Assessment and Feedback Reflection

စစ်ဆေးအကဲဖြတ်ခြင်း၏အဓိပ္ပါယ် 

စစ်ဆေးအကဲဖြတ်ခြင်းဆိုတာက သင်ယူသူရဲ့ သင်ယူမှုအဆင်သင့်ဖြစ်မှု (academic readiness)၊ သင်ယူတိုးတက်မှု (learning progress)၊ တတ်မြောက်မှု (skill acquisition)၊ လိုအပ်ချက် (educational needs) စတာတွေကို အကဲဖြတ်ရန် (evaluate)၊ တိုင်းတာရန်(measure ) နှင့် မှတ်တမ်းတင်ရန် (document) အသုံးပြုသော နည်းလမ်းအမျိုးမျိုးကို ဆိုလိုပါတယ်။ စစ်ဆေးအကဲဖြတ်ခြင်းရဲ့ အဓိကရည်ရွယ်ချက်ကတော့  သင်ယူမှုကို အထောက်အကူဖြစ်စေရန်ဖြစ်ပါတယ်။ 

စစ်ဆေးအကဲဖြတ်ခြင်းဖြင့် သင်ယူသူနဲ့ပတ်သက်တဲ့ အချက်အလက်တွေ ရရှိနိုင်ပါတယ်။ သင်ခန်းစာပြင်ဆင်ရာမှာ သင်ယူသူက ဘယ်အကြောင်းအရာအချက်အလက်တွေကို သိရှိပြီးပြီ ဘယ်အချက်အလက်တွေကိုတော့ မသိရှိသေးတာကို သိရှိနိုင်ပြီး နောက်ထပ် သင်ခန်းစာပြင်ဆင်ရာမှာ စစ်ဆေးအကဲဖြတ်ခြင်းမှ ရရှိ‌သော အချက်အလက်တွေကို အသုံးပြုပြီး ပြင်ဆင်နိုင်ပါတယ်။

သင်ယူသူရဲ့ လိုအပ်ချက်တွေကို သိရှိနိုင်ဖို့ ဆရာက သင်ကြားမှုပုံစံအမျိုးမျိုးကို လိုအပ်သလို အသုံးပြုလို့ရပါသေးတယ်။ ဒါ့အပြင် ဆရာက သင်ယူသူရဲ့ သင်ယူမှုနှင့်ပတ်သက်ပြီး အပြုသဘောဆောင်သော တုံ့ပြန်အကြံပြုချက်များ (positive feedback) ကို အချိန်နှင့်တပြေးညီပေးနိုင်ရန်လည်း လိုအပ်ပါတယ်။ ထိုအကြံပြုချက်များမှာ ကျောင်းသားများ၏ သင်ယူမှုရလဒ်များ အထူးသဖြင့် ဘယ်အပိုင်းတွေမှာ တိုးတက်ရန်လိုအပ်ကြောင်းနှင့် ထိုလိုအပ်ချက်များကို ပြည့်မီအောင် ဘယ်လိုဆောင်ရွက်ရမလဲဆိုတာကို လမ်းညွှန်ပေးရပါမယ်။ 

စစ်ဆေးအကဲဖြတ်မှုအမျိုးအစားများ 

စစ်ဆေးအကဲဖြတ်ခြင်းအမျိုးအစားများစွာရှိသည့်အနက် အများဆုံးအသုံးပြုသော စစ်‌ဆေးအကဲဖြတ်ခြင်း အမျိုးအစား ၃ မျိုးမှာ ဖော်ပြထားပါတယ်။

(၁) သင်ယူရန် အဆင်သင့်ဖြစ်/မဖြစ် စစ်ဆေးအကဲဖြတ်ခြင်း (Diagnostic Assessment)

Diagnostic assessment ကို အကြိုစစ်ဆေးအကဲဖြတ်ခြင်း (pre-assessment) လို့လည်း ခေါ်ဝေါ်ကြပါတယ်။ သင်ယူသူရဲ့ အားသာချက်၊ အားနည်းချက်၊ ဗဟုသုတ၊ စာသင်ကြားမှုမစခင် သင်ခန်းစာနဲ့ပတ်သက်သော အခြေခံကျွမ်းကျင်မှုများ ရှိ၊ မရှိစစ်ဆေးခြင်းဖြစ်ပါတယ်။ ရရှိလာတဲ့ရလဒ်များအပေါ်မူတည်ပြီး ဆရာက မိမိသင်ခန်းစာကို ပြောင်းလဲပြင်ဆင်လို့ရပါတယ်။ Diagnostic assessment ကို “low-stake” assessment လို့လည်းခေါ်ကြတယ်။ ဘာကြောင့်လဲဆိုတော့ diagnostic assessment မှာ အဆင့်၊ အမှတ်သတ်မှတ်ထားတာမရှိဘူး။ ကျောင်းသားရဲ့ အားသာချက်၊ အားနည်းချက်နဲ့ ဘယ်နေရာတွေမှာ ကွာဟနေလဲဆိုတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းပေးဖို့အတွက်ကြောင့် ဖြစ်ပါတယ်။ Diagnostic assessment ကို ဘယ်အချိန်မှာလုပ်မလဲဆိုရင် အတန်းချိန်မစမီ၊ သင်ခန်းစာတစ်ခု မစမီ၊ သင်ခန်းစာတစ်ခုမှ နောက်သင်ခန်းစာတစ်ခုမကူးမီ အသုံးပြုလေ့ရှီပါတယ်။

ဥပမာ – ဆရာက two-digit အမြှောက်သင်ခန်းစာကို မစခင် diagnostic assessment ကိုသုံးပြီး one-digit အမြှောက်သင်ခန်းစာများကို ကြေညက်ခဲ့မှုရှိ၊ မရှိ ပြန်လည်စစ်ဆေးလို့ ရပါတယ်။ အကယ်၍ ရရှိလာတဲ့ရလဒ်များအရ one-digit အမြှောက်သင်ခန်းကိုစာ ကြေညက်မှုမရှိလျှင် ပြန်လည်သင်ကြားခြင်း လုပ်ငန်းစဉ်ကို two-digit အမြှောက်သင်ခန်းစာမသင်ခင် ဆောင်ရွက်ရမှာဖြစ်ပါတယ်။ ပြန်လည်သင်ကြားရခြင်း၏ ရည်ရွယ်ချက်ကတော့ နေရာလိုက်တန်ဖိုးများ၊ one-digit အချင်းချင်းမြှောက်ခြင်းများကို ကြေညက်မှသာ two-digit, three-digit သင်ခန်းစာများကို ဆက်လက်သင်ကြားသွားနိုင်မှာဖြစ်တဲ့အတွက် ဖြစ်ပါတယ်။ 

Diagnostic assessment က သတ်မှတ်ထားတဲ့ ဘာသာရပ်ခေါင်းစဉ်နဲ့ပတ်သက်ပြီး သင်ယူသူသိ ရှိပြီးသောအကြောင်းအရာများ၊ လိုအပ်ချက်များအပေါ် အချက်အလက်စုဆောင်းပြီး သင်ခန်းစာကို အဆင်ပြေချောမွေ့အောင် ပြင်ဆင်ခြင်းဖြစ်ပါတယ်။

✒️Diagnostic assessment ၏ ကောင်းကျိုးများ

Diagnostic assessment က သင်ကြားသင်ယူမှုဖြစ်စဉ်ကို ပိုမိုထိရောက်စေတယ်။ ဆရာနဲ့ကျောင်းသားကြား အပြန်အလှန်သင်ကြားသင်ယူနိုင်တဲ့ ပတ်ဝန်းကျင်တစ်ခုကို ဖန်တီးပေးတယ်။ ဆရာအတွက်လည်း ကျောင်းသားတွေဆီက ရတဲ့အချက်အလက်တွေနဲ့ သင်ခန်းစာပြင်ဆင်ရာမှာသော်လည်းကောင်း၊ သင်ကြားမှုကို ပြန်လည်မွမ်းမံရာမှာသော်လည်း အထောက်အကူပြုပါတယ်။ 

❗ Diagnostic assessment ၏ ကန့်သတ်ချက်များ

Diagnostic assessment က  class size သေးတဲ့ စာသင်ခန်းအတွက် ဆောင်ရွက်ရတာလွယ်ကူပေမဲ့  class size ကြီးတဲ့စာသင်ခန်းတွေမှာ စစ်ဆေးရတာ အချိန်ကုန်စေပါတယ်။ သို့သော် online classroom အနေနဲ့ဆိုရင်တော့ google form သော်လည်းကောင်း၊ online quiz သော်လည်းကောင်း ဖြေစေပြီး စစ်ဆေးလို့ရပါတယ်။ 

(၂) သင်ယူစဉ်စစ်ဆေးအကဲဖြတ်ခြင်း (Formative assessment)

Formative assessment ကို သင်ကြားသင်ယူမှုဖြစ်စဉ် (teaching learning process) တစ်ခုလုံးမှာ အသုံးပြုလို့ရပါတယ်။ သင်ခန်းစာတစ်ခုသင်ကြားနေစဉ် သင်ယူသူရဲ့ သင်ခန်းစာအပေါ် နားလည် ပါဝင်‌‌ဆောင်ရွက်နိုင်မှု၊ တိုးတက်မှုတို့ကို သိရှိစေရန်အတွက် ထပ်ကာထပ်ကာလေ့လာအကဲဖြတ်သော စစ်‌ဆေးအကဲဖြတ်မှုတစ်ခုဖြစ်ပါတယ်။ Formative assessment က ဆရာများအတွက်လည်း မိမိ၏ သင်ကြားမှုပုံစံ၊ အသုံးပြုသွားသော သင်ထောက်ကူများနှင့် အကဲဖြတ်ခြင်းနည်းလမ်းများအပေါ် ပြန်လည်သုံးသပ်ရန်အတွက်လည်း အထောက်ကူပြုပါတယ်။

online learning ကဲ့သို့သော စာသင်ခန်းများတွင်လည်း formative assessment ကို အလွယ်တကူသုံးနိုင်သည်။ ဥပမာ –  hand gesture သုံး၍ နားလည်လျှင် လက်မထောင်ပြခြင်း၊ မေးခွန်းအချို့ရှိနေသေးလျှင် လက်မကို ရေပြင်ညီတစ်တန်းတည်းပြခြင်း၊ လုံးဝနားမလည်လျှင် လက်မကိုအောက်စိုက်၍ ပြခြင်းဖြင့် သင်ခန်းစာကို နားလည်ခြင်းရှိ၊ မရှိ အလွယ်တကူ စစ်ဆေးလို့ရပါတယ်။ breakout room ခွဲပြီးလည်း အုပ်စုလိုက် လေ့ကျင့်ခန်းတွေပေးပြီး စစ်ဆေးလို့ရပါတယ်။

အချက်အလက်များ၊ မှတ်တမ်းများကို မှတ်တမ်းတင်ထားသော်လည်း formative assessment မှာ အမှတ်၊ grade၊ အဆင့်ပေးခြင်းများ မရှိပါ။  သင်ယူသူကိုယ်တိုင် ပါဝင်ဆောင်ရွက်သောလုပ်ငန်းများတွင် အမှတ်များ၊ အဆင့်များပေးခြင်းထက် သင်ယူသူ၏ သင်ယူမှုတိုးတက်မှု (Learning progress) ကို တိုင်းတာနိုင်ပါတယ်။ 

Formative assessment နည်းလမ်းအချို့ကတော့ ဆရာက ကျောင်းသားတစ်ယောက်ချင်းစီ သို့မဟုတ် အုပ်စုတစ်စုချင်းစီကို စာသင်နေစဉ်အတွင်း သင်ခန်းစာနှင့်ပတ်သက်တဲ့ အကြောင်းအရာနှင့်ပတ်သက်တဲ့ မေးခွန်းများကို မေးမြန်းပြီး ကျောင်းသားများ သင်ခန်းစာကို နားလည်ခြင်းရှိ၊ မရှိသိနိုင်ပါတယ်။

Exit slip or exit ticket သုံးးပြီး စစ်ဆးလို့လည်းရပါတယ်။ သင်ခန်းစာပြီးသွားတဲ့အခါ သင်ခန်းစာမှ ရရှိလိုက်သော အကြောင်းအရာအသစ်၊ မေးခွန်းများ၊ မရှင်းလင်းသောအကြောင်းအရာများကို စာရွက် ပေါ်တွင် ချရေးစေပြီး ဆရာက ထိုအချက်အလက်များပေါ်မူတည်ပြီး သင်ခန်းစာကို ပြန်လည်သင် ကြားပေးရမလား ကျောင်းသားတွေနားလည်ဖို့ခက်ခဲနေတဲ့အပိုင်းကို ပြန်ရှင်းပြမလားစတဲ့ ဆုံးဖြတ်ချက်မျိုးချနိုင်ပါတယ်။ ဒီပုံစံကို online classroom တွေမှာလည်း အသုံးပြုလို့ရပါတယ်။

Self-assessment က လည်း formative assessment အတွက် အလွန်အသံုးဝင်ပါတယ်။ ကျောင်းသားကို မိမိရဲ့ ဆောင်ရွက်ထားတဲ့ သင်ခန်းစာများကို ပြန်လည်သုံးသပ်စေပြီး ဘယ်အကြောင်းအရာတွေတော့ နားလည်ခဲ့တယ်။ ဘယ်အကြောင်းအရာတွေကို ထပ်သိချင်တယ်ဆိုတာကို မိမိကိုယ်ကို ပြန်လည်သုံးသပ်စေတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။

Peer-assessment ကတော့ ကျောင်းသားအချင်းအချင်းလေ့လာသင်ယူစေတဲ့ နည်းလမ်းဖြစ်ပါတယ်။ ဥပမာ – “အပင်စိုက်ခြင်း” ဆိုတဲ့ခေါင်းစဉ်တစ်ခုနှင့်ပတ်သက်တဲ့ လိုအပ်တဲ့အကြောင်းအရာအချက် အလက်တွေကို အတန်းဖော်သူငယ်ချင်းနှင့်အတူတူ ဆရာပေးထားတဲ့ လမ်းညွှန်မှုအောက်မှာ ရေးစေပြီး တစ်ယောက်မသိသေးတဲ့ အချက်အလက်ကို တစ်ယောက်က‌ ဖော်ထုတ်ရေးသားစေခြင်းဖြင့် အပြန် အလှန်သင်ယူလို့ရပါတယ်။ online classroom တွေမှာလည်း peer-assessment ကိုအသုံးပြုလို့ရပါတယ်။

✒️ Formative assessment ၏ ကောင်းကျိုးများ

Formative assessment အသုံးပြုခြင်းက ကျောင်းသားရဲ့ လုပ်ကိုင်နိုင်စွမ်းကို အကဲဖြတ် သုံးသပ်လို့ရပါတယ်။ ဆရာကလည်း မိမိရဲ့သင်ကြားမှုပုံစံ၊ teaching aids တွေရဲ့လိုအပ်မှုတွေကို formative assessment လုပ်တဲ့အခါ ပိုမိုသိမြင်လာပါတယ်။ သုံးလိုက်တဲ့ assessment ပုံစံပေါ် မူတည်ပြီး ကျောင်းသားတွေရဲ့တိုးတက်မှုမှတ်တမ်းထားလို့ရပါတယ်။ ဒီမှတ်တမ်းတွေက ကျောင်းသားတွေရဲ့ တိုးတက်မှုရှိ၊ မရှိ၊ ချမှတ်ထားတဲ့ သင်ယူမှုဦးတည်ချက်၊ သင်ယူမှုရလဒ်တွေကို ဘယ်လောက်ပေါက်‌မြောက်မှု ရှိ၊ မရှိဆိုတာကို မှတ်တမ်းတွေကနေ တစ်ဆင့်သိနိုင်ပါတယ်။

❗ Formative assessment ၏ ကန့်သတ်ချက်များ

Formative assessment သည်လည်း resource တွေပြင်ဆင်ရတယ်၊ ဘယ်လိုအကဲဖြတ်မလဲ၊ ဘယ်လိုသင်ထောက်ကူတွေသုံးမလဲစဉ်းစားရတဲ့အတွက် ဆရာအတွက် ပြင်ဆင်ချိန်ပိုယူရပါတယ်။ formative assessment ကို ကျွမ်းကျင်စွာသုံးနိုင်ဖို့ ဆရာမှာ လိုအပ်တဲ့ကျွမ်းကျင်မှုတွေကို ဖြည့်ဆည်းထားဖို့လိုအပ်ပါတယ်။ စာသင်ကြားနေရင်း တစ်ချိန်တည်းအသုံးပြုတဲ့ စစ်ဆေးမှုဖြစ်တဲ့အတွက် ဆရာက အချိန်ကို ကျွမ်းကျင်ပိုင်နိုင်စွာ စီမံခန့်ခွဲနိုင်မှသာ ထိရောက်နိုင်ပါတယ်။ 

(၃) သင်ယူပြီးစစ်ဆေးအကဲဖြတ်ခြင်း (Summative assessment)

Summative assessment က သင်ယူသူ၏ တတ်မြောက်မှုအဆင့်ကို သိရှိနိုင်ရန်  သင်ကြား သင်ယူမှုလုပ်ငန်းစဉ်၏ အဆုံးတွင် စစ်ဆေးသော အကဲဖြတ်ခြင်းတစ်ခုဖြစ်ပါတယ်။ ထို့ပြင် ဘယ်လောက်သင်ယူပြီးပြီလဲ၊ သင်ယူမှုရည်မှန်းချက်များ မည်သည့်အတိုင်းအတာထိ ပေါက်ရောက်သလဲ ဆိုတာသိနိုင်ဖို့ စစ်ဆေးအကဲဖြတ်ခြင်းလည်းဖြစ်ပါတယ်။ ဤစစ်ဆေးအကဲဖြတ်ခြင်းမှာ မေးခွန်းလွှာ အမျိုးအစားစစ်ဆေးအကဲဖြတ်ခြင်းများ (item type)၊ လုပ်ငန်းပေးစစ်ဆေးအကဲဖြတ်ခြင်းများ (rubric type) ကို အသုံးပြု၍ သင်ယူသူ၏တတ်မြောက်မှုကိုစစ်ဆေးနိုင်ပါတယ်။၊  

Summative test မှ ရရှိလာသော ရလဒ်များ၊ တတ်မြောက်မှုရလဒ်များကို အသုံးပြပြီး အဆင့်တစ်ခုမှ နောက်ထပ်အဆင့်တစ်ခု အတန်းတစ်ခုမှ နောက်ထပ်အတန်းတစ်ခုသို့ ဆက်လက်သင်ယူနိုင်ရန်  အသုံးပြုနိုင်ပါတယ်။ အဓိကအရေးကြီးသည့်အချက်မှာ စစ်ဆေးအကဲဖြတ်လွှာများကို ပြင်ဆင်ပြုစုသည့်အခါ အရည်အသွေးနှင့် ခိုင်လုံ၊ ကိုးစားမှုရှိရမည်ဖြစ်ပါတယ်။ 

Summative assessment ကို အမှတ်၊ အဆင့်၊ အက္ခရာသင်္ကေတသုံးပြီး အမှတ်ပေးလေ့ရှိပါတယ်။ ထိုအမှတ်၊ အဆင့်၊ အက္ခရာသင်္ကေတတွေကို ကြည့်ပြီး နောက်ထပ်အတန်းတစ်တန်းသို့ တက်ရောက်ရန် ဆုံးဖြတ်ကြပါတယ်။ ကျောင်းအဆင့်၊ ပြည်နယ်အဆင့်နှင့် တိုင်းအဆင့် စာမေးပွဲတွေ အနေနဲ့  summative assessment ကိုသုံးကြပါတယ်။ 

✒️ Summative assessment ၏ ကောင်းကျိုးများ

Summative assessment က ကျောင်းသားတွေရဲ့ တတ်မြောက်မှုရလဒ်တွေကို စစ်ဆေးတိုင်းတာနိုင်တဲ့အပြင် academic record အနေနဲ့လည်း ထားရှိတဲ့အတွက် တတ်မြောက်မှုကို သိသာမြင်သာတဲ့ တိုင်းတာမှုတွေနဲ့ မြင်နိုင်ပါတယ်။ ကျောင်းသားတွေရဲ့ ရလဒ်ပေါ်မူတည်ပြီး ကျောင်းသား၊ ဆရာ၊ ကျောင်းစတဲ့ သင်ကြားသင်ယူမှုနှင့်သက်ဆိုင်သောသူများရဲ့ ဆောင်ရွက်ချက်များကိုလည်း ပြန်လည်သုံးသပ်လို့ရပါတယ်။ 

❗ Summative assessment ၏ ကန့်သတ်ချက်များ

Summative assessment ၏ရလဒ်များကို အမှတ်၊ အဆင့်၊ အက္ခရာများဖြင့်သာ ဖော်ပြသည့်အတွက် အားနည်းသောနယ်ပယ်ကိုသိနိုင်ရန် ခက်ခဲပါတယ်။ အမှတ်၊ အဆင့်၊ အက္ခရာများကိုသာဦးတည်သည့်အတွက် အမှန်တကယ်သင်ယူရရှိခြင်း ရှိ၊ မရှိကို မသိနိုင်ပါ။ ထို့အတွက် အဆင့်၊ အမှတ်၊ အက္ခရာများကောင်းရန်အတွက်သာ အာရုံစိုက်ရသဖြင့် ကျောင်းသားကိုယ်တိုင်လည်း စိတ်ဖိစီးမှုများစေပါတယ်။ 

✅  Ways to know student needs: KWL chart and Quizzes based

စစ်ဆေးအကဲဖြတ်ရာမှာ သင်ယူသူ၏ ယခင်သိရှိပြီးသောအကြောင်းအရာများ၊ လိုအပ်ချက်များကိုသိရန်နှင့် လိုအပ်ချက်များကိုဖြည့်ဆည်းနိုင်ရန် KWL chart ကိုအသုံးပြုနိုင်ပါတယ်။ KWL chart က အသုံးပြုရ လွယ်ကူပြီး ဆရာများအတွက် သင်ယူသူ၏ စူးစမ်းလိုစိတ် နှင့် သိလိုစိတ်ကိုသိရှိနိုင်ပြီး သင်ခန်းစာကို ပြင်ဆင်နိုင်ပါတယ်။ KWL chart သည်လည်း စစ်ဆေးအကဲဖြတ်ခြင်းနည်းလမ်းများထဲမှ လွယ်ကူသော အကဲဖြတ်ခြင်းတစ်မျိုးဖြစ်တယ်။ online teaching အတွက်လည်း အထောက်အကူဖြစ်စေတဲ့ နည်းလမ်းတစ်ခုဖြစ်ပါတယ်။ 

K = Know (သိရှိပြီးသောအကြောင်းအရာ)

W = want to know (သိရှိလိုသောအကြောင်းအရာ)

L = Learned (သိရှိသင်ယူပြီးသောအကြောင်းအရာ)

အောက်ဖော်ပြပါ ဇယားကို ကြည့်ပြီး ကျောင်းသားများက သိရှိပြီးသောအကြောင်းအရာ၊ သိရှိလိုသောအကြောင်းအရာနှင့် သင်ယူပြီးသောအကြောင်းအရာများကိုဖြည့်စွက်သည့်အခါ ဆရာအတွက် နောက်ထပ်ပြင်ဆင်မှုများကို ဆောင်ရွက်နိုင်ပါတယ်။ KWL chart ကို formative assessment  အနေနဲ့လည်းအသုံးပြုလို့ရပါတယ်။

Exit Ticket

နောက်ထပ်ဥပမာ အနေနဲ့ Exit ticket ကိုလည်း assessment လုပ်တဲ့နေရာမှာ အသုံးပြုလို့ရပါတယ်။ Exit ticket ကို ဆရာတွေက ကျောင်းသားတွေ နေ့စဉ်သင်နေတဲ့အကြောင်းအရာတွေအပေါ် ဘယ်လောက်နားလည်မှုရှိလဲ၊ learning ရောလုပ်နေလားဆိုတာသိဖို့ formative assessment အနေနဲ့သုံးကြပါတယ်။ Exit ticket ကို သင်ကြားမယ့်အကြောင်းအရာပေါ်မူတည်ပြီး နေ့စဉ်သုံးလို့ရသလို အပတ်စဉ်လည်းသုံးလို့ရပါတယ်။ Exit ticket ကရတဲ့အချက်အလက်တွေနဲ့ ဆရာတွေက သင်ကြားမှုပုံစံတွေကို ပြန်လည်ပြင်ဆင်ရမလား၊ ဘယ်လိုသင်ကြားမှုနည်းလမ်းတွေထပ်သုံးရမလဲဆိုတာတွေကို သိနိုင်ပါတယ်။ 

Exit Ticket
1List three things you have learned. သင် သင်ယူခဲ့သော အကြောင်းအရာ ၃ ခု
2List two things you can do. သင် ဆောင်ရွက်နိုင်ခဲ့သော အကြောင်းအရာ ၂ ခု
3List one question you have. သင့်သိလိုသော မေးခွန်းတစ်ခု

✅  Relation of assessment, instruction and curriculum

စစ်ဆေးအကဲဖြတ်ခြင်းသည် သီးသန့်ရပ်တည်နေခြင်းမဟုတ်ပါ။ အခြားသောအခန်းကဏ္ဍများဖြစ်သော သင်ကြားခြင်းနှင့် သင်ရိုးညွှန်းတမ်းတို့နှင့် ခွဲထုတ်၍ မရအောင် ဆက်စပ်နေပါတယ်။ စစ်ဆေးအကဲဖြတ်ခြင်းမှရရှိလာသော ရလဒ်များ၊ သင်ယူသူနှင့်ပတ်သက်သော အချက်အလက်များကို ကြည့်ပြီး သင်ကြားခြင်းကိုသော်လည်းကောင်း၊ သင်ခန်းစာပြင်ဆင်ခြင်းကိုလည်းကောင်း ပိုမိုကောင်းမွန်အောင် ဆောင်ရွက်နိုင်သကဲ့သို့ သင်ရိုးညွှန်းတမ်းများကို ပြင်ဆင်မွမ်းမံရန်အတွက်လည်း သတင်းအချက်အလက်များရရှိနိုင်ပါတယ်။ စစ်ဆေးအကဲဖြတ်ခြင်း၊ သင်ကြားခြင်းနှင့် သင်ရိုးညွှန်းတမ်းတို့၏ ဆက်စပ်ပုံကို အောက်ပါနမူနာပုံစံအတိုင်း ဖော်ပြနိုင်ပါတယ်။

✅  360 degree feedback

360 degree feedback ဆိုသည်မှာ သင်ကြားသင်ယူမှုဖြစ်စဉ်တစ်ခုလုံးအောင်မြင်ရန် သင်ယူသူကိုဖြစ်စေ၊ ဆရာကိုဖြစ်စေ များစွာသောပညာရှင်များမှ ကောင်းမွန်သောတုံ့ပြန်အကြံပေးမှုများကို ပေးခြင်းဖြစ်ပါတယ်။ ထိုအကြံပေးသူများတွင် ဆရာများ၊ မိဘများ၊ စီမံခန့်ခွဲအုပ်ချုပ်သူများ၊ ကျောင်းသားများ စသည်တို့ပါဝင်ပါတယ်။ အမျိုးမျိုးသော အလွှာမှ တုံ့ပြန်အကြံပြုချက်များရရှိခြင်းဖြင့် မိမိ၏အပြုအမူဆောင်ရွက်ပုံများနှင့်ပတ်သက်ပြီး အဘက်ဘက်မှ တိုးတက်ရန် ထပ်မံကြိုးစားရန် အခွင့်အရေးပိုမိုရရှိနိုင်မည်ဖြစ်ပါတယ်။ ဥပမာ ဆရာတစ်ယောက်ကို 360 degree feedback သုံးပြီး အကဲဖြတ်မယ်ဆိုလျှင် ဆရာ၏အခန်းကဏ္ဍအတွင်းမှ ဆောင်ရွက်နိုင်မည့် ကိစ္စများ၊ သင်ကြားမှုပုံစံများ၊ စစ်ဆေးအကဲဖြတ်စနစ်များ၊ အတန်းကို ထိန်းသိမ်းပုံများနှင့်ပတ်သက်ပြီး ဆရာအချင်းချင်း၊ မိဘ၊ ကျောင်းသား၊ ကျောင်းအုပ်နှင့် သက်ဆိုင်ရာပညာရှိများက အကြံပြုချက်များပေးနိုင်ပါတယ်။ ထိုအကြံပြုချက်များသည်လည်း ပြည့်စုံမျှတပြီး ဘက်လိုက်မှုကင်းသော အကြံပြုချက်များဖြစ်ရန်လိုအပ်ပါတယ်။

ကျောင်းသားကို 360 degree သုံးပြီး အမှတ်ပေးမည်ဆိုလျှင်လည်း ဘာသာရပ်ဆိုင်ရာဆရာများ၊ မိဘ၊ ကျောင်းအုပ်နှင့် ကျောင်းသားနှင့်ပတ်သက်သည့် သက်ဆိုင်ရာပုဂ္ဂိုလ်များမှ အကြုံပြုချက်များရယူပြီး ထိုအကြံပြုချက်များအတိုင်း ကျောင်းသား၏ ဘက်စုံဖွံ့ဖြိုးတိုးတက်မှုအတွက် တာဝန်ရှိသူများက ဆက်လက်ဆောင်ရွက်နိုင်ပါတယ်။ 

🔎 Feedback တွေကို ပညာရေးရဲ့ ဘယ်လိုနေရာတွေမှာ ပြန်သုံးမလဲ။

Feedback တွေပေးးပြီး၊ feedback ပြန်ရပြီး ရလာတဲ့အချက်အလက်တွေကို အသုံးမပြုဘဲ ဒီတိုင်းထားမယ်ဆိုရင် feedback ပေးဖို့ အချိန်ကုန်ရုံသာ ရှိပါလိမ့်မယ်။ feedback တွေကို ဘယ်လိုနေရာတွေမှာ ပြန်လည်အသုံးချလို့ရမလဲဆိုတာကို ဆက်လက်လေ့လာကြရအောင်။

  • ပိုမိုကောင်းမွန်တဲ့ teaching learning environment တစ်ခုဖြစ်စေဖို့ လိုအပ်နေတဲ့ classroom managements skills တွေကို ထောက်ပြပေးနိုင်ပါတယ်။
  • ကျောင်းသားတွေ သင်ယူမှုမှာ ပိုမိုပါဝင်လာနိုင်အောင် လိုအပ်နေတဲ့ communication gaps တွေကို ဖြည့်ပေးနိုင်ပါတယ်။
  • ဆရာနှင့် ကျောင်းသားကြားမှာ ရှိတဲ့ ဆက်ဆံရေးကို ပိုကောင်းစေတဲ့ ဘယ်လို interpersonal skills တွေတည်ဆောက်ရမလဲဆိုတာ မြင်သာစေပါတယ်။
  • သင်ကြားရေးနဲ့ဆိုင်သော ပုဂ္ဂိုလ်များ၏ စီမံခန့်ခွဲမှုများ၊ အားနည်းချက်များနှင့် ဆရာများ၏ သင်ကြားရေးလိုအပ်ချက်များကို ပြင်ဆင်နိုင်ပါတယ်။
  • ဆရာတွေအတွက်လည်း 360 degree feedback တွေကို မိမိရဲ့ personal development အတွက်သော်လည်းကောင်း၊ သင်ကြားရေးအတွက်သော်လည်းကောင်း ပြန်လည် အသုံးချနိုင် ပါတယ်။ 
  • ဆရာများအတွက် လိုအပ်တဲ့ professional development နှင့် ပတ်သက်တဲ့ အကြံဉာဏ်များကိုလည်းရရှိနိုင်ပါတယ်။
  • 360 degree feedback မှ အချက်အလက်များကို ကြည့်ပြီး သင်ရိုးညွှန်းတမ်း၏ လိုအပ်ချက်များ၊ စစ်ဆေးအကဲဖြတ်ခြင်းပုံစံလိုအပ်ချက်များနှင့် ပညာ‌ရေးကဏ္ဍတိုင်း၏ လိုအပ်ချက်များကို ပြန်လည်သုံးသပ်နိုင်ပါတယ်။