💠 Blended Learning ဆိုတာဘာလဲ
Blended Learning ဆိုတာ သမားရိုးကျသင်ကြားမှုစနစ်နဲ့ e-learning သင်ကြားမှုစနစ် ၂ မျိုးရဲ့ ဆုံမှတ်လို့ပြောလို့ရတယ်။ ဒါအပြင် Blended Learning ဆိုတာ သင်ကြား/သင်ယူမှုမှာ သင်ကြားမှုနည်းနစ်တွေ ပေါင်းစပ်အသုံးပြုတာဖြစ်ပြီး သမားရိုးကျသင်ကြားမှုကို အွန်လိုင်း ဒီဂျစ်တယ်မီဒီယာတွေ အသုံးချသင်ကြားပေးတာဖြစ်ပါတယ်။ ဒါကြောင့် ဒီနည်းစနစ်က သင်ယူသူတွေကို ပိုမိုဆွဲဆောင်နေပြီး သင်ယူသူတစ်ဦးချင်းစီရဲ့ သင်ယူမှု စွမ်းရည်တွေလည်း တိုးတက်စေမှာဖြစ်ပါတယ်။
💠 Blended Learning ကိုဘာကြောင့်လုပ်ရတာလဲ
သမားရိုးကျသင်ကြားမှုစနစ်မှာဆိုရင် သင်ကြားနည်းစနစ်က အတန်းတစ်ခုထဲမှာရှိတဲ့ ကျောင်းသားအားလုံးအတွက် လိုအပ်ချက်တူသည်ဖြစ်စေ မတူသည်ဖြစ်စေ၊ သင်ယူနိုင်မှု တူသည်ဖြစ်စေ မတူသည်ဖြစ်စေ သင်ကြားပုံတစ်မျိုးတည်းကိုသာ ပံ့ပိုးပေးတဲ့စနစ် ဖြစ်ပါတယ်။
သို့သော် Blended Learning မှာ ဆိုရင် သင်ယူသူတစ်ဦးချင်းစီရဲ့ လိုအပ်ချက်ပေါ် မူတည်ပြီး သင်ကြားနည်းစနစ်အမျိုးမျိုးကို ပြောင်းလဲပေးလို့ရတယ်။
အဲဒီလို သင်ယူသူတစ်ဦးချင်းစီရဲ့ လိုအပ်မှုအပေါ်မူတည်ပြီး သင်ကြားနည်းအမျိုးမျိုး ပြောင်းလို့ရအောင် နည်းပညာ၊ သင်ယူမှုအထောက်အကူပြု ပစ္စည်းများနဲ့ နည်းစနစ်တွေကို အသုံးပြုရတာဖြစ်တယ်။ ဒါကြောင့် Blended Learning မှာဆိုရင် ဆရာက ကျောင်းသားတစ်ဦးချင်း အခြေအနေကြည့်ပြီး သင်ယူမှုအရှိန်မြှင့်မလား တစ်ဆင့်မြင့် သင်ခန်းစာတွေထည့်ပေးမလား ဆုံးဖြတ်လို့ရပါတယ်။
ဒါတင်မကသေးပါဘူး Blended Learning မှာ Cloud နည်းပညာ ပေါင်းစပ် အသုံးချတဲ့အတွက် သမားရိုးကျလို ဆရာ စာသင်ချိန်မှာ ဘဲသင်ခန်းစာရတာ မဟုတ်ဘဲ အချိန်နေရာ ကန့်သတ်ချက်မရှိဘဲ သင်ယူနိုင်တာမို့ သင်ကြားရေးက ပိုထိရောက်လာ ပါတယ်။
သင်ယူသူဖက်ကကြည့်ရင်လည်း နည်းပညာအကူအညီနဲ့ သင်ယူသူတစ်ဦးချင်းက ကိုယ်ပိုင်အရှိန်အဟုန်နဲ့လေ့လာနိုင်တာမို့ အလိုမကျတာတွေ စိတ်ဖိစီးမှုဖြစ်တာတွေ မရှိသလောက်နည်းမှာဖြစ်ပြီး သင်ခန်းစာနဲ့ပတ်သက်တဲ့ အချက်အလက် အသစ်ရှာဖွေလိုစိတ်၊ ပိုမိုသိရှိလိုစိတ်တွေ ဖြစ်တည်နေမှုကိုလည်း ထိန်းသိမ်းပေးနိုင်မှာ ဖြစ်ပါတယ်။
ဆရာဖက်ကကြည့်ရင်လည်း ကျောင်းသားတိုင်းက မိမိကိုယ်ပိုင် အရှိန်အဟုန်နဲ့ လေ့လာနေလို့ ကျောင်းသားတစ်ဦးချင်းစီရဲ့ ကတိကဝတ် ပိုမိုရရှိစေသလို၊ ပိုကောင်းတဲ့တုန့်ပြန်မှုတွေ နဲ့ သင်ခန်းစာကို နက်နက်နဲနဲ လေ့လာလိုမှုတွေ ရရှိစေမှာဖြစ်ပါတယ်။
💠 Blended Learning လုပ်တဲ့ပုံစံတွေကဘာတွေလဲ
Blended Learning ရဲ့အားသာချက်က modular structure (အစိတ်အပိုင်းများကို လိုသလိုချိတ်ဆက်ခြင်း) ဖြစ်လို့ မိမိကို ပေးတဲ့ အခြေအနေ၊ နည်းပညာလက်လှမ်းမှီမှု၊ အရင်းအမြစ်ကြွယ်ဝမှုပေါ်မူတည်ပြီး လိုသလို Design လုပ်နိုင်ပါတယ်။ Blended Learning လို့ပြောရင် ယေဘူယျအားဖြင့် အွန်လိုင်း အော့ဖ်လိုင်းပေါင်းတာ၊ မတူညီတဲ့ သင်ကြားမှုနည်းစနစ်တွေပေါင်းသင်တာ၊ မတူညီတဲ့ သင်ကြားရေးအရင်းအမြစ်တွေပေါင်းပြီး သင်ကြားတာတွေအကျုံးဝင်ပါတယ်။ ဥပမာ အနေနဲ့ –
- အွန်လိုင်းသင်ခန်းစာ( မိမိဖန်တီးခြင်း သို့မဟုတ် တစ်ခြားအဖွဲ့အစည်းမှ ဖန်တီးထားခြင်း)နဲ့ အချိန်ဇယားမှာပါတဲ့ သင်ခန်းစာနဲ့တွဲသင်ခြင်း
- အွန်လိုင်းမှပို့ချခြင်း နှင့် self learning ကိုတွဲဖက်ခြင်း
- အွန်လိုင်းသင်ခန်းစာ ကို အခြေခံကာ မတူညီသော အဖွဲ့ငယ်များကို F2F ဆွေးနွေးစေခြင်း
- အွန်လိုင်းမှသီအိုရီသင်ကြားပြီး လက်တွေ့ကို ကျောင်းတွင်လုပ်ဆောင်စေခြင်း
- သင်ခန်းစာပိုမိုနားလည်အောင် အွန်လိုင်းမှ တစ်ခြားသင်ခန်းစာများကို အပိုလေ့လာစေခြင်း
- ဆွေးနွေးမှုနှင့်လက်တွေ့မပါသော သင်ခန်းစာများကို နည်းပညာနှင့်ပေါင်းစပ်ခြင်း
- သင်ကြားမှုတွင် နည်းပညာအသုံးချ၍သော်လည်းကောင်း သင်ယူမှုကို လှုံ့ဆော် ပေးမည့် အစီစဉ် နှင့် ဆောင်ရွက်ချက်များဖြင့် ပေါင်းစပ်ပေးခြင်း
- မတူညီသော သင်ကြားနည်းစနစ် ၂ မျိုးနှင့်အထက်ပေါင်းစပ်ပြီး သင်ကြားပေးခြင်း
- စာသင်ခန်းတွင်းသင်ကြားခြင်း နှင့် စတူဒီယို သို့မဟုတ် လက်တွေ့လုပ်ငန်းခွင့်သို့ ခေါ်ယူ သင်ကြားပေးခြင်း
- မတူညီသော သင်ခန်းစာခေါင်းစဉ်များကို အဖွဲ့ခွဲလေ့လာဆွေးနွေးစေခြင်း
Blended Learning က သင်ယူသူကို ဘယ်လိုစွမ်းဆောင်ရည်တွေတိုးတက်စေလဲ
အထက်မှာပြောခဲ့သလိုပါပဲ Blended Learning မှာ နည်းပညာတွေ၊ အထောက်အကူပြု ပစ္စည်းနဲ့ပတ်ဝန်းကျင်တို့ ပေါင်းစပ်သင်ကြားတာဖြစ်လို့ ကျောင်းသားတွေဟာ အရင်မျိုးဆက် ကျောင်းသားတွေထက် သင်ယူမှုမှာပိုမိုအဆင်ပြေပြီး သင်ယူမှုကို ပိုမိုအာရုံစိုက်နိုင်မှာဖြစ်သလို သင်ခန်းစာအပေါ် စိတ်ဝင်စားမှုလည်း ပိုမိုမြင့်တက်လာစေပါတယ်။ ဒါ့အပြင် အချက်အလက်ပြည့်စုံမှုကိုအခြေပြု၍ လေ့လာသင်ယူနိုင်ခြင်း၊ တစ်ဦးချင်း ကိုယ်ပိုင်စီမံ လေ့လာသင်ယူခွင့်တိုးလာခြင်းများကြောင့် သင်ယူသူတွေကို မိမိနဲ့ကိုက်ညီတဲ့ သင်ကြားမှုနည်းစနစ် ကိုလည်း ရွေးချယ်ခွင့်တွေ ဖန်တီးပေးမှာဖြစ်ပါတယ်။
ဒါတွေအပြင် Blended Learning က သင်ယူမှုတွင် သင်ယူသူ၏ တာဝန်ရှိမှု၊ သင်ယူမှုဆိုတာ ဒါပေးဒါယူမဟုတ်ဘဲ သင်ယူသူဟာမိမိအနာဂတ်အတွက် မိမိကိုယ်တိုင်လည်း သင်ကြားမှုကနေ အကျိုးရှိအောင်ရယူတတ်ဖို့လိုတယ်ဆိုတာတွေကို သင်ယူသူအတွက် ဖော်ထုတ်ပေးပါတယ်။ အရေးအကြီးဆုံး အားသာချက်ကတော့ သင်ယူသူရဲ့ တိုးတက်မှုကို အမြဲစောင့်ကြည့်နိုင်ပါတယ်။ အချုပ်အနေနဲ Blended Learning က သင်ယူသူရဲ့ အောက်ဖော်ပြပါ စွမ်းရည်တွေကို တိုးတက်ပြောင်းလဲစေပါတယ်-
🔹 Self learning
🔹 အချက်အလက်များရှာဖွေတတ်လာခြင်း
🔹 ဆုံးဖြတ်ချက်ချတတ်လာခြင်း
🔹 IT အသုံးချစွမ်းရည်
🔹 အာရုံစူးစိုက်မှုကောင်းမွန်လာခြင်း
🔹 စိတ်ဖိစီးမှု နှင့် အလိုမကျမှုများ လျော့နည်းစေခြင်း
အချုပ်အားဖြင့်ဆိုရသော် Blended Learning နည်းစနစ်သည် သမားရိုးကျ သင်ကြားမှုနည်းစနစ်များ၏ တင်းကြပ်မှုများကို လျော့ပါသက်သာစေရန် နှင့် သင်ယူသူ တစ်ဦးချင်းစီး၏ အလားအလာကောင်းများကို အကောင်းဆုံးပံ့ပိုးပေးနိုင်သည့် တစ်ဦးချင်း လိုအပ်ချက်အလိုက်သင်ယူသည့်နည်းစနစ် personalized learning method ကို လှုံ့ဆော်တွန်းအားပေးရန် ရည်ရွယ်ပါသည်။
Kahoot
Blended Teaching activities အနေနဲ့ သင်ကြားရေးမှာ သင်ယူသူကို မပျင်းစေရအောင် Gamification နဲ့ မေးခွန်းမေးတာတွေ လုပ်လို့ရတဲ့ Kahoot အသုံးပြုပုံကို သေချာ အသေးစိပ်ပြောပြပေးသွားမှာဖြစ်ပါတယ်။
💠 Sign Up
ပထမဆုံး အနေနဲ့ Google Browser ထဲက Search Bar မှာ “Kahoot” ဆိုပြီး ရိုက်ရှာဖို့ လိုပါမယ်။ ထို့နောက် Kahoot ရဲ့ Website ကို ပထမဆုံး ထပ်မှာ ဖြစ်ရမှာဖြစ်ပြီး ဒီ link ကို နှိပ်လိုက်ရမှာပါ။
အခုဆိုရင် Kahoot ရဲ့ ပထမဆုံး စာမျက်နာကိုတွေ့ရမှာဖြစ်ပြီး Sign Up ပြုလုပ်ဖို့ လိုပါမယ်။
Sign Up လုပ်တဲ့အခါ “I want to use Kahoot” ဆိုတဲ့ စာသားနဲ့ ရွေးချယ်စရာ လေးခုကို တွေ့ရမှာပါ။
🔸As a Teacher
🔸As a Student
🔸Socially
🔸At Work ဆိုတဲ့ လေးမျိုးကို တွေ့ရမှာဖြစ်ပြီး မိမိအသုံးပြုချင်တဲ့ Type မျိုးကို ရွေးချယ်လို့ ရပါ တယ်။ ဒါဆို ကျနော်က ဆရာဖြစ်တာကြောင့် “As a Teacher” ဆိုတာကိုရွေးလိုပ်ပါ့မယ်။
နောက်ပြီးရင်တော့ Sign Up ပြုလုပ်ဖို့ ရွေးချယ်ရမယ့် Gmail type ကိုရွေးရမှာပါ။ “Sign Up with Google, Sign Up with Microsoft နဲ့ Sign Up with Email ကို မြင်တွေ့ရမှာပါ။
အဲ့ဒီထဲက ကျနော်ကတော့ Sign Up with Goggle ဆိုတာကို ရွေးချယ် လိုက်ပါတယ်။ အခုဆိုရင်တော့ Kahoot ကို Log in လုပ်လို့ ပြီးသွားပါပြီ။ နောက်ပြီး Kahoot ကိုဖန်တီးဖို့ “Create Kahoot ကို နှိပ်လိုက်ပါ။
💠 Setting Usage of Kahoot
“Create Kahoot” ကိုနှိပ်လိုက်ရင် မတူညီတဲ့ Template များကို မြင်တွေ့ရမှာပါ။ မိမိလုပ်ချင်တဲ့ Template ပုံစံကို ရွေးချယ်ပြီး အသုံးပြုလို့ရပါတယ်။ ဒီမှာ တစ်ခု သိထားရမှာကတော့ Template ရဲ့ ညာဘက်ဒေါင့်က ကြယ်ပုံလေး ပါနေမယ်ဆိုရင်တော့ Free မဟုတ်တဲ့အတွက် ငွေပေးချေပြီးမှသာ အသုံးပြုလို့ ရပါ့မယ်။
ဒါဆိုရင်တော့ “Create” ကိုထပ်နှိပ်လိုက်ပါ့မယ်။
အခုဆိုရင် ကျနော်က Kahoot ကို ဖန်တီးဖို့ Editing စာမျက်နာထဲကို ရောက်သွားပါပြီ။
အချက်အနေနဲ့ စာမျက်နာပေါ်ရဲ့ ထိပ်ဆုံးက “Enter Tittle” မှာ မိမိ လုပ်မယ့် နာမည်ကို ပေးပါ။
နောက်ပြီး “Description” မှာ အသိပေးစာ၊ နည်းလမ်းကို ပြောပြတဲ့ စာများကို ရေးသားလို့ရပါတယ်။
Language ကိုလည်း ရွေးနိုင်ပါတယ်။ ဥပမာအနေနဲ့ English သို့မဟုတ် တခြား ဘာသာစကားတွေကို ရွေးနိုင်ပါတယ်။
Visibility မှာတော့ “Only you” နဲ့ “Everyone” ဆိုတာ ရှိပါတယ်။ Only you ဆိုတာက မိမိ တယောက်တည်း မြင်တွေ့နိုင်တာဖြစ်တဲ့အတွက် လူအများကြီး မြင်လို့းအောင် “Everyone “ ကိုရွေးချယ်ပြီး “Done” ကိုနှိပ်လိုက်ပါ့မယ်။
ဒါဆိုရင် နာမည်တပ်ပြီးတဲ့အပြင် share ဖို့အတွက် Setting ပါ တစ်ခုတည်း ချိန်ပြီးသားဖြစ်ပါတယ်။
💠 Usage for Creating Quiz
မူလစာမျက်နာကို ပြန်ရောက်သွားရင်တော့ ဘယ်ဘက် အပေါ်ထောင့်က မေးခွန်းအတွက် စာမျက်နာတွေ ယူလို့ရမယ့်နေရာကို တွေ့ရမှာပါ။
မိမိပြုလုပ်မယ့် မေးခွန်းပေါ်မူတည်ပြီ စာမျက်နာများကို ဒီနေရာမှာ ယူလို့ရပါတယ်။
Edit လုပ်ဖို့ ပထမဆုံး စာမျက်နာရဲ့ အပေါ်မှာ ကိုယ့်ရဲ့ မေးခွန်းကို ရေးချလိုက်ပါ။
အဲ့ဒီရဲ့ အောက်မှာတော့ ပုံနဲ့ video ထည့်လို့ရတဲ့နေရာပဲဖြစ်ပါတယ်။ မိမိရဲ့ device ထဲက ပုံ၊ video တွေကိုလည်း အသုံးပြုနိုင်သလို YouTube မှ ယူပြီးလည်း အသုံးပြုလို့ရပါတယ်။
ပုံထဲလို့ရမယ့် စာမျက်နာရဲ့ ဘယ်ဘက်ဘေးကတော့ မေးခွန်ဖြေဆိုဖို့ အချိန် သတ်မှတ်တာပဲ ဖြစ်ပါတယ်။ ဒါဆို ကျနော်တို့ ၂၀ စက္ကန့်ကို ရွေးလိုက်ရအောင်။
ဒါ့အပြင် အောက်က Point မှာဆိုလည်း ဖြေဆိုသူများရဲ့ ရမှတ်များကို သတ်မှတ်လို့ ရပါတယ်။
အောက်ဆုံးက အကွက်လေးကွက်မှာတော့ အဖြေမှန်နဲ့အတူ အဖြေမှားများကို ရေးရမှာပါ။
အားလုံးပြီးရင်တော့ ညာဘက်အပေါ်က Done ဆိုတဲ့ စာသားလေးက အစိမ်းရောင်ဖြစ်သွားရင် နှိပ်လို့ရပါပြီ။
💠 Preparation setting for Kahoot before play
အခုဆိုရင်တော့ My Kahoot စာမျက်နာကို ရောက်သွားပါပြီ။ ဒီမှာဆိုရင် ကျွန်တော်တို့ ဖန်တီးထားတဲ့ Kahoot ကို ပေးထားတဲ့ နာမည်နဲ့ အတူ တွေ့ရမှာပါ။
Play နဲ့ Challenge ဆိုတာထဲက Play ကိုနှိပ်လိုက်ပါ့မယ်။ ဒီမှာဆိုရင်တော့ စကားဖို့ရာအတွက် အချက်အလက်တွေကို အကျဉ်းချုပ်Setting ကိုဖော်ပြထားပါတယ်။
Game အတွက် Classic mode နဲ့ Team Mode ရှိပါတယ်။ သီချင်းသံတွေကိုလည်း ထည့်လို့ရပါသေးတယ်။
ဒါဆိုရင် Classic Mode ကိုရွေးလိုက်ရအောင်။ အခုဆိုရင်တော့ နံပါတ်တွေနဲ့ pin code ကျလာတာဖြစ်ပြီး ကစားသူတွေဝင်ရောက်တဲ့အခါ ဒီ code ကို ရိုက်ထည့်ပြီး ဝင်ရမှာပါ။
💠 Using Kahoot from students side
ကစားတဲ့သူတွေ ဝင်ရောက်ဖို့ Kahoot.it ကို Google မှာ ရိုက်လိုက်ပါ။ ထိုနောက် pin ထည့်လို့ရတဲ့နေရာပေါ်လာမှဖြစ်ပြီ ထိုနံပါတ်ကိုတော့ ဆရာ၊ဆရာမများက ကစားတဲ့သူများ ဝက်ရောက်ကစားနိုင်ဖို့ ပေးထားရမှာဖြစ်ပါတယ်။
Pin နံပါတ်နဲ့ ဝင်ရောက်သွားပြီးရင် ကစားသူရဲ့ nickname ကို ရိုက်ထည့်ပါ။ ဒါပြီးရင်တော့ ဝင်ရောက်ပြီးသွားပါပြီ။
Home page မှာ ဘယ်သူတွေ ဘာနာမည်နဲ့ join နေသလဲဆိုတာ ပေါ်လာမှာပဲဖြစ်ပါတယ်။ ကစားတဲ့သူတွေ စုံရင်တောင် “start” ကိုနှိပ်ပြီး Kahoot Game ကို စတင်လို့ရပါပြီ။
ကစားတဲ့သူအနေနဲ့ မေးခွန်တွေဖြေဆိုဖို့ စက္ကန့် အနည်းငယ်သာရမှာဖြစ်ပြီး သတ်မှတ်ထားတဲ့ စက္ကန့်ပိုင်းအတွင်းမှာ အဖြေမှန်ကို ပေါ်တဲ့လာ အကွက်တွေထဲက မှန်အောင်ဖြေရမှာပါ။
အဖြေမှန်နဲ့ အမှားကို graph နဲ့ လူဦးရေကိုဖော်ပြမှာဖြစ်ပါတယ်။ အားလုံးပြီးရင်ကို next ကိုနှိပ်ပြီး အနိုင်ရရှိသူ သုံးယောက်ကို မြင်တွေ့ရမှာပါ။
💠 Usage for Teachers side
ဆရာ၊ဆရာမတွေအနေနဲ့ view report ကို ကြည့်ပြီး ဘယ်ကျောင်းသားက ဘယ်အဖြေကို မှားဖြေသလဲဆိုတာကို ကြည့်နိုင်ပြီး အဖြေမှန်ရဖို့ ကျောင်းသားနဲ့ ပြန်လေ့ကျင့် ဆွေးနွေးလို့ ရပါတယ်။
ဒါဆိုရင်တော့ Kahoot အသုံးပြုနည်းအသေးစိတ်ကို ပြောပြပြီးသွားတာဖြစ်တာကြောင့် မိမိအနေနဲ့ စာသင်ကြားတဲ့အချိန် ကျောင်းသားတွေ ပျင်းမနေရအောင် Kahoot နဲ့ အသုံးပြုပြီး သင်ကြားနိုင်ပါတယ်။
