Interpersonal Skills

🔎 Interpersonal skills လူမှုဆက်ဆံရေးကျွမ်းကျင်မှုများဆိုတာဘာလဲ?

Interpersonal skills ဆိုတာ လူမှုပတ်ဝန်းကျင်ရှိ လူများနှင့်ဆက်ဆံသည့်အပြုအမူအပြောအဆိုများ၊ လုပ်ငန်းခွင်ရှိ လုပ်ဖော်ကိုင်ဖက်အချင်ချင်း ကောင်းမွန်စွာပြောဆိုဆက်ဆံသည့် အပြုအမူများကို ဆိုလိုပါတယ်။

လူတိုင်းသည် လူမှုဆက်ဆံ‌ရေးများ ကောင်းမွန်အောင်၊ တိုးတက်အောင် လုပ်နိုင်ကြပါတယ်။ သင်ကြားသင်ယူမှု ပတ်ဝန်ကျင်မှာဆိုရင် ချီးကျူးခြင်း၊ အသိအမှတ်ပြုခြင်း၊ အငြင်းပွားမှုများကို ဖြေရှင်းပေးခြင်း၊ သေချာစွာနားထောင်ခြင်းစသည့်အပြုအမူများကို ဖော်ပြခြင်း၊ ကျင့်သုံးခြင်းက ကောင်းမွန်သော လူမှုဆက်ဆံရေးများကို ထိန်းသိမ်းထားနိုင်ပါတယ်။ 

📌 Interpersonal skills ဥပမာများ

လူပုဂ္ဂိုလ်အလိုက်၊ လုပ်ငန်းခွင်အလိုက် Interpersonal skills အမျိုးမျိုးရှိကြပါတယ်။ အချို့ interpersonal skills ဥပမာများမှာ အောက်ပါအတိုင်းဖြစ်ပါတယ်။

  • အကြောင်းအရာတစ်ခု သို့မဟုတ် မေးခွန်းတစ်ခုကို လူကိုယ်တိုင်ဖြစ်စေ၊ စာဖြင့်ဖြစ်စေ၊ ဖုန်းဖြင့်ဖြစ်စေ ရှင်းလင်းပြောဆိုရသည့်အခါ ကောင်မွန်ပြတ်သားရှင်းလင်းအောင် ပြန်လည်ပြောဆိုနိုင်ခြင်း
  • တစ်ဖက်သား၏ စကားကို အာရုံစိုက်၍ သေချာနားထောင်ခြင်
  • လုပ်ဖော်ကိုင်ဖက်အချင်းအချင်း သို့မဟုတ် ဝန်ဆောင်မှုပေးသူက ပြောသောစကားများကို မိမိနားလည်ကြောင်း ပြန်လည်သေချာအောင်ဆောင်ရွက်ခြင်း
  • မိမိလုပ်ဖော်ကိုင်ဖက်၏ အခြေအနေကို နားလည်၍ ဂရုစိုက်ကြောင်းကို ပြသသည့် အပြုအမူများပြခြင်း
  • လုပ်ဖော်ကိုင်ဖက်၏ အားစိုက်ထုတ်မှုကို အသိအမှတ်ပြုခြင်းနှင့် လိုအပ်သည့်အကူအညီများပေးခြင်း
  • အခြားသူများနှင့်ပြောဆိုဆက်ဆံသည့်အခါ အပြုသဘောဖြင့် ပြောဆိုဆက်ဆံခြင်း
  • မိမိဆောင်ရွက်ရသော အလုပ်တစ်ခုပြီးမြောက်ရန် မိမိ၏ စိတ်အားထက်သန်မှုကိုပြခြင်း
  • ကောင်းမွန်သော ဆက်ဆံရေးများတည်ဆောက်ခြင်း
  • အကောင်းမြင်ခြင်း 

✅ Teaching-Learning environment မှာ ရှိသင့်တဲ့ interpersonal skills များ

ဆရာတစ်ယောက်အနေနှင့် မိမိရဲ့ interpersonal skills ကို ကျောင်းသားတွေနှင့်ပြောဆိုသည့်အခါ၊ အတန်းကို စီမံခန့်ခွဲသည့်အခါမှာ ကောင်းမွန်စွာ အသုံးချနိုင်သည့်စွမ်းရည်က လူမှုဆက်ဆံရေးကောင်းမွန်ပြီး ဆရာ တစ်ယောက်၏ ရှိသင့်ရှိထိုက်သော လူမှုဆက်ဆံရေးရှိကြောင်း ထင်ရှားသော လက္ခဏာတစ်ရပ်ပဲဖြစ်ပါတယ်။ ဆရာအနေဖြင့် မိဘများ၊ ကျောင်းသားများ၊ အထက်အရာရှိများ၊ ကျောင်းပြင်ပအဖွဲ့အစည်းများနှင့် နေ့စဉ်ပြောဆိုဆက်ဆံရသည့်အခါ ကောင်းမွန်သော ဆက်ဆံရေးတည်ဆောက်ခြင်းက လွန်စွာအရေးကြီး ပါတယ်။ ဆရာတစ်‌ယောက်၏ interpersonal skills ကောင်းခြင်း မကောင်းခြင်းသည်လည်း ကျောင်းသား၏ သင်ယူတတ်မြောက်မှု၊ လူမှုပေါင်းသင်းဆက်ဆံမှုနှင့် စိတ်ပိုင်းဆိုင်ရာ တိုးတက်ဖွံ့ဖြိုးမှုတို့အပေါ် များစွာ သက်ရောက်နေပါတယ်။ ထိုဖွံ့ဖြိုးတိုးတက်မှုတွေက ဆရာနှင့်ကျောင်းသားကြား အပြန်အလှန် ပြောဆို ဆက်ဆံခြင်းပေါ်တွင် မူတည်ပြီး ပိုမိုတိုးတက်လာနိုင်သလို ပိုမိုဆုတ်ယုတ်ခြင်းများလည်းရှိနိုင်ပါတယ်။

ယနေ့စာသင်ခန်းများက ကျောင်းသားဗဟိုပြုစာသင်ခန်းများဖြစ်ကြတဲ့အတွက် ကျောင်းသားကိုယ်တိုင် သင်ယူဆောင်ရွက်လုပ်ဆောင်ခြင်း၊ သင်ယူမှုလုပ်ငန်းစဉ်များတွင် ပါဝင်ပြီး တာဝန်များခွဲယူခြင်းများကို သင်ကြားသင်ယူမှုဖြစ်စဉ်တစ်ခုလုံးတွင် တွေ့ရပါတယ်။ ဆရာတွေရဲ့ အခန်းကဏ္ဍက ကျောင်းသားများ ကိုယ်တိုင်ဆောင်ရွက်နေချိန်မှာ ကြီးကြပ်ပေးသူ (facilitator) အဖြစ်ဆောင်ရွက်ရပါတယ်။ ဆရာက သင်ကြားမှုလုပ်ငန်းများကို ဦးဆောင်ခြင်းထက် ကျောင်းသားများရဲ့ သင်ယူမှုလုပ်ငန်းများကို ကြီးကြပ်ပေးခြင်း၊ အကြံပေးခြင်းနှင့် လမ်းကြောင်းပေါ်ရောက်အောင်ဆောင်ရွက်ပေးခြင်းတို့ကို ပိုမိုဆောင်ရွက်ရပြီး ထိုနည်းလမ်းများက ကျောင်းသားဗဟိုပြုစာသင်ခန်းတွင် အရေးကြီးဆုံးဖြစ်ပါတယ်။ ထိုသို့ဆောင်ရွက်ရာမှာ ဆရာက ဘာသာရပ်ဆိုင်ရာကျွမ်းကျင်မှုတို့အပြင် interpersonal skills ကျွမ်းကျင်ဖို့လည်း လွန်စွာ အရေးကြီးပါတယ်။ ဆရာ၏ ပင်ကိုယ် interpersonal skills ‌အခြေအနေကလည်း ဆရာကျောင်းသားဆက်ဆံရေးကို လွှမ်းမိုးနိုင်ပါတယ်။ ဆရာက interpersonal skills မကောင်းလျှင် မိမိမွေးထုတ်လိုက်သော ကျောင်းသားများတွင်လည်း interpersonal skills ကောင်းမွန်ရန် ရာခိုင်နှုန်းနည်းပါးပါတယ်။ 

စာသင်ခန်းထဲဝင်မယ့်ဆရာတစ်ယောက်အနေနဲ့ ဖော်ပြပါ Interpersonal skills ‌တွေရှိဖို့လိုအပ်ပါတယ်။

🔺စူးစမ်းလေ့လာခြင်း (Observation)

ကျောင်းသားတွေရဲ့နေ့စဉ်လုပ်ငန်းတွေကို လေ့လာပြီး ကျောင်းသားတွေ ဘယ်အရာတွေကိုလုပ်ကိုင်နေတယ်၊ ‌ကျောင်းသားတွေက ဘယ်နယ်ပယ်မှာပိုစိတ်ဝင်စားတယ်စတဲ့ ကျောင်းသားနဲ့ပတ်သက်တဲ့ ကောင်းမွန်သော အခြေအနေတွေကို စူးစမ်းလေ့လာဖို့လိုပါတယ်။ 

🔺 Emotional Intelligence 

Emotional Intelligence ကို အများစုကတော့ EQ လို့ခေါ်ကြပါတယ်။ ဆရာတစ်ယောက်အနေနဲ့ နေ့စဉ်စာသင်ခန်းမှာ မပြင်ဆင်ထားတဲ့ ကိစ္စတွေ ရုတ်တရက်ဖြစ်ပျက်ကြုံတွေ့ရပါလိမ့်မယ်။ တစ်ချိန်တည်းမှာ အဖြစ်အပျက်ပေါ်မူတည်ပြီး ဒေါသထွက်ခြင်း၊ ဝမ်းနည်းခြင်းစတဲ့ စိတ်ခံစားချက်မျိုးစုံဖြစ်ပေါ်လာနိုင်ပါတယ်။ ထိုအချိန်မှာ မိမိရဲံ EQ ကို ကောင်းစွာထိန်းသိမ်းပြီး ဖြစ်ပေါ်လာတဲ့ အခြေအနေအရပ်ရပ်ကိုပြန်လည်သုံးသပ်ပြီး ဖြေရှင်းဖို့လိုအပ်ပါတယ်။ မိမိရဲ့ EQ အတိုင်းချက်ချင်းတုံ့ပြန်လိုက်မယ်ဆိုရင် ကျောင်းသားတွေအတွက်လည်း နောက်ဆက်တွဲဆိုးကျိုးများရလာနိုင်ပါတယ်။

🔺ခေါင်းဆောင်မှု 

ဆရာက ကျောင်းစာသင်ခန်းတစ်ခုရဲ့ အဓိကဦးဆောင်သူပဲဖြစ်ပါတယ်။ ဆရာရဲ့ အပြုအမူ၊ အပြောအဆိုနဲ့ လုပ်ကိုင်ဆောင်ရွက်ပုံတွေကို ကြည့်ပြီး ကျောင်းသားများက ideal person အဖြစ် ဆရာကို သတ်မှတ်ကြပါတယ်။ ဆရာက အတန်းတွင်း ချမှတ်ထားတဲ့စည်းကမ်းတွေကို သူကိုယ်တိုင် လိုက်နာပြီး မချိုးဖောက်ဘဲပြုမူမှသာ ကျောင်းသားများကလည်း ဆရာအတိုင်း လိုက်နာမှာဖြစ်ပါတယ်။ ဆရာတစ်ယောက်အနေနဲ့ ခေါင်းဆောင်မှုကလည်း အလွန်အရေးကြီးပါတယ်။

🔺နား‌ထောင်သူ

စာသင်ခန်းတွင် အဓိကကျသော အချက်မှာ ဆရာက ကျောင်းသားများရဲ့စကားများကို နားထောင် ပေးခြင်းဖြစ်ပါတယ်။ စာသင်ခန်းထဲ ရောက်လာတဲ့ကျောင်းသားများက ဆရာကို ကြောက်ကြပါတယ်။ မိမိမသိသေးသော အကြောင်းအရာများ၊ မေးခွန်းများမေးရမှာ ကြောက်ကြပါတယ်။ ဆရာက အပြန်အလှန် စကားပြောဆိုသော အလေ့အကျင့်ပြုစုပျိုးထောင်ပေးပြီး ကျောင်းသားများစကားကို နားထောင်ပေးကာ အကြံဉာဏ်များပေးပြီး စကားပြောဆိုတဲ့အလေ့အကျင့်ကို ဖန်တီးယူရပါမယ်။

🔺 လွတ်လပ်ခြင်း (liberal)

လွတ်လပ်ခြင်းလို့ပြောတဲ့အခါ စာသင်ခန်းတွင်း မှားယွင်းစွာချမှတ်ထားသော စည်းကမ်းများ၊ တစ်စက်စောင်းနင်းဖြစ်၍ လူများစုကိုသာ ဦးတည်သော စည်းကမ်းများစတဲ့ အကြောင်းအရာများကို ကျောင်းသားများကို ပြင်ဆင်ခွင့်ပေးထားခြင်းကို ဆိုလိုပါတယ်။ ဒီနေရာမှာ လွတ်လပ်ခွင့်လို့ပြောခြင်းက negative အမြင်နဲ့ ဝေဖန်သုံးးသပ်ခြင်း၊ ဆရာကို လေးစားမှုမပေးတာ၊ စည်းကမ်းမရှိတာကိုဆိုလိုတာမဟုတ်ပါဘူး။ ဆရာနှင့်ကျောင်းသားများ မိမိတာဝန်ကို ဝေမျှယူပြီး ပြင်ဆင်သင့်တာတွေပြင်ဆင်ပြီး စာသင်ခန်းပတ်ဝန်းကျင်ကို ပိုမိုကောင်းမွန်အောင်ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ ဆရာကလည်း authority-centered မဖြစ်ရပါဘူး။ sharing responsibilites တာဝန်များကိုဝေမျှခွဲ‌ဝေပေးတတ်သူဖြစ်ရပါမယ်။

🔶Interpersonal skills တိုးတက်အောင် ဘယ်လိုလုပ်ကြမလဲ?

🔑 စာနာမှု နှင့် စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်အောင်ဆောင်ရွက်ခြင်း  

ကျောင်းသားတစ်ယောက်ရဲ့ အပြုအမူကို နားလည်ရန်နှင့် ကျောင်းသားတစ်ယောက်ရဲ့ မလျော်မကန် သောအပြုအမူတွေရဲ့ အဓိကအကြောင်းအရင်းကို ရှာနိုင်ခြင်းက ဆရာတစ်ယောက်ရဲ့ အရည်အချင်းပဲ ဖြစ်ပါတယ်။ ဥပမာ – ကျောင်းသားတစ်ဦးက အတန်းထဲမှာ အိပ်ငိုက်နေခြင်းက စာကိုစိတ်မဝင်စားခြင်းထက် နေမကောင်းသောမိဘကို ညက ပြုစုစောင့်ရှောက်ခြင်းလည်းဖြစ်နိုင်ပါတယ်။ ထို့ကြောင့် စာနာမှု သို့မဟုတ် စိတ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်ခြင်းက စာသင်ကြားမှုနယ်ပယ်သို့ စတင်လျှောက်လှမ်းလာမည့် ဆရာများ အတွက်အလွန်အရေးကြီးပါတယ်။ ကျောင်းသားတွေရဲ့ အခက်အခဲတွေကို စာနာနားလည်ခြင်းက ကျောင်းသားနှင့် ဆရာတို့ကြား ကောင်းမွန်သော ဆက်ဆံရေးတည်ဆောက်ခြင်းအတွက် အထောက် အကူပြု ပါတယ်။

🔑 လူမှုဆက်ဆံရေးအခက်အခဲများကို ကျော်လွှားခြင်း

ဆရာလျောင်းလျာများအနေဖြင့် စာသင်ခန်းသို့ စတင်ဝင်ရောက်သောအခါ၊ ဆရာ အချင်းချင်းပြောဆို ဆက်ဆံသည့်အခါ၊ အထက်လူကြီးနှင့်ပြောဆိုဆက်ဆံသည့်အခါ အခက်အခဲများရှိတတ်ပါတယ်။ ထို့ကြောင့် အတွေ့အကြုံရှိသော စီနီယာဝန်ထမ်းများက mentor အဖြစ် ဆရာများကို လက်တွဲခေါ် ပြီး personal development workshop များပေးသင့်ပါတယ်။ teacher training programs များတက်ရောက်ခြင်းဖြင့်လည်း လူမှုဆက်ဆံရေးများနယ်ပယ်များကို ပိုမိုကျယ်ပြန့်စေပါတယ်။ လုပ်ဖော်ကိုင်ဖက်ဆရာအချင်းချင်း အတန်းတွင်း ကြုံတွေ့ရသောအခက်အခဲများ၊ အတွေ့အကြုံများနှင့် လိုအပ်သောလမ်းညွှန်မှုများကို အပြုသဘောဆောင်သောဆွေးနွေးမှုများပြုလုပ်ရင်း မိမိတို့ရွေးချယ်ခဲ့သော စာသင်ကြားမှုအလုပ်ကို ပိုမိုမြတ်နိုး၍ တိုးတက်လိုစိတ်များရှိလာနိုင်ပါသည်။  

🔑 ကောင်းမွန်သော ဆက်ဆံရေးတည်ဆောက်ခြင်း

ဆရာ/ကျောင်းသားဆက်ဆံရေးကို အလေးပေးခြင်းနှင့် ထိုဆက်ဆံရေးကို ပိုမိုကောင်းမွန်သော၊ အပြုသဘောဆောင်သော ဆက်ဆံရေးဖြစ်ရန် လေ့လာသင်ယူခြင်းသည်လည်း ထည့်သွင်းစဉ်းစားသင့်သော အချက်ပဲဖြစ်ပါတယ်။ ဆရာလောင်းလျာများအနေနဲ့ အပြုသဘောမဆောင်သော အပြုအမူအပြောအဆိုများကို အပြုသဘောဆောင်သော အပြုအမူမျိုးဖြစ်အာင် ဘယ်လိုပြောင်းလဲပြင်ဆင်ရမည်နည်းကို လေ့လာဖို့ လိုအပ်ပါတယ်။

စာသင်ခန်းတွင်းအနှောင့်အယှက်ဖြစ်စေသော အပြုအမူများကို အပြစ်ပေးခြင်းထက် ဆရာက ကျောင်းသားများရဲ့ နောက်ခံအခြေအနေများမတူညီမှု၊ ယဉ်ကျေးမှုမတူညီမှုနှင့် တစ်ဦးတစ်ယောက်ခြင်းစီ၏ မတူကွဲပြားမှုများအပေါ် မူတည်ပြီး ချဉ်းကပ်ရမည့် နည်းလမ်းများကို လေ့လာထားဖို့လိုအပ်ပါမယ်။ ယနေ့ခေတ်စာသင်ခန်းအခြေအနေများမှာ တစ်ဦးတစ်ယောက်တည်း သပ်သပ်စီနေ၍ စာလေ့လာလိုသော ကျောင်းသားများအတွက် “quiet stations” များထားရှိခြင်း၊ စကားပြော၍ စုပေါင်း လုပ်ဆောင်လိုသော ကျောင်းသားများအတွက် “group work” များ‌ပေးခြင်းနှင့် မိမိစာသင်ခန်း၏ မတူညီ‌သောအခြေအနေများနှင့် သင့်တော်မည့် သင်ယူမှုပတ်ဝန်းကျင်အခြေအနေများကို ဖန်တီးထားရပါမယ်။ 

ဆရာအနေဖြင့် ထိုနည်းလမ်းများအသုံးပြုရင်း မဆီလျော်သောအပြုအမူပြုလုပ်သော ကျောင်းသား ဆိုသည်ထက် သင်ယူမှုပုံစံအမျိုးမျိုးရှိသော ကျောင်းသားဟု ကောင်းမွန်သော တွေးခေါ်မှုများ ရရှိလာနိုင်ပါတယ်။

🔑 အပြုအမူဖြင့် ဆက်သွယ်ပြောဆိုခြင်း

ကျောင်းသားများမှာ လေ့လာသင်ယူတဲ့နည်းလမ်းအမျိုးမျိုးရှိကြသလို လေ့လာသင်ယူရန် အခက်အခဲအမျိုးမျိုးရှိကြပါတယ်။ ထိုအခြေအနေများမှာ ဆရာက အပြုအမူဖြင့် ဆက်သွယ်ပြောဆိုပြီး ထိုအခက်အခဲများအောင်နားလည်အောင်ပြုလုပ်ခြင်းသည်လည်း အခရာကျပါတယ်။ ထိုသို့ အပြုအမူဖြင့်ပြောဆိုဆက်သွယ်ခြင်းက ပိုမိုတက်ကြွသောစာသင်ခန်း၊ ခန္ဓာကိုယ်အပြုအမူဖြင့်ပြ၍ ဆက်သွယ်ခြင်းဖြင့် ကျောင်းသားများအတွက်လည်း ပိုမိုစိတ်အားထက်သန်‌၍ ပျော်ရွှင်သော စာသင်ခန်းတစ်ခု ဖြစ်စေပါတယ်။

ဥပမာ – online learning classroom တစ်ခုမှာ ဗွီဒီယိုမဖွင့်ဘဲ အမြဲတမ်း mute ထားသော ကျောင်းသားဆီက response လိုချင်တဲ့အခါ reactions ခလုတ်ကိုနှိပ်စေပြီး အဆင်ပြေ၊မပြေသိအောင်ပြုလုပ်ခြင်း၊ အသံထွက်၍ မပြောချင်သောကျောင်းသားများအတွက်  chat box ထဲတွင် စာပို့စေခြင်း၊ virtual whiteboard ကိုဖွင့်၍ စာများရေးစေခြင်း စသည့်နည်းလမ်းအမျိုးမျိုးကို အသုံးပြုပြီး ဆရာနှင့်ကျောင်းသားဆက်ဆံရေးကို တည်ဆောက်နိုင်ပါတယ်။

သို့သော် အပြုအမူများသုံးပြီး ဆက်သွယ်ပြောဆိုခြင်းတစ်ခုတည်းဖြင့်မလုံလောက်ပါ။ ဆရာက အသံထွက်၍ မတုံ့ပြန်ခြင်း၏ အကြောင်းအရင်းကိုလည်းနားလည်ရပါမယ်။ အသံထွက်၍ မတုံ့ပြန်ခြင်းက စာသင်ခန်းတွင်း အခက်အခဲတစ်ခုခုကို ကြုံတွေ့နေရတဲ့ လက္ခဏာပင်ဖြစ်သည်။ ဥပမာ ခေါင်းအမြဲတမ်းငုံ့ထားပြီး တစ်ကြိမ်တစ်ခါမှ စကားမပြောသော ကျောင်းသားအနေဖြင့် အခြားကျောင်းသားများနှင့်ဆက်ဆံသည့်အခါ အခက်အခဲရှိခြင်းဖြစ်နိုင်ပြီး အားငယ်သိမ်ငယ်ခြင်းလည်းဖြစ်နိုင်ပါတယ်။ အတန်းတွင်း မေးခွန်းတစ်ခါမှ မေးခြင်းမရှိသလို ထိုမေးခွန်းအတွက် အဖြေကိုတစ်ခါမှ ဖြေကြားခြင်းမရှိသည့် ကျောင်းသားသည်လည်း သင်ခန်းစာကို စိတ်မဝင်စားခြင်းထက် သင်ခန်းစာနှင့်ပတ်သက်၍ ထပ်မံနားလည်ရန် လိုအပ်ခြင်းလည်း ဖြစ်နိုင်ပါတယ်။

🔑 စိတ်ပိုင်းဆိုင်ရာနှင့်ရုပ်ပိုင်းဆိုင်ရာဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ခြင်း

လူမှုဆက်ဆံရေးကောင်းမွန်သော ဆရာများသည် မိမိကိုယ်ကို သုံးသပ်ခြင်းနှင့် မိမိအတွက်ပိုမိုကောင်းမွန်သောအထောက်အကူများကိုရှာဖွေရာတွင် ပိုမိုအားသာကြပါတယ်။ စိတ်ပိုင်းဆိုင်ရာ နှင့် ရုပ်ပိုင်းဆိုင်ရာပြောင်းလဲဖို့ကြိုးစားရာမှာ လူမှုဆက်ဆံရေးကောင်းမွန်ခြင်းက အထောက် အကူပြုနိုင်တယ်။

ဆရာများ၏ စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ ကောင်းမွန်တိုးတက်ခြင်းက စာသင်ခန်းထဲမှာ စာသင်ကြားတဲ့အခါ အထောက်အကူပြုစေမှာ ဖြစ်ပါတယ်။ သို့သော် ဆရာကိုယ်တိုင် စိတ်ပိုင်းဆိုင်ရာလုံခြုံမှုမရှိခြင်း၊ စိတ်ပိုင်းဆိုင်ရာ ရင့်ကျက်မှု မရှိလျှင် မိမိကျောင်းသားများကို ကောင်းမွန်သော လမ်းပြမှုမျိုး ပေးနိုင်မှာမဟုတ်ပါဘူး။ 

ဆရာများအနေဖြင့် professional development training များ တက်‌ရောက်ပြီး မိမိနှင့် လုပ်ငန်းခွင်တူသော လူများနှင့်စကားပြောခြင်း၊ ပြင်ပအဖွဲ့အစည်းများတွင် ပါဝင်ဆောင်ရွက်ခြင်း၊ မိသားစု၊ သူငယ်ချင်း၊ လုပ်ဖော်ကိုင်ဖက်များဖြင့် activities များဆောင်ရွက်ခြင်းဖြင့် စိတ်ပိုင်းဆိုင်ရာ၊ ရုပ်ပိုင်းဆိုင်ရာ တိုးတက်မှုရှိအောင် လုပ်‌ဆောင်နိုင်ပါတယ်။ သို့သော် interpersonal skills များသည် သပ်သပ်လုပ်ယူ၍ ရတာမဟုတ်တဲ့အတွက် သဘာဝအတိုင်း လိုက်လျောညီထွေဖြစ်အောင် ကျင့်ကြံနေထိုင်ရင်း ကောင်းမွန်သော အပြုအမူများကို မွေးထုတ်ရင်း ထိုကျွမ်းကျင်မှုများရရှိသွားမှာဖြစ်ပါတယ်။ 

အချုပ်အားဖြင့် ဆရာနှင့် ကျောင်းသားဆက်ဆံရေးအတွက်အရေးကြီးဆုံးအချက်မှာ mutual respect ဖြစ်ပါတယ်။ ဆရာအနေဖြင့် နွေးထွေးမှု၊ စာနာမှု၊ လေးစားမှုနှင့် ယုံကြည်ကိုးစားမှုတို့ကို ပြသနိုင်ဖို့လိုအပ်ပါတယ်။ ဆရာ၏ ကောင်းမွန်သော သက်ရောက်မှု (positive impact) သည် ကျောင်းသား၏အောင်မြင်တိုးတက်မှု (achievement) ကို အထောက်အပံ့ပေးနိုင်ပါတယ်။ ထို positive impact က မည်သည့် ကျောင်းစာသင်ခန်းပုံစံမျိုးမဆို (ဥပမာ ပုံမှန်စာသင်ခန်း၊၊ special education စာသင်ခန်း၊ မူကြို ကျောင်းစာသင်ခန်းစသည်) အသုံးဝင်ပါတယ်။