စိတ်အားတက်ကြွမှု နဲ့ စာနာ​နားလည်​ခံစား​ပေးနိုင်သည့် စိတ်စွမ်းရည် အကြောင်း သိကောင်းစရာ

စာနာမှု ( Empathy ) ဆိုတာဘာလဲ။

စာနာမှု ( Empathy ) ဆိုတာ တခြားသူတစ်​ယောက်၏ ခံစားချက်များ၊ အ​တွေးအ​ခေါ်များ၊ အခက်အခဲများ၊ အဖြစ်အပျက်​များကို ကိုယ်ကိုယ်တိုင် မြင်ရ၊ ကြုံရ၊ ဖြစ်ပျက်ခံစားခဲ့ရသကဲ့သို့ စာနာ​နားလည်​ခံစား​ပေးနိုင်သည့် စိတ်စွမ်းရည် ကိုဆိုလိုပါသည်။ သို့တည်းသာမက ကိုယ်ကိုတိုင် ဝင်​​ရောက်ကူညီရိုင်းပင်းတတ်သည်အထိ စာနာမှုသ​ဘောထားကြီးမားတတ်ပါသည်။

Sympathy နှင့် Empathy တို့၏ကွာခြားချက်

  • Sympathy နှင့် Empathy တို့၏ သ​ဘောတရားကို ​တော်​တော်များများက တူညီကြသည်ဟု ထင်မြင်ယူဆ​လေ့ရှိကြပါသည်။ သို့​သော်လည်း အမှန်တကယ်တွင်မူ သိသာစွာ ကွဲပြား​နေ၏။
  • Sympathy ဆိုသည်မှာကား Empathy ကဲ့သို့ တစ်ခြားသူတစ်​ယောက် ဖြစ်ပျက်ခံစား​နေရ​သော အခက်အခဲ၊ ပြဿနာများကို ကိုယ်တိုင်ဖြစ်ပျက်ခဲ့ရသကဲ့သို့ စာနာ၊နားလည်​ပေးခြင်း၊ ​ကူညီ​ထောက်ပံ့​ပေးခြင်းမျိုး မဟုတ်ဘဲ အ​ပေါ်ယံ ဝမ်းနည်း​ကြောင်းပြသည့် သ​ဘောသပ်သပ်ကို ဆိုလိုပါသည်။
  • တစ်နည်းအားဖြင့် ဆိုရ​သော် Sympathyသည် သူတစ်ပါး၏ ခံစားချက်၊ ပူ​ဆွေးမှုများကို ကိုယ့်အမြင်ဖြင့်သာ ကြည့်ရှု ဝမ်းနည်း​ပေးပြီး Empathy မှာကား သူတစ်ပါး၏ အမြင်ကိုပါ သိမြင်နိုင်​အောင်၊ ခံစားနိုင်​အောင်၊ အ​ထောက်အကူပြုနိုင်​အောင် ရှုမြ​င်​ပေးနို​င်ခြင်း ဖြစ်ပါသည်။

စာနာမှု (Empathy)ကို အဓိအားဖြင့် (၃)မျိုး ခွဲခြားနိုင်ပါသည်။

( ၁ ) Cognitive Empathy

( ၂ ) Emotional Empathy

( ၃ ) Compassionate Empathy

( ၁ ) Cognitive Empathy

  • Cognitive Empathy ဆိုသည်မှာ တခြားသူတစ်ယောက်၏ စိတ်ခံစားချက်များ ၊အမြင်များ၊ အခက်အခဲများကို တွေးတောသိမြ‌င်ပေးနိုင်ခြင်း၊ စာနာနားလည်​ပေးနိုင်ခြင်း ကိုဆိုလိုပါသည်။ တစ်နည်းအားဖြင့် “Perspective Taking” ဟု ခေါ်ဆိုကြပါသည်။ 
  • Cognitive Empathy ရှိသူတို့သည် တခြားသူတစ်ယောက်၏နေရာတွင် ဝင်​ရောက်ပြီး သူတွေးသလို၊ သူမြင်သလို တွေးနိုင် မြင်နိုင်သည့် စိတ်စွမ်းရည်ရှိကြပါသည်။ 

( ဥပမာ _ ဆွေးနွေးညှိနှိုင်းကြသည့်အခါ၊ ငြင်းခုံကြသည့်အခါတွင် ကိုယ့်အမြင်ကသာလျှင် အမှန်ဖြစ်သည်ဟု တရားသေစွဲကိုင်မထားဘဲ တခြားသူတစ်​ယောက်၏နေရာမှ ​​နေ၍လည်း ဝင်ပြီးမြင်အောင် ကြည့်ပေးနိုင်သည်၊ နားလည်​ပေးနိုင်သည်၊ စာနာ​ပေးနိုင်သည်၊ ကိုဆိုလိုပါသည်။ )

  • ဤ​နေရာတွင် အထူးသတိပြုသင့်သည့်အချက်တစ်ချက်မှာ Cognitive Empathy ရှိသူတို့သည် သူတစ်ပါး၏ အခက်အခဲများကို မျှဝေခံစားတာထက် သူတစ်ပါး​တွေးသည့်၊ ခံစားသည့်အရာများကို သိမြင်​ပေးနိုင်သည်၊ မျှဝေတွေး​ခေါ်ပေးနိုင်သည်ကို ပို၍ဆိုလိုပါသည်။

( ၂ ) Emotional Empathy

  • Emotional Empathy ဆိုသည်မှာ သူတစ်ပါး၏နေရာတွင် ဝင်​​​ရောက်ခံစား​ပေးနိုင်သည့် စိတ်စွမ်းရည်မျိုးရှိခြင်းကို ဆိုလိုပါသည်။ 
  • တစ်နည်းအားဖြင့် Emotional Empathy ကို “Emotional Contagion” ဟုလည်း ​ခေါ်ဆိုနိုင်ပါသည်။ ကိုယ့်ရဲ့တစ်ကိုယ်ရည် ဖိစီးခံစားရမှုမျိုး၊စိတ်ခံစားမှုအချင်းချင်း ကူးစက်တာမျိုးကို ပြောဆိုခြင်းဖြစ်၏။

( ဥပမာ – ရုပ်ရှင်ကြည့်သည့်အခါ ဝမ်းနည်းစရာဇာတ်ဝင်ခန်းပါလျှင် လိုက်ငိုမိသည်မျိုး၊ မတရားအလုပ်ခံရသည့် ဇာတ်ဝင်ခန်းပါလျှင်  စိတ်ထဲမှ အလိုလိုဒေါသထွက်မိလာသည်မျိုးမှာ Emotional Empathy အလွန်အားကောင်းလို့ပင် ဖြစ်ပါသည်။ )

  • Cognitive Empathy နှင့်မတူသည်မှာ Emotional Empathy သည် ကိုယ်၏ အမြင်ဖြင့် သိမြင်​ပေးနိုင်တာထက် ကိုယ်၏ စိတ်ခံစားချက်အားဖြင့် ပိုပြီးမျှ​ဝေခံစား​ပေးနိုင်ခြင်းဖြစ်ပါသည်။
  • Emotional Empathy ကို လူသားများ၏ ပထမဦးဆုံး​သော ဖြစ်​ပေါ်လာသည့် Empathy အမျိုးအစားဖြစ်သည်ဟုလည်း သတ်မှတ်နိုင်ပါသည်။ ( အ​ကြောင်းမှာ မိခင်နဲ့ကလေးကြားတွင် Emotional Empathy ကို သိသိသာသာ ထင်ထင်ရှားရှားဦးစွာ မြ​င်​တွေ့နိုင်လို့ပင် ဖြစ်ပါသည်။ အမေဖြစ်သူက ပြုံးပြသည့်အခါ ကလေးကလည်း ပြန်ပြီးပြုံးပြသည်မျိုး၊ အမေက ငိုသည့်အခါ ကလေးကပါ လိုက်ပြီး ငိုသည်မျိုးသည် Emotional Empathy ၏ သိသာထင်ရှားသည့် အစဦးဆုံး​သော ဥပမာတစ်ရပ်ဖြစ်ပါသည်။ )
  • Emotional Empathy ၏ ​ကောင်းသည့်အချက်သည် သူတစ်ပါး၏ ခံစားချက်များကို ​​သေ​သေချာချာ ခံစားသိမြင်​စေနိုင်သည့်အတွက် သူတို့အတွက် ပို၍သင့်​လျော်​သော၊ လိုအပ်​​နေသော ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့တွေကို ပိုပြီး သင့်​တော်စွာ ပေးစွမ်း​စေနိုင်ပါသည်။ အထူးသဖြင့် ဆရာဝန်များ၊ သူနာပြုများသည် လူနာများအ​ပေါ်တွင် Emotional Empathy ရှိဖို့ အလွန်အရေးကြီးပါသည်။

( ၃ ) Compassionate Empathy

  • Compassionate Empathy ဆိုသည်မှာ တခြားတစ်​ယောက်၏ ​နေရာမှ ဝင်ရောက်ခံစားပေးပြီး ခံစားနေရသည့် ​ဝေဒနာများကို သက်သာဖို့ရန် ဝင်​ရောက်ကူညီပေးသည့်အထိ ပါဝင်သည်ကို ဆိုလိုခြင်းဖြစ်ပါသည်။
  • တစ်ခြားသူတစ်ယောက် ခံစားနေရသည်များကို သိမြင်နားလည်ပေးသည်မျိုး (Cognitive Empathy)၊ မျှ​ဝေခံစား​ပေးသည်မျိုး (Emotional Empathy) တွေထက် သူခံစားနေရတာတွေ လျှော့ပါးသက်သာသွား​အောင် စိတ်​ရောကိုယ်ပါ လုပ်ဆောင်ပေးလိုက်သည်မျိုးကို Compassionate Empathy ဟု​​ခေါ်ပါသည်။

( ဥပမာ _ ကိုယ့်ရှေ့မှာ တစ်ယောက်ယောက်က အနိုင်ကျင့်ခံနေရသည့်အခါ အဲ့ဒီသူဘက်ကနေ ရပ်တည်ပေးပြီး သူ့အတွက် ကူညီပေးတာမျိုး ဖြစ်ပါသည်။)

  • Compassionate Empathy သည် လူတိုင်းထားနိုင်ဖို့ ခက်ခဲသလို အမြဲထားနိုင်ဖို့လည်း မလွယ်ကူလှပါ။ အဘယ်ကြောင့်ဆို​သော် လူတစ်ယောက်အနေဖြင့် တခြားသူတစ်ယောက်၏ ဆင်းရဲဒုက္ခတွေ၊ နာကျင်မှုတွေကို အမြဲတမ်းမျှဝေခံစားပြီး ကုသပေးဖို့ မဖြစ်နိုင်လို့ပင် ဖြစ်ပါသည်။ 

** လူတိုင်းတွင် ဤ Empathy သုံးမျိုးစလုံးရှိနိုင်သကဲ့သို့ မရှိတာနိုင်မျိုးလည်း ဖြစ်နိုင်ပါသည်။

စာနာမှုစိတ်ထားအား​ကောင်း​အောင် မွေးမြူခြင်းဖြင့် ရရှိလာမည့် အကျိုး​ကျေးဇူးများမှာ ​အောက်ပါအတိုင်း ဖြစ်၏။

  • တစ်ပါးသူအား ဂရုဏာ​ရှေ့ပြုကာ ကူညီရိုင်းပင်းလိုစိတ် မြင့်မားလာခြင်း။
  • ​ပေါင်းသင်းဆက်ဆံရေး အဆင်ပြေပြီး ပိုပြီးတည်မြဲနက်ရှိုင်း​သော ဆက်ဆံရေးတစ်ခုကို ​အောင်မြင်စွာ တည်ဆောက်နိုင်ခြင်း။ ( The Greater Good Science Center )
  • လုပ်ငန်းခွင်၊ လူမှု​ရေးပိုင်းတွင်လည်း ​ခေါင်း​​​ဆောင်နိုင်မှုစွမ်းရည် တိုးတက်လာကာ ဦး​ဆောင်ဦးရွက်မှုပြုနိုင်ခြင်း။ အများကချစ်ခင်၊ ​လေးစားခြင်း။
  • ခွင့်လွတ်တတ်​သော စိတ်ထားကို မြင့်မား​စေကာ ပြဿနာ၊ ပဋိပက္ခများ ​​ပေါ်​ပေါက်လာပါကလည်း တစ်ဦးနှင့်တစ်ဦး လွယ်ကူစွာ ​ဖြေရှင်းနိုင်ခြင်း။
  • ပိုမိုကောင်းမွန်ငြိမ်းချမ်းသည့် လူ့အဖွဲ့အစည်း၊ အပြန်အလှန် ​ပျော်ရွှင်မှု​ဝေငှ​ပေးနိုင်သည့် လူ့အဖွဲ့အစည်း တစ်ရပ်ကို တည်​ထောင်နိုင်ခြင်း။ 

Motivation (စိတ်အားတက်ကြွမှု၊ စိတ်လှုံ့​ဆော်မှု)

Motivation (စိတ်အားတက်ကြွမှု၊ စိတ်လှုံ့​ဆော်မှု) ဆိုသည်မှာ မိမိ၏ဦးတည်ရာ ပန်းတိုင်အရပ်သို့​ရောက်ရှိရန်  အဓိကလိုအပ်​သော စိတ်အားထက်သန်မှုကို ​ပေးစွမ်း​ပေးသည့် စိတ်၏တွန်းအားတစ်ရပ် ဖြစ်ပါသည်။ စိတ်ဆန္ဒ၏ ​မောင်းနှင်အားဖြစ်ပါသည်။ 

ဤစိတ်၏ လှုံ့​​ဆော်မှု၊ တွန်းအား​ပေးမှု​ကြောင့်သာလျှင် ကျွန်ုပ်တို့​၏​​နေ့ရက်စဥ်တိုင်းလှုပ်ရှားသွားလာရာ၌ စိတ်ဓါတ်ခွန်အားအပြည့်ဖြင့် လုပ်ငန်း​ဆောင်တာများ ပြုလုပ်နိုင်သည်ဖြစ်၍ စိတ်လှုံ့​ဆော်မှု မရှိလျှင်ကား အလွယ်ဆုံး​သော အမှုကိစ္စကိုပင် ထမ်းရွက်နိုင်ဖို့ အခက်ကြုံနိုင်၊ မဖြစ်နိုင် ဖြစ်တတ်ပါသည်။ ထို့အပြင် စိတ်ဓါတ်ကျမှု ​ဝေဒနာနှင့် ရင်ဆိုင်ရတတ်ပြီး ​အဆုံးတွင် ကိုယ့်၏ ရည်မှန်းချက်၊ ပန်းတိုင်များ ​ပျောက်ဆုံးကာ ​လောကအလယ် ​လေလွင့်​ပျောက်ဆုံး​နေတတ်ပါသည်။ 

လူတစ်ယောက်၏စိတ်ကို ထိုသူ၏အတွင်းစိတ်ဗီဇနှင့် အပြင်ဘက်ပတ်ဝန်းကျင်တို့မှ လွှမ်းမိုးချုပ်ကိုင်နိုင်သလို စိတ်အားတက်ကြွမှုကိုလည်း အတွင်းပိုင်းနှင့် အပြင်ပိုင်းမှ လွမ်းမိုးချုပ်ကိုင်နိုင်ပါသည်။ ယင်းတို့မှာ​အောက်ပါအတိုင်းဖြစ်၏။

( ၁ ) Intrinsic Motivator ( အတွင်းပိုင်းမှ လှုံ့​ဆော်မှု )

( ၂ ) Extrinsic Motivator ( အပြင်ပိုင်းမှ လှုံ့​ဆော်မှု )

( ၁ ) Intrinsic Motivator ( အတွင်းပိုင်းမှ လှုံ့​ဆော်မှု )

  • Intrinsic Motivator ဆိုသည်မှာ စိတ်အတွင်းပိုင်းမှ အတွင်းစိတ်ဗီဇ​ကြောင့်ဖြစ်​စေ၊ မူလ ပင်ရင်းစိတ်ထား၊ အပြုအမူ​ကြောင့်ဖြစ်​စေ သူ့အလိုလို လှုံ့​ဆော်​ပေး​နေ​သော စိတ်၏အတွင်းပိုင်း လှုံ့​ဆော်မှုကို ဆိုလိုပါသည်။

( ဥပမာ – Gym ​ဆော့​လေ့ရှိ​သော သူသည် Gym ​ဆော့လျှင့် ​သူ့အလိုလို ပျော်​မွေ့ခြင်း​ကြောင့်၊ ဝါသနာပါ​သော​ကြောင့် အမြဲ​​​ဆော့​လေ့ရှိပါသည်။ Gym မ​ဆော့လျှင်မ​နေနိုင်၊ Gym ​ဆော့ပြီးမှသာလျှင် ​ပျော်ရွှင်သည်၊ လန်းဆန်းသည်၊ တစ်ခုခု ပြီး​မြောက်သည်ဟု ခံစားရခြင်း တို့​ကြောင့် ​​နေ့ဓဒူဝတွင် အမြဲပြုလုပ်လျက်ရှိပါသည်။ ဤသည်မှာ စိတ်၏အတွင်းပိုင်းမှ လှုံ့​​ဆော်​မှုပေး​သည်ကို ​ဖော်ပြ​သော ဥပမာတစ်ရပ် ဖြစ်ပါသည်။ )

( ၂ ) Extrinsic Motivator ( အပြင်ပိုင်းမှ လှုံ့​​ဆော်မှု ) 

  • Extrinsic Motivator ဆိုသည်မှာကား အပြင်ပိုင်းမှ အသိအမှတ်ပြုမှု၊ ကျော်ကြားမှု၊ ငွေကြေး၊ ဆု​ကြေး စသည့် အပြင်ပိုင်းလှုံ့​​ဆော်​မှုများမှ တွန်းအား​ပေး​သောအရာ ကိုဆိုလိုပါသည်။  

( ဥပမာ – စာ​မေးပွဲ၌ အမှတ်နည်း​သောသူတစ်​ယောက်သည်​ ​နောက်စာ​မေးပွဲ၌ အမှတ်များလျှင် မိဘများမှ ဆု​ပေးမည်ဟု ဆို​သော​ကြောင့် စာကြိုးစားခြင်းသည် ဆု​ပေးမည်ဟု ဆို​သော Extrinsic Motivator ​ကြောင့် အမှတ်များ​အောင် ကြိုးစားခြင်းဖြစ်ပါသည်။ )

စိတ်ကုထုံးပညာရှင် Victor Vroom ၏ သု​တေသန​ရှာ​ဖွေတွေ့ရှိချက်များအရ Extrinsic Motivatorတွင် အစိတ်အပိုင်း သုံးမျိုး​ရှိ​​ကြောင်းဆိုထားပါသည်။ ပထမဦးဆုံးမှာ ကိုယ်၏ကြိုးစားအားထုတ်မှုသည် ကိုယ့်၏ စွမ်း​ဆောင်ရည်ကို တိုးတက်​စေလိမ့်မည်ဟု ​မျှော်လင့်ခြင်း​၊ ဒုတိယမှာ ကိုယ့်၏ ​ကောင်းမွန်​သောစွမ်း​ဆောင်ရည်ကို တစ်စုံတစ်​ယောက်မှ သတိပြုမိ၍ ချီးမွမ်းခြင်း၊ ဆု​ကြေး​ပေးခြင်း၊ တတိယမှာမူ ကတိပြုထားသည့်အတိုင်း လုပ်​​ဆောင်ရခြင်း၊ ဆု​ကြေးရခြင်း တို့ ဖြစ်ပါသည်။ ဤသည်တို့မှာ Extrinsic Motivator ဖြစ်​စေ​သော တွန်းအား အစိတ်အပိုင်းတို့ ဖြစ်ပါသည်။

အမှန်တကယ်တွင် လူ၏စိတ်ဆိုသည်မှာ အမြဲတက်ကြွမနေနိုင်ပါ။ လူတစ်ယောက်၏ နေ့စဉ်ဘဝတွင် ခက်ခဲပင်ပန်း​သော အလုပ်တွေသာမက သာမန်နေ့စဉ်လုပ်ငန်းဆောင်တာတွေအတွက်ပါ လုပ်ဆောင်နိုင်ရန် Motivation အမြဲလိုအပ်ပါသည်။

သို့မဟုတ်လျှင် အရာရာကို ပျင်းရိငြီးငွေ့ပြီး ဘယ်အရာကိုမျှ မလုပ်ချင်၊ မကိုင်ချင် ဖြစ်နေပါလိမ့်မည်။

Motivation ( စိတ်အားတတ်ကြွမှု၊ စိတ်လှုံ့​ဆော်မှု ) ကို ဖြစ်​ပေါ်​စေ​သော နည်းလမ်း ( ၆ )သွယ် မှာ ​အောက်ပါအတိုင်း ဖြစ်၏။

( ‘6’ Powerful Ways to Increase Self-Motivation )

( ၁ ) လွယ်ကူရှင်းလင်းသည့် နည်းလမ်းများဖြင့် စိတ်ခွန်အား မြှင့်တင်ခြင်း။ 

( ဥပမာ – သင့်ကို စိတ်ခွန်အား မဖြစ်​စေနိုင်သည့် အရာများ၊ သင်၏ အချိန်တွေကို အလဟသ ကုန်စေနိုင်မည့် အရာများကို စိတ်ထဲမှ ဖယ်ရှားပစ်ခြင်း ဖြစ်ပါသည်။ )

( ၂ ) အောင်မြင်မှုကိုသာလျှင် အာရုံစိုက်ခြင်း။

 ( ဥပမာ – သင်၏ အနာဂတ်၊ ရည်မှန်းချက်ပန်းတိုင်များ ဖြစ်ထွန်း​လာ​စေနိုင်သည့် အောင်မြင်မှုများကိုသာလျှင် တစ်စိုက်မတ်မတ် အာရုံစိုက်ခြင်းဖြစ်ပါသည်။ ထို့အပြင် အရှုံးနှင့် ရင်ဆိုင်​နေရ​သော်လည်း အ​လျှော့မ​ပေးဘဲ တ​ရွေ့​ရွေ့ ကြိုးစားလုပ်​ဆောင်ခြင်းသည် စိတ်အားတတ်ကြွမှုကို ဖြစ်​ပေါ်​စေနိုင်ပါသည်။ )

( ၃ ) အမှန်တကယ် ဖြစ်မြောက်နိုင်မည့် သေးငယ်၊ကျစ်လစ်​သော ရည်မှန်းချက်များ ထားရှိခြင်း။

( ဥပမာ – “ငါ ဒီနေ့ အခန်းသန့်ရှင်းရေး လုပ်ပြီးရမည်” ဟု ​သေးငယ်၊ ကျစ်လစ်​သော Goal တစ်ခုထားပြီး ပြီးမြောက်အောင် လုပ်ဆောင်ခြင်း ဖြစ်ပါသည်။ တစ်ခါတစ်ရံ ကြီးမား​သော Goals များစွာထားပြီး အားလုံးကို ထမ်းရွက်​နေရခြင်းသည် ကိုယ်၏ စိတ်အားထက်တန်မှုကို လွမ်းမိုးကျဆင်း​စေနိုင်ပါသည်။ ထို့​ကြောင့် ကိုယ်လုပ်နိုင်​သော၊ ​သေးငယ်ကျစ်လစ်​သော ရည်မှန်းချက်ကို ဦးစွာချမှတ်ပြီး လုပ်​ဆောင်နိုင်ခြင်းက စိတ်ကြွတတ်ကြွမှုအားကို ​ကောင်းမွန်ထက်တန်​စေနိုင်ပါသည်။  )

( ၄ ) ရယူခြင်းမှ ပေးဆပ်ခြင်းဆီသို့ ပြောင်းလဲခြင်း။

( သင်၏ ပျော်ရွှင်မှု၊ သင့်အနာဂတ်များသည် သင်နှင့်သာ သက်ဆိုင်ပါသည်။ အခြားမည်သူ တစ်ဦးတစ်ယောက်နှင့်မျှ မသက်ဆိုင်ပါ။ လူတိုင်းသည်လည်း သင့်ကိုချစ်ခင်ပေးရမည်၊ နားလည်ပေးရမည်၊ ကူညီပေးရမည်ဟု တွေးနေမည့်စား၊ တစ်ပါးသူဆီမှ သင်လိုချင်​သော အရာများကို တောင်းယူမည့် အစား သင့်ဘက်မှ စ၍ပေးလိုက်ခြင်းသည် စိတ်ခွန်အားအပြင် စိတ်၏ အေးချမ်းမှုကိုပါ ရရှိစေနိုင်ပါသည်။ )

( ၅ ) အကျင့်ကောင်းများကို ထပ်ခါတလဲလဲ ပြုလုပ်ခြင်း။

( ဥပမာ – စာဖတ်ခြင်း၊ ကိုယ်လက်​လေ့ကျင့်ခန်းများ ပြုလုပ်ခြင်း၊ ကျန်းမာ​သော စာ​သောက်မှုပုံစံ၊ အ​နေအထိုင်သို့ ​ပြောင်းလဲခြင်း တို့ဖြစ်ပါသည်။ ထို အကျင့်ကောင်းများသည် သင်နှင့် အသားကျလာသည့်အခါ  သင့်ကို စိတ်ခွန်အား ရရှိစေနိုင်ပါလိမ့်မည်။ )

( ၆ ) ကျေးဇူးတင်စကားပြောခြင်း။

( ဘာရယ်မဟုတ် မုန့်ဆိုင်တွင် မုန့်သွားဝယ်တာပင် ဖြစ်သော်လည်း မုန့်ဆိုင်မှ အဒေါ်ကြီးကို ဆိုင်မှထွက်ခါနီး “ကျေးဇူးတင်ပါတယ်” ဟုပြောလိုက်ခြင်းက စိတ်အားတတ်ကြွမှု၊ စိတ်​ကျေနပ်မှုကို ရရှိစေနိုင်ပါသည်။ )

References

https://www.psychologytoday.com/us/basics/motivation#:~:text=Motivation%20is%20the%20desire%20to,mental%20illnesses%20such%20as%20depression.