ဂျုံ စိုက်ပျိုးခြင်းဆိုင်ရာ အချက်အလက်များ

ရာသီဥတု။ အေးမြစွတ်စိုတဲ့ ရာသီဥတုကို နှစ်သက်ပါတယ်။ သမပိုင်းမြက်ခင်းလွင်ပြင်ဒေသ၊  မိုးရေ ချိန် ၁၀-၃၀ လက်မထိ ရွာတဲ့ဒေသတွေမှာ ကောင်းစွာဖြစ်ထွန်းပြီး အပူပိုင်းဒေသတွေမှာ မိုး ရေချိန် ၂၅ လက်မခန့်လိုအပ်ပါတယ်။ ဒါကြောင့် စစ်ကိုင်းတိုင်းမှာ အောက်တိုဘာ ၁၅ ရက်မှ နိုဝင်ဘာ ၁၅ ရက်အတွင်း စိုက်ပျိုးကြပြီး မိုးရာသီမှာ မိုးရေချိန်နည်းတဲ့ စက်တင်ဘာ ၁၅ ရက်မှစပြီး စိုက်ပျိုးကြပါတယ်။ အနည်းဆုံး အပူချိန် ၇ ဒီဂရီစင်တီဂရိတ် ဖြစ်ပြီး ၂၅ ဒီဂရီ စင်တီဂရိတ်က အသင့်တော်ဆုံး ဖြစ်ပါတယ်။ နှင်းခါးရိုက်ရင် ပန်းပွင့်တွေ ထိခိုက်တတ်လို့ ဒီဇင်ဘာလ တတိယပတ် နဲ့ ပန်းပွင့်ချိန်လွတ်အောင် ချိန် စိုက်ပျိုးသင့်ပါတယ်။

မြေအမျိုးအစား။ သဲမြေနဲ့ ကျောက်စရစ်မြေမှလွဲပြီး မည်သည့်မြေမျိုးမဆို စိုက်ပျိုးနိုင်ပေမယ့် နုန်းမြေစေးက အကောင်းဆုံးဖြစ်ပါတယ်။ မြေသားထုအထူ ၃ ပေခန့်ရှိသင့်ပြီး ရေဝပ်ခြင်းကို မနှစ်သက်ပါ။ မြေချဉ်ငံ ၅.၂-၈.၅ အတွင်းစိုက်ပျိုးနိုင်ပြီးအကောင်းဆုံးက ၆-၈.၂ ဖြစ်ပါတယ်။ 

စိုက်ပျိုးနည်းစနစ်။ မေလမှာရွာတဲ့ မိုးအခြေအနေကိုမူတည်ပြီး ထယ်တစ်စပ်ထိုးကာ မြေပြုပြင် ထားပြီး သြဂုတ်လမှာ တစ်ကြိမ်နဲ့ အောက်တိုဘာလရောက်သည်အထိ မြေအနေအထား အရ ထွန် ၂-၃ စပ်အထိ ဝင်ပေးရပါမယ်။ မိုးသီးနှံ နဲ့ မိုးမြေပဲ၊ နှမ်း၊ အစေ့ထုတ်ပြောင်း၊ လယ်စပါးများ ရိတ်သိမ်းပြီးပြီးခြင်း စက်ထယ်နဲ့ ၉-၁၀ လက်မ အနက်ရအောင် တစ်စပ် (သို့) နွားထယ်ဖြင့် ၂-၃ စပ်အထိထွန်ပြီး ကြမ်းတုံးရိုက်ပြီး မြေမှုန့်ညက်သည်အထိ ထွန်ပေး ရပါမယ်။ ထယ်မထိုးမီ နှမ်း၊ ပြောင်း၊ မြေပဲ စတဲ့အရိုးအရွက်များကို ဦးစွာချပြီးမှ ထယ် ထိုးရင် အစိုဓာတ် ထိန်းထားနိုင်ပြီး မျိုးပေါက်နှုန်းကောင်းကာ ဂျုံအထွက် တိုးစေပါတယ်။ 

ထွန်ရေးညက်တဲ့အခါ ၁၂ လက်မအကွာ ထွန်ကြောင်းဆွဲပြီး ၁ ဧကကို ဂျုံမျိုးစေ့ ၁ တင်း နှင့် ၁ ပြည် နှုန်းကို လက်နဲ့ ညီညီညာညာ ဖြူးချပေးပြီး ကြမ်းတုံးနဲ့ ဖိပေးရပါမယ်။ ၈ လက်မအကွာ ထွန်သွားများတပ်ထားတဲ့ မျိုးစေ့ကိရိယာနဲ့ချပေးရင် ၁ ဧက ဂျုံမျိုးစေ့ ၁၁/၂၂ တင်းအထိ ကုန်ကျနိုင်ပါတယ်။ သဘာဝမြေဩဇာ၊ နွားချေး၊ ဓာတ်မြေဩဇာတို့ကို ရောစပ် အသုံးပြုနိုင်ပါတယ်။ 

နေရာဒေသလိုက်ပြီးတော့ စိုက်ပျိုးနည်း အမျိုးမျိုးရှိကြလို့ မိမိဒေသနဲ့ကိုက်တဲ့ နည်း များကိုသာ အသုံးပြုသင့်ပါတယ်။ ရေသွင်းဂျုံကို လယ်စပါးအပြီး မြေအောက်ရေ၊ လယ်တွင်း တူးရေ ရရှိနိုင်တဲ့ဒေသတွေမှာ နိုဝင်ဘာလ မှ ဒီဇင်ဘာလအတွင်း စိုက်ပျိုးကြပါတယ်။ စိုက်ပျိုးပြီး ၂၁/၄၅/၆၅/၈၄ ရက်အကြာမှာ မြေအစိုဓာတ်အခြေအနေ ကြည့်ပြီး ရေသွင်း စိုက်ပျိုးနိုင်ပါတယ်။ အပူပိုင်းဇုန်မှာ ဆောင်းသီးနှံအဖြစ် ဂျုံသီးနှံကို စိုက်ပျိုးကြပါတယ်။ 

အပင်ပေါက်ပြီး ၂၅-၃၀ ရက်မှာ ပေါင်းမြက်တွေ ရှင်းပေးသင့်ပြီး မက်ဆီပက် ပေါင်းပင်မှာ အဆိုးဆုံးဖြစ်လို့ လက်ပေါင်းလိုက်ခြင်း၊ ပေါင်းသတ်ဆေးနဲ့ နှိမ်နင်းခြင်း ပြုလုပ် ပေးရပါမယ်။ နနွင်းရောဂါနဲ့ ဂျုံလောင်မီးရောဂါတို့ အဖြစ်များပြီး ဖြုတ်စိမ်း၊ ငမြှောင်တောင် နဲ့ ခြများမှာ ဖျက်ဆီးတတ်သော ပိုးမွှားများ ဖြစ်ကြပါတယ်။

ရိတ်သိမ်းခြင်း။ အောက်တိုဘာလမှာ ဂျုံစိုက်ပြီး ဖေဖော်ဝါရီလ၊ မတ်လမှာ ဂျုံသီးနှံ တစ်ပင်လုံးဝါပြီး ခြောက်သွေ့လာပါတယ်။ ဂျုံစေ့တွေ အရောင်ပြောင်လက်ပြီး ဂျုံစေ့မာလာတဲ့ အချိန်က ဂျုံ သီးနှံ ရင့်မှည့်ချိန်ဖြစ်ပါတယ်။ တံစဉ် (သို့) စက်နဲ့ရိတ်သိမ်းနိုင်ပြီး ခြွေစက်နဲ့ ခြွေနိုင်ပါ တယ်။ သီးနှံအစိုဓာတ် ၁၄ % ထက်မများအောင် နေလှန်းပြီး ဂျုံတစ်တင်းကို ထုံး ၁ ပြည်နှုန်း ထည့် ပြီးသိုလှောင်ရပါမယ်။ ဒါမှ နောက်နှစ်ဂျုံရာသီအတွက် မျိုးသိုလှောင်ထားနိုင်မှာဖြစ်ပါတယ်။