Resilience

“Building Resilience during Covid-19 Pandemic – ကိုဗစ်-၁၉ကာလအတွင်းမှာ ကြံ့ကြံ့ခိုင် ရှင်သန်နိုင်မှုစွမ်းရည် မြင့်မားအောင် ဖန်တီးတည်ဆောက်ခြင်း” 

(Disclaimer: ဤဆောင်းပါးကို အကိုးအကားတစ်ခုအနေဖြင့် Brilliant Myanmar Business Learning Hub ၏ ဖေ့စ်ဘွတ်စာမျက်နှာမှ ကူးယူဖော်ပြထားခြင်း ဖြစ်ပြီး ဤဆောင်းပါး၏ ဉာဏမူပိုင်ခွင့်သည် မူရင်းရေးသားသူ၏ မူပိုင်ခွင့် ဖြစ်ပါသည်။)

မင်္ဂလာပါ စာဖတ်သူတို့ရေ…. ကျွန်မ ဒီတစ်ပတ်အတွက် ရေးသားတင်ပြပေးမယ့် အကြောင်းအရာကတော့ “Building Resilience during Covid-19 Pandemic” လို့ဆိုတဲ့ “ကိုဗစ်-၁၉ကာလအတွင်းမှာ ကြံ့ကြံ့ခိုင်ရှင်သန်နိုင်မှုစွမ်းရည် မြင့်မားအောင် ဖန်တီးတည်ဆောက်ခြင်း” ဆိုင်ရာ ဆောင်းပါးလေးဖြစ်ပါတယ်။ ဒီခေါင်းစဥ်လေးကို ရွေးချယ်ဖြစ်တဲ့ အကြောင်းအရင်းကတော့  မုန်တိုင်းကြားမှာရှင်သန်နေရတဲ့ အခုလိုမျိုး အချိန်ကာလအတွင်းမှာ ကျွန်မတို့တစ်တွေအားလုံးဟာ “Resilience” ကောင်းဖို့သိပ်ကိုလိုအပ်ပါတယ်။ ဒါဆိုရင် စာဖတ်သူတွေ အနေနဲ့ “Resilience” ဆိုတာဘာလဲ…ဘယ်လိုကောင်းမွန်အောင်တည်ဆောက်ကြမလဲဆိုတာ သိချင်နေကြပြီ ထင်ပါတယ်။ ကျွန်မအနေနဲ့ “Resilience” ကို အနက် ဖွင့်ရမယ်ဆိုရင် “အခက်အခဲအကျပ်အတည်းတွေ၊ အနှောင့်အယှက် အတိုက်အခံတွေ ပျက်စီးဆုံးရှုံးမှုတွေကြားထဲက ပြန်လည်ရုန်းထနိုင်တဲ့ စွမ်းရည်သတ္တိ” လို့ဆိုချင်ပါတယ်။

အမှန်တကယ်တော့ လူတစ်ဦးနဲ့တစ်ဦး ဒူပေနာပေခံနိုင်ပုံခြင်း၊ ပြန်လည်ရုန်းထနိုင်ပုံချင်း မတူညီကြပါဘူး။ စိတ်ပညာရှု့ထောင့်က ကြည့်မယ်ဆိုရင် (flexible adaptation) လို့ဆိုတဲ့ အလိုက်သင့်အလျားသင့် လိုက်လျောညီထွေမှုရှိစွာ နေထိုင်တက်ပြီး အကောင်းမြင်တဲ့စိတ်ဓာတ် (optimism) ရှိတဲ့သူတွေဟာ သာမန်လူတွေထက် ( resilience) ပိုကောင်းကြပါတယ်။ သူတို့တစ်တွေဟာ ပြောင်းလဲပြင်လွယ် ရေလိုကျင့်လွယ်တဲ့ (behavioral elasticity)လို့ဆိုတဲ့ ကိုယ်ရေးကိုယ်သွေမျိုးကို ပိုင်ဆိုင်ထားလို့ ဖြစ်ပါတယ်။

ဒါ့အပြင် မိမိရဲ့စွမ်းဆောင်ရည်နဲ့ပတ်သတ်ပြီး ယုံကြည်မှုရှိတဲ့သူတွေ (self-efficacy ) အားကောင်းတဲ့ သူတွေဟာလည်း (resilience )ကောင်းကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အဲဒီလိုပုဂ္ဂိုလ်မျိုးတွေဟာ သူတို့ရည်မှန်းထားတဲ့ အရာတွေကို ဖြစ်မြောက်အောင် ဆောင်ရွက်နိုင်ပြီးတော့ ဘ၀ရဲ့စိန်ခေါ်မှုမှန်သမျှကိုလည်း ကောင်းမွန်စွာ ရင်ဆိုင်ဖြေရှင်းနိုင်စွမ်းရှိပါတယ်။ နောက်ပြီးတော့ မိမိတို့ ပြုလုပ်ခဲ့မိတဲ့ အတိတ်ကဖြစ်ရပ်တွေ အမှားတွေအပေါ်မှာ သင်ခန်းစာယူနိုင်ပြီးတော့ ပစ္စုပ္ပန်မှာ ပြန်လည်အသုံးချပြီး လမ်းကြောင်းမှန်ပေါ်ရောက်အောင် ပြန်လည် လျှောက်လှမ်းနိုင်သူတွေဟာလည်း (resilience )အားကောင်းကြပါတယ်။ ဘာကြောင့်လဲဆိုတော့ အတိတ်ကရရှိခဲ့တဲ့ ခါးသီးတဲ့အတွေ့အကြုံတွေ(adverse experience)ဆီကနေ တစ်ဆင့် မိမိကိုယ်ကိုကောင်းအောင် ပြန်လည်တည်ဆောက်နိုင်လို့ဖြစ်ပါတယ်။

ဒီဆောင်းပါးလေးမှာတော့ ကျွန်မအနေနဲ့ (family resilience )ကောင်းအောင်ဘယ်လိုဖန်တီးတည်ဆောက်ယူမလဲဆိုတာနဲ့ပတ်သတ်ပြီး အသေးစိတ် ရေးသားဖေါ်ပြသွားမှာဖြစ်ပါတယ်။ မိသားစုတစ်စုမှာရှိတဲ့ တစ်ဦးတစ်ယောက်စီတိုင်းဟာ ဘေးဒုက္ခပြသနာတွေ ဘယ်လောက်ကြုံကြုံ  မိမိတို့ဆောင်ရွက်ရတဲ့ မိသားစုတာ၀န်တွေကို ကျေပွန်အောင် ထမ်းဆောင်နိုင်တာဟာ ( family resilience )ကောင်းလို့ပဲဖြစ်ပါတယ်။ အခု လောလောဆယ် အချိန်ကာလမှာတော့ ကမ္ဘာနှင့်တစ်ဝန်းမှာရှိတဲ့ မိသားစုတွေဟာ များပြားလှစွာသောစိန်ခေါ်မှုတွေ(myraid of challenges )နဲ့ အတောမသတ်နိုင်သော ဆုံးရှုံးမှုတွေ (pandemic-related losses )ကြောင့်မို့ စိတ်ဒဏ်ရာတွေ ကိုယ်စီရရှိကြပြီးတော့ ပြန်လည် ရုန်းထနိုင်ဖို့ ခက်ခဲကြန့်ကြာနေကြပါတယ်။ ဒါကြောင့်မို့ (family resilience orientation ) ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ ဒီလိုပြုလုပ်ပေးဖို့အတွက် ထားရှိသင့်တဲ့ စိတ်နေသဘောထားတွေကိုလည်း ထပ်မံပြီးတော့ အသေးစိပ်ရေးသားတင်ပြပေးလိုက်ပါတယ်။

1. Healthy Spirituality

(Spirituality )ဆိုတဲ့ စကားရပ်ဟာ ကျယ်ပြန့်ပြီးတော့ ရှုထောင့်အမျိုးမျိုးကနေ အဓိပ္ပါယ် ဖွင့်ဆိုလို့ရပါတယ်။ ရိုးရှင်းစွာနဲ့ အနက်ဖွင့်ရမယ်ဆိုရင်တော့ မိမိတို့ရဲ့စိတ်ဝိညာဉ်မှာကိန်းအောင်းနေတဲ့ မေတ္တာဂရုဏာတရား ကြီးမားတဲ့ စစ်မှန်တဲ့စိတ်သဘောထား (truly compassionate attitude) ကိုဆိုလိုချင်တာဖြစ်ပါတယ်။ ဒီစိတ်နေသဘောထားကပဲ  ကျွန်မတို့ကိုလူသားဆန်စေပြီးတော့ ဘ၀မှာ ရှင်သန်ရပ်တည်ဖို့ (resilience)ကောင်းဖို့ အတွက် လိုအပ်တဲ့ စိတ်စွမ်းအားကို မြှင့်တင်ပေးပါတယ်။ 

” Tenzin Gyatso, 14th Dali Lama ”  ကဖွင့်ဆိုတဲ့ ( spirituality )ဆိုတာကတော့ ချစ်ခြင်း မေတ္တာတရားတွေ… ခွင့်လွှတ်သည်းခံနားလည်မှုတွေ…တင်းတိမ်ရောင့်ရဲမှုတွေနဲ့ လွှမ်းခြုံထားရုံမျှမက လူပီသစွာ နေထိုင်တတ်ဖို့လိုအပ်တဲ့ တာ၀န်ခံမှုတာ၀န်ယူမှုတွေ… စာနာရိုင်းပင်းတတ်မှုတွေနဲ့အတူ ဘ၀မှာ လူအများနဲ့သဟဇာတဖြစ်ပြီး လိုက်လျောညီထွေမှုရှိစွာ နေထိုင်တတ်ဖို့ကိုပါညွှန်းဆိုထားပါတယ်။ဒီသဘောတရားကဘဲ အဆင်မပြေတဲ့ကာလမှာ ခက်ခဲစွာရုန်းကန်နေရတဲ့ မိသားစုဝင်တွေကြားမှာ အမှားရှိခဲ့ရင်လည်း နားလည်ခွင့်လွှတ်ပေးဖို့ အားပေးကူညီဖို့ လမ်းညွှန်ပေးပါတယ်။

ဒါ့အပြင် (spirituality)ဟာ ယုံကြည်သက်၀င်မှု ( faith)ကိုလည်း ဖြစ်ပေါ်စေပါတယ်။ သည့်ထက်ပိုပြီးပြောရမယ်ဆိုရင်တော့ (spirituality )အားကောင်းတဲ့သူတွေဟာ မိမိတို့ရဲ့ကိုယ်ပိုင်ယုံကြည်ချက်(personal belief)တွေအပေါ်မှာ ယုံကြည်မှုအပြည့် ရှိပါတယ်။ဥပမာအနေနဲ့ ပြောရမယ်ဆိုရင် “စိတ်ထားကောင်းရင် ကံကောင်းမယ်၊ တူသောအကျိုးပေးလိမ့်မယ်လို့” ယုံကြည်လက်ခံထားသူတွေဟာ ကိုယ်ချင်းစာတရားရှိပြီး  သူတို့ကိုဆက်ဆံပေးချင်တဲ့ပုံစံအတိုင်း အများကိုလဲ အမြဲသက်သက်ညှာညှာ ကောင်းကောင်းမွန်မွန် ဆက်ဆံပေးလေ့ရှိပါတယ်။ နောက်ပြီးတော့ အတ္တဟိတထက် ပရဟိတဆိုတဲ့အများအကျိုး သယ်ပိုးထမ်းဆောင်ဖို့အတွက် စိတ်အားထက်သန်နေတဲ့သူတွေ ဖြစ်ကြပါတယ်။

(Time of great tragety) လို့ဆိုတဲ့ အခုလိုမျိုး ၀မ်းနည်းကြေကွဲစရာ ကောင်းတဲ့အချိန်ကာလဟာ လူတွေရဲ့စိတ်ဝိညာဉ်မှာ ကိန်းအောင်းနေတဲ့ အကောင်းဆုံးသောအရာဖြစ်တဲ့ လူသားဆန်မှုကို ဖေါ်ထုတ်ပေးနေပါတယ်။ အခုဆိုရင် ကမ္ဘာတစ်ဝန်းလုံးမှာရှိတဲ့ ကျန်းမာရေး၀န်ထမ်းတွေ၊ စေတနာရှင်ပရဟိတသမားတွေဟာ မိမိတို့ရဲ့အသက်ကို ပဓါနမထားဘဲ ဒီကပ်ရောဂါဆိုးကြီးကို ကျော်လွှားနိုင်ဖို့အတွက် ကြိုးစားလုပ်ဆောင်နေကြပါတယ်။ ဒါတင်မကသေးပါဘူး။ ငွေကြေးတတ်နိုင်သူတွေကလည်း  လိုအပ်တဲ့အရာတွေကို ကူညီဖြည့်ဆည်းပေးနေသလို တာ၀န်သိတဲ့ ပြည်သူတွေကလည်း ထုတ်ပြန်ထားတဲ့ စည်းကမ်းတွေကို စောင့်ထိန်းလိုက်နာကြပါတယ်။ Covid-19ကာလမှာ ကျွန်မတို့တစ်တွေအားလုံးဟာ သာမာန်လူသားပင် ဖြစ်လင့်ကစား အံ့မခန်းတဲ့ စွမ်းရည်သတ္တိ၊တွေ ကရုဏာမေတ္တာတရားတွေနဲ့ ပေးကမ်းစွန့်ကြဲမှုတွေကို ပြသနေကြပါတယ်။ ဒါဟာကျွန်မတို့လူသားတွေ အမြန်ဆုံးပြန်လည်ရုန်းထဖို့နဲ့ ဘ၀သစ်ကို ပြန်လည်တည်ဆောက်ဖို့အတွက် မရှိမဖြစ်အရေးပါတဲ့အရာဖြစ်ပါတယ်။

2. Positive hopeful outlook

ကျွန်မတို့တစ်တွေအားလုံးဟာ ပုံမှန်မဟုတ်တဲ့ အချိန်မှာ ပုံမှန်ဖြစ်အောင် ကြိုးစားရပ်တည်နေကြရတာဖြစ်လို့ အပြုသဘောဆောင်တဲ့ စိတ်သဘောထားအမြင်ထားရှိဖို့ အရမ်းကိုလိုအပ်ပါတယ်။ ဒါပေမယ့်လည်း ကျွန်မတို့လူတော်တော်များများဟာ  Covid-19 မတိုင်ခင်ကာလတွေက ရွှေထီးဆောင်းခဲ့ပြီး သာယာပျော်ရွှင်ခဲ့တဲ့အတိတ်က နေ့ရက်တွေကို တမ်းတလွမ်းဆွတ်ရင်း ကြေကွဲ၀မ်းနည်းနေကြပါတယ်။ ဒီလိုအချိန်အခါမျိုးမှာ မိသားစု၀င်တွေအားလုံးရဲ့ တစ်ဦးနဲ့ တစ်ဦး အပြန်အလှန်ဖေးမကူညီမှုတွေ နှစ်သိမ့်အားပေးမှုတွေကသာလျှင် အပြုသဘောဆောင်တဲ့ စိတ်ဓါတ်နဲ့ ဒီ၀မ်းနည်းကြေကွဲမှုတွေကနေ ရုန်းထွက်ဖို့ တွန်းအားဖြစ်စေပါတယ်။ 

နောက်ပြီးတော့ ကျွန်မတို့တစ်တွေဟာ စိတ်ပျက်အားငယ်ပြီး အကူအညီကင်းမဲ့တဲ့ စိတ်ခံစားချက်မျိုး မခံစားမိစေဖို့အတွက် မိမိကိုယ်ကို ယုံကြည်မှုရှိအောင် ပြန်လည်တည်ဆောက်ဖို့လိုအပ်ပါတယ်။ ဒီနေရာမှာ ငါလုပ်ရင် ဖြစ်နိုင်တယ်ဆိုတဲ့စိတ် (can-do spirit )ကိုမွေးဖွားဖို့လိုအပ်ပါတယ်။ ဒါမှသာ နောက်ထပ်အခြေနေဆိုးတွေကြုံတွေ့လာရင်တောင် ပြိုလဲမကျသွားအောင် မိမိကိုယ်ကို ကာကွယ်နိုင်မှာ ဖြစ်ပါတယ်။ နောက်ပြီးတော့ မရေရာမသေချာ မှုတွေပြည့်နှက်နေတဲ့ အခုလိုအချိန်အခါမျိုးမှာ မျှော်လင့်ချက်ထားရတယ်ဆိုတာ နည်းနည်းတော့ အောင့်သက်သက်နိုင်လှပေမယ့် ကျွန်မတို့အနေနဲ့ ယုတ္တိကျတဲ့မျှော်လင့်ချက် ( reasonable hope )မျိုးကိုထားရှိဖို့သိပ်ကိုလိုအပ်ပါတယ်။ ဘာကြောင့်လဲဆိုတော့ အဓိပ္ပါယ်ရှိတဲ့ မျှော်လင့်ချက်တွေကသာလျှင် ဘ၀သစ်ကိုပြန်လည်မွေးဖွားဖို့ ခွန်အားဖြစ်စေလို့ဖြစ်ပါတယ်။

3. Religions

ဘာသာရေးဆိုင်ရာ အဆုံးအမတွေ၊ သက်၀င်ယုံကြည်မှုတွေ (religious teachings & belief )ဟာလည်း အခုလိုမျိုး၀မ်းနည်းကြေကွဲမှုတွေ ဆုံးရှုံးမှုတွေကို ရင်ဆိုင်ခံစားနေရတဲ့ အချိန်ကာလမှာ ကျွန်မတို့အတွက် အားထားစရာဖြစ်ပြီးတော့ မိမိတို့ရဲ့စိတ်ကို တည်ငြိမ်အေးချမ်းအောင် ပြန်လည်တည်ဆောက်ဖို့အတွက် အထောက်အကူပြုပါတယ်။ ဒီအချက်ကလည်း ( resilience  ) ကောင်းဖို့အတွက် လိုအပ်တဲ့အရာဖြစ်ပါတယ်။ မိသားစု၀င်တိုင်းလိုလိုဟာ မိမိတို့ယုံကြည်ကိုးကွယ်ရာ ဘာသာရေးအဆုံးအမအတိုင်း ကျင့်ကြံအားထုတ် နေထိုင်တတ်မယ်ဆိုရင် တစ်ဦးကိုတစ်ဦး ပိုပြီးဖေးမကူညီပေးနိုင်မှာဖြစ်ပြီးတော့ (COVID-19 ) ကြောင့်မို့ စိတ်ဒဏ်ရာ( truma)ကြီးကြီးမားမားမရရှိအောင် ကာကွယ်ပေးနိုင်မှာ ဖြစ်ပါတယ်။

မေတ္တာဖြင့်

ဝင့်သူဇာလှိုင်
Sunday, 18 October 2020

#Covid-19 #Pandemic #psychology #Mentalhealth #healthwellness #resilience #FamilyResilience #spirituality #religion #positiveoutlook #personaldevelopment

References:
  • Brewer-Smyth, K., & Koenig, H. G. (2014). Could spirituality and religion promote stress resilience in survivors of childhood trauma? Issues in Mental Health Nursing, 35(4), 251-256. doi:10.3109/01612840.2013.873101
  • Guimarães, R. M. (2018). resilience. The Journal of Nutrition, Health & Aging, 22(10), 1146-1147. doi:10.1007/s12603-018-1093-6
  • Reece, B., & Reece, M. (2016). Effective human relations: Interpersonal and organizational applications. Cengage Learning.
  • Walsh, F. (2020). Loss and resilience in the time of COVID‐19: Meaning making, hope, and transcendence. Family Process, 59(3), 898-911. doi:10.1111/famp.12588

The Three Secrets of Resilient People, Lucy Hone, TEDxChristchurch