဆင်ပြေနိုင်တဲ့မျိုး စတဲ့အချက်များကို အခြေခံ စဉ်စား ရွေးချယ်စိုက်ပျိုးသင့်ပါတယ်။ တစ်ဧကမှာ မျိုးစေ့ ၄၀-၅၀ ဂရမ်၊ အပင် ၈၀၀၀-၁၀၀၀၀ ထိ ဝင်ဆန့်အောင် စိုက်ပျိုးသင့် ပါတယ်။

ပျိုးထောင်ခြင်း။ ပျိုးဘောင် (သို့) ပျိုးအိတ်နဲ့ပျိုးထောင်ခြင်းတို့ဖြင့် ဆောင်ရွက်နိုင်ပါတယ်။ သဲ၊ နွား ချေးဆွေး၊ စက်ဖွဲပြာ ဆတူရောစပ်ထားတဲ့မြေကို အိုးတစ်ခုမှာထည့်ပြီး ၁၀ မိနစ်ခန့် အပူပေး ပါ။ အပူပေးတဲ့အခါ ခြောက်သွေ့ မသွားအောင် ရေ နည်းနည်း ထည့်ပေးရပါမယ်။ (သို့) ပလပ်စတစ်အိတ် အနက်ထဲမှာ စပ်မြေထည့်ပြီးတော့ နေရောင် အောက်မှာ နေ့ဝက်လောက် ထားပေးရပါမယ်။ စပ်မြေ အေးသွားရင် ပျိုးအိတ်/ပျိုးဘောင် လုပ်လို့ရပါပြီ။ ပူပြင်းတဲ့ရာသီ နဲ့ မိုးရာသီမှာ ပျိုးဘောင်ကို အမိုးပြုလုပ်ပေးရန် လိုအပ်ပါတယ်။ မြေတွင်းအောင်းပိုးမွှား တွေရန်က ကာကွယ်နိုင်ဖို့ ပျိုးဘောင်ကို ဖျူရာဒန်ဆေးဖြူးပေးခြင်း၊ ပုရွက်ဆိတ်ရန်က ကင်းစေဖို့ မျိုးစေ့ကို စီဗင်ဆေးမှုန့်လူးနယ်ခြင်းတို့ကို ပြုလုပ်ပေးသင့်ပါတယ်။ 

စိုက်ပျိုးနည်းစနစ်။ စိုက်ပျိုးမည့်နေရာမှာ အရင်စိုက်ပျိုးပြီး ရောဂါကျသီးနှံပင်အကြွင်း အကျန်တွေ ကို မီးရှို့ဖျက်ဆီးပစ်သင့်ပါတယ်။ မြေကို ထယ်ရေးနက်နက် နဲ့ ညက်ညက်ထွန်ပြီး ရေသွင်း ရေထုတ်မြောင်းတွေ စနစ်တကျဖော်ပြီး ဆောင်ရွက်ရပါမယ်။ ရွှေ့ပြောင်းစိုက်ပျိုးချိန်မှာ စိုက်ခင်းမှာ အစိုဓာတ်မပြတ်စေဖို့ အထူးဂရုပြုသင့်ပါတယ်။ မြေတွင်းအစိုဓာတ် နည်းသွား ရင် အပွင့်အသီးတွေ ကြွေကျတတ်လို့ ရေသွင်းပေးသင့်ပေမယ့် ရေများပြီး ရေဝပ်ရင် အပင် သေနိုင်တာကို ဂရုပြုသင့်ပါတယ်။ 

ရွှေ့စိုက်ပြီး ၂၀ ရက်သားမှာ ပေါင်းလိုက်ခြင်း၊ စိုက်ပြီး တစ်လသားမှာ ယူရီးယား အိတ်ဝက်ထည့်ပြီး မြေတောင်မြှောက်ခြင်း ဆောင်ရွက်ပါ။ ယင်းအချိန်မှာ စိုက်ပျိုးတဲ့ မျိုး အပေါ်မူတည်ပြီး တိုင်ထောင်မျိုးဆိုရင် လိုအပ်တဲ့ အတက်ဖဲ့ ပေးခြင်း၊ တိုင်ထောင်တန်းပစ် ကြိုးချည်ပေးခြင်းများ ပြုလုပ်ပေးသင့်ပါတယ်။ ၃ ပတ်သား မှာ အမြင့်ပေ ၁-၂ အထိတက် လာပြီး ဘေးညွန့်တွေထွက်လာပါတယ်။ ခရမ်းချဉ်ပင်ရဲ့ ဘေးတက်တွေက ပင်မအညွန့် ထက် ပိုပြီးသန်မာတတ်လို့ ဘေးတက်တွေကို ဖဲ့ပေးရပြီး ပင်မအညွန့်ကို ကြိုးနဲ့ အလိုက်သင့် ရစ်ပေးရပါမယ်။ ဤနည်းလမ်းကို တစ်ရာသီလုံး ပြုလုပ်ပေး သင့်ပါတယ်။  

ခရမ်းချဉ် အတက်ဖဲ့နည်းကတော့ ပထမဆုံး ထွက်လာတဲ့ ပန်းခိုင်အောက်ရှိ အရွက် ကြားမှထွက်ပြူလာတဲ့ ဘေးတက်ကို သီးကိုင်းအဖြစ် မွေးမြူချန်လှပ်ပြီးတော့ ကျန် အောက် ဘက်ရှိ ဘေးတက်များအားလုံးကို ဖဲ့ခြွေရန်လိုအပ်ပါတယ်။ ဘေးတက်ဖဲ့ရာမှာ လက်အိတ်၊ ကတ်ကြေး စတာတွေကို သန့်ရှင်းစွာ ပြင်ဆင်ထားရပါမယ်။ စနစ်တကျ ဘေးတက်ဖဲ့ ပုံသွင်း ပြုစုခြင်းဖြင့် အပင်များ လေဝင်လေထွက်မှန်ပြီး ပိုး၊ ရောဂါကျရောက်မှု အခွင့်အလမ်း နည်းပါးစေပါတယ်။ 

နွားချေးဆွေး၊ တီစူပါနဲ့ ပိုတက်ရှ် တစ်ဝက်တို့ကို မြေပြုပြင်ချိန်မှာ ထည့်သွင်းပြီး ကျန်မြေဩဇာတွေကို အပင်လှန်ချိန်၊ ပန်းစတင်ပွင့်ချိန်၊ ပထမပန်းခိုင် အသီးတင်ချိန်၊ ပထမ အကြိမ် အသီးခူးချိန်နဲ့ ဒုတိယအကြိမ် အသီးခူးချိန်တွေမှာ ထပ်မံ ထည့်သွင်း သင့်ပါတယ်။

ခူးဆွတ်ခြင်း။ ခရမ်းချဉ်သီးကို ၈၀% မှည့်ချိန်မှာ ဆွတ်ခူးနိုင်ပါတယ်။ အစိမ်းရောင်မှ အစိမ်းဖျော့၊ ထိုမှတစ်ဆင့် အဖြူရောင်များလာချိန်မှာ ခူးဆွတ်ရင် အဝေးဈေးကွက်ကို တင်ပို့နိုင်ပြီး လမ်းခရီးမှာ အပျက်အဆီး အဆုံးအရှုံး သက်သာနိုင်ပါတယ်။ ဆွတ်ခူးရာမှာ လက်အိတ်ကို အသုံးပြုသင့်ပါတယ်။သိုလှောင်ခြင်း။ ရိတ်သိမ်းပြီး ခရမ်းချဉ်သီးများကို မြေကြီး (သို့) ကိုင်တွယ်ထုပ်ပိုးသည့် ကြမ်းပြင် (သို့) သိုလှောင်သည့်နေရာကြမ်းခင်းနဲ့ တိုက်ရိုက်ထိတွေ့ခြင်းမရှိအောင် သန့်ရှင်းတဲ့ အခင်း/ ခုံများပေါ် ထားရှိရပါမယ်။ လူအများစုက ခရမ်းချဉ်သီးများကို ရေခဲသေတ္တာထဲမှာ သိုလှောင် ခြင်းက သင့်တော်သည့်နည်းဟု ယုံကြည်နေကြပါတယ်။ သို့သော် ဤနည်းသည် ခရမ်းချဉ်၏ အနံ့အရသာ နဲ့ မူလအရည်အသွေးများကို အမှန်တကယ် ပျက်ဆီးစေနိုင်ပါတယ်။