Problem Solving Skills for Teacher

💠ပြဿနာဖြေရှင်းနိုင်ခြင်း စွမ်းရည် (Problem Solving Skills) ဆိုတာဘာလဲ။

ဆရာ/မတွေဟာ နေရာဒေသအသီးသီးက လူမျိုး၊ ဘာသာ၊ အလေ့အထ မတူညီတဲ့ ကျောင်းသားတွေ၊ မိဘတွေ၊ လုပ်ဖော်ကိုင်ဖက်တွေနဲ့ အစဉ်ထိတွေ့ရခြင်း၊ မတူညီတဲ့ဒေသတွေမှာ တာဝန်ပြောင်းရွှေ့ထမ်းဆောင်ရခြင်းတွေကြောင့် ပြဿနာအမျိုးမျိုးကြုံတွေ့ရမှာ မလွဲပါဘူး။ ဒါအပြင် သင်ခန်းစာဆိုင်ရာ ပြသနာတွေကို ဦးဆောင်ဖြေရှင်းရတာ ကျောင်းသားတွေဖြေရှင်းတဲ့နည်းလမ်းတွေကို ကြီးကြပ်ပေးရတာတွေရှိပါတယ်။ ဒါကြောင့် ဆရာ/ဆရာတွေအနေနဲ့ ဘာသာရပ်ဆိုင်ရာ ပြသနာဖြေရှင်းနည်းရော လူမှုရေးဆိုင်ရာ ပြသနာတွေပါ ဖြေရှင်ဖို့ဆိုရင် ပြသနာဖြေရှင်းနည်းသိထားဖို့လိုပါတယ်။

ပြဿနာဖြေရှင်းသူများ၏ အရည်အသွေးများနှင့် စိတ်နေသဘောထားများကတော့  

  • မှန်ကန်ခိုင်မာနေပြီးဖြစ်တဲ့ အချက်အလက်များနဲ့ လက်တွေ့အခြေအနေများကြား ကွဲပြားခြားနားချက်ကို သိရှိထားခြင်း။
  • မှားယွင်းသွားခြင်း (သို့မဟုတ်) အမှားလုပ်မိခြင်းတို့အပေါ် ကြောက်ရွံ့မှု မရှိခြင်း။
  • ရရှိတဲ့ အချိန်အကန့်အသတ် အပိုင်းအခြားအတွင်း ပြီးစီးအောင် လုပ်ဆောင်ခြင်း။
  • အခြေအနေအလိုက် လိုက်လျောညီထွေမှုရှိခြင်းနဲ့ ပြဿနာအတွက် အဖြေတစ်ခုထက်မကရှာဖွေတတ်ခြင်း။
  • လုပ်နိုင်မှာ (I Can Do It)” ဟူသည့် စိတ်နေသဘောထားရှိခြင်း။
  • ပြဿနာတိုင်းအတွက် ပြောင်းလဲလို့ မရနိုင်ခြင်း၊ နောက်ဆုံးတစ်ခုတည်းဖြစ်ခြင်း၊ လုံးဝမှန်ကန်တဲ့ အဖြေတစ်ခုတည်းကိုသာ ရှိတယ်လို့ မှတ်ယူမထားခြင်း။
  • ပြဿနာဖြေရှင်းသူတွေက အတွေးအခေါ်များကို စဉ်းစားသုံးသပ်ပြီး ပြဿနာ ဖြေရှင်းတဲ့ နည်းလမ်းတွေနဲ့ ပြန်လည် သုံးသပ်တတ်ခြင်း။

💠Types of Problems (ပြဿနာအမျိုးအစားများ)

  1. ရှင်းလင်းတဲ့ ပြဿနာများ (Tame Problems)
    သာမန်ဖြစ်လေ့ဖြစ်ထရှိတဲ့ ပြဿနာများဖြစ်ပြီး ဖြေရှင်းရန်လွယ်ကူတဲ့ ပြဿနာမျိုးဖြစ်ပါတယ်။

ဥပမာ – အလုပ်အတွင်း လုပ်ငန်းစဉ်များ လွဲချော်ခြင်းကြောင့်ဖြစ်လာတဲ့ ပြဿနာများ

  1. ရှုပ်ထွေးတဲ့ ပြဿနာများ (Complex Problems)
    တသမတ်ဖြေရှင်းနည်းနဲ့ ဖြေရှင်းလို့ မရတာကြောင့် နားလည်ရခက်ပြီး ဖြေရှင်းနည်းမကျပါက မမျှော်လင့်ထားတဲ့ နောက်ဆက်တွဲပြဿနာတွေကို ဖြစ်ပေါ်နိုင်ပါတယ်။

ဥပမာ – နိုင်ငံရေးပြဿနာများ၊ ရာသီဥတုပြောင်းလဲလာမှု ပြဿနာများ

  1. ထောင့်စုံက မြင်ရတဲ့  ပြဿနာများ (Wicked Problems)
    ဖြေရှင်းဖို့အခက်ခဲဆုံး ပြဿနာတွေဖြစ်ပြီး ရှုပ်ထွေးတဲ့ ပြဿနာများ စုစည်းနေတတ်တဲ့ ပြဿနာစုအနေနဲ့ တည်ရှိတတ်ကြပါတယ်။

ဥပမာ – ငွေကြေးအခက်အခဲပြဿနာများ၊ ကျန်းမာရေး စောင့်ရှောက်မှုပြဿနာများ

💠Problem Solving Skills ကောင်းအောင် ဘယ်လို မြှင့်တင်မလဲ။

သင်ဟာ ပြဿနာတွေကို ကောင်းကောင်းမွန်မွန် ဖြေရှင်းနိုင်တဲ့သူ (Good Problem Solver) လို့ လူအများစုက ယုံကြည်နေခြင်းက မမှန်ပါဘူး။ သင့်အနေနဲ့ ပြဿနာများစွာကို ဖြေရှင်းနိုင်ဖို့အတွက် အလွန်ထက်မြတ်နေဖို့ မလိုပါဘူး။ ကြုံလာရတဲ့ ပြဿနာတွေကို ဖြေရှင်းရင်းလေ့ကျင့်နေဖို့ပဲလိုတာပါ။ ဒါဆိုရင် အောက်ဖော်ပြပါ အလေ့အထတွေကို အသုံးခြခြင်းဖြင့် လေ့ကျင့်ယူလိုရပါပြီ-

1️⃣ ပြဿနာပေါ်မဟုတ်ပဲ ဖြေရှင်းချက်ပေါ်ပဲ အာရုံစိုက်ပါ။ (Focus on the Solution, Not the Problem)

“သင်က ပြဿနာပေါ်မှာပဲ အာရုံစိုက်နေမယ်ဆိုရင် သင့်ရဲ့ ဦးနှောက်မှာ ဖြေရှင်းချက်ကို ရှာဖွေလို့ရမှာ မဟုတ်ပါဘူး” လို့ အာရုံကြောသိပ္ပံပညာရှင်များက ဆိုထားပါတယ်။ ဒါက ဘာကြောင့်လဲ ဆိုတော့ သင်က ပြဿနာပေါ်မှာပဲ အာရုံစိုက်ပြီး အကောင်းမမြင်တဲ့ စိတ်ခံစားချက်များကို သင့်ရဲ့ ဦးနှောက်မှာ လွှမ်းမိုးနေလို့ပဲ ဖြစ်ပါတယ်။ အဲဒီ မကောင်းမြင်စိတ်တွေက သင့်ရဲ့ ဖြေရှင်းမှု စွမ်းရည်ကို ပိတ်ဆို့လိုက်တာကြောင့် ဖြစ်ပါတယ်။ ဒီအချက်မှာ ပြဿနာကို မတွေးနဲ့ဆိုတာက ပြဿနာကို လျစ်လျူရှုပြီး ရှောင်ပြေးဖို့ မဆိုလိုပါဘူး။ စိတ်ကို တည်ငြိမ်အောင်ထားခြင်းကသာ ပြဿနာရဲ့ ဇစ်မြစ်ကို သိဖို့ ကူညီပေးမှာဖြစ်ပါတယ်။ “ဘယ်သူ့အမှားလဲ၊ ဘာကြောင့်မှားတာလဲ” ဆိုတာကို တွေးတောနေမယ့်အစား အဖြေကိုသာ အာရုံကို စိုက်ပါ။ 

2️⃣ ပြဿနာကို ရှင်းရှင်းလင်းလင်း သတ်မှတ်ဖို့ 5 WHYs ကို သိအောင်လုပ်ပါ။

“5 WHYs” သည် ပြဿနာတစ်ခုရဲ့ အရင်းခံကို သိရှိအောင်ကူညီပေးတဲ့ ပြဿနာဖြေရှင်းရေး မူဘောင်တစ်ခုဖြစ်ပါတယ်။ ပြဿနာတစ်ခုအတွက် “ဘာကြောင့်လဲ” ဆိုတဲ့မေးခွန်းကို ထပ်ခါတလဲလဲမေးရင်း၊ အကြောင်းရင်းကို ရှာဖွေနိုင်ပါတယ်။ ဒီပြဿနာက ဘာကြောင့်လဲဆိုတဲ့ ‘Why’မေးခွန်းကို ထပ်ခါထပ်ခါ မေးခြင်းအားဖြင့် အကြောင်းအရင်းကို သင်ရှာဖွေနိုင်ပါတယ်။ ဒီနည်းလမ်းက ပြဿနာတစ်ခုကို အကောင်းဆုံးဖြေရှင်းနည်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် ‘Why’ ဆိုတဲ့မေးခွန်းနဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေကို  ငါးကြိမ်လောက် မေးမြန်းခြင်းအားဖြင့် ပြဿနာအရင်းခံကို နက်နက်နဲနဲရှာဖွေနိုင်ပါတယ်။

ဥပမာ- ပြဿနာက “အိပ်ယာထနောက်ကျပြီး အမြဲတမ်းအလုပ်နောက်ကျတယ်” ဆိုရင်

  1. ငါဘာလို့ အလုပ်အမြဲနောက်ကျတာလဲ။
    အိပ်ယာထနောက်ကျလို့ ဖြစ်တယ်။
  2. ငါဘာလို့ အိပ်ချင်‌နေရတာလဲ။
    မနက်ခင်းမှာ  ငါအရမ်းပင်ပန်းသလို ခံစားရလို့ ဖြစ်တယ်။
  3. မနက်ခင်းမှာ ငါဘာလို့ ပင်ပန်းနေရတာလဲ။
    ငါမနေ့ညက ညဉ့်နက် မှ အိပ်ခဲ့တာကြောင့်ဖြစ်တယ်။
  4. ငါဘာလို့ ညဉ့်နက် မှ အိပ်ခဲ့တာလဲ။
    ကော်ဖီသောက်ပြီး အိပ်မပျော်လို့ facebook ကို ဖွင့်ပြီး New feedမှာ ဟိုကြည့်ဒီကြည် လုပ်ရင်း အချိန်ကုန်မှန်း မသိအောင် သုံးမိခဲ့တာကြောင့်ဖြစ်တယ်။
  5. ငါဘာလို့ ကော်ဖီသောက်ခဲ့တာလဲ။
    နေ့လည်ပိုင်းတုန်း အလုပ်မှာ  အိပ်ငိုက်နေလို့ ကော်ဖီ သောက်ခဲ့မိတာကြောင့် ဖြစ်တယ်။

ဒီအချက်တွေ သင်တွေးလိုက်ခြင်းက “သင်ဘာကြောင့်အလုပ်နောက်ကျလဲ” ဆိုတာရဲ့ အဖြေကိုရှာနိုင်ပါတယ်။ ရုံးမှာဘာကြောင့် နေ့လည်ဘက်ကော်ဖီသောက်မိတာလဲ ဆိုတဲ့ အရင်းမြစ်ခံကတော့  မနေ့ညက Facebook သုံးပြီး ညဉ့်နက်မှအိပ်ခဲ့တာကြောင့်ဖြစ်တယ်။ Social Mediaတွေကို အလွန်အကျွံသုံးမိတဲ့အခါ သင့်ရဲ့စိတ်ကျန်းမာရေး ကိုယ်ကျန်းမာရေးကို ထိခိုက်စေပြီး အဓိက ပြဿနာအရင်းမြစ်တစ်ခု ဖြစ်လာပါတယ်။

 á€’ဍကဟ္ဏငအ် ပြသနာတစ်စုံတစ်ခုဖြစ်လာရင် 5 WHYs ကို လေ့ကျင့်သင့်ပါတယ်။

3️⃣ ပြဿနာတွေကို ရိုးရှင်းအောင်ပြုလုပ်ပါ။ ( Simplify Things)

လူတွေဟာ ရိုးရှင်းတဲ့အရာတွေကို လိုအပ်သည်ထက် ပိုမို ရှုပ်ထွေးအောင် ပြုလုပ်တတ်ကြတာက ဓမ္မတာပါပဲ။ ဒါကြောင့် ကိုယ့်ရဲ့ ပြဿနာတွေကို ယေဘုယျဆန်ဆန် ရှုမြင်ပြီး ရိုးရိုးရှင်းရှင်း မြင်ယောင်ကြည့်ပါ။ အသေးစိတ်တွေးတောမှုကို ဖယ်ထုတ်ပြီး ပြဿနာအရင်းခံက ဘယ်ကစလဲဆိုတာကို ပြန်လည်ရှာဖွေပါ။ အလွယ်ကူဆုံးနဲ့ သိသာထင်ရှားတဲ့ ပြဿနာဖြေရှင်းနည်းကို ရှာဖွေစဉ်းစားခြင်းအားဖြင့် သင်ရရှိလာမယ့် ရလဒ်က သင့်ကို အံ့အားသင့်စေပါလိမ့်မယ်။ အရိုးရှင်းဆုံး လုပ်ဆောင်ချက်တွေကပဲ အကောင်းဆုံး ရလဒ်တွေ ပေးတယ်ဆိုတာကို သိထားသင့်ပါတယ်။

4️⃣ ဖြစ်နိုင်တဲ့ ဖြေရှင်းချက်တွေကို စာရင်းပြုစုပါ။ (List out as Many Solutions as Possible)

ပြဿနာတစ်ခုက ဘယ်လောက်ပဲ ရှုပ်ထွေးနေသည်ဖြစ်စေ ဖြစ်လာနိုင်တဲ့ ဖြေရှင်းချက်တွေ ပေါ်ပေါက်လာအောင် လုပ်ဆောင်ပါ။ ဒီအချက်က သင့်ရဲ့ အတွေးတွေကို ပွင့်လင်းစေပြီး ဝေဖန်ပိုင်းခြားတွေးခေါ်ခြင်းစွမ်းရည် (Critical Thinking Skills) ကို မြှင့်တင်ပေးတာကြောင့် အရေးပါတဲ့ အချက်တစ်ခု ဖြစ်တဲ့အပြင် အလားအလာရှိတဲ့ ဖြေရှင်းချက်တွေကိုလည်း အစပျိုးပေးပါတယ်။

သင်ဘာလုပ်လုပ် ‘ပေါကြောင်ကြောင်ဖြေရှင်းနည်း(stupid solutions)’ တွေက ပေါ်ပေါက်လာနိုင်တာမို့ ကိုယ့်ကိုကိုယ် အသုံးမကျတဲ့ လူတစ်ယောက်အဖြစ် လှောင်ပြောင်တာမျိုး မလုပ်ပဲ ရူးရူးသွပ်သွပ် တွေးခေါ်စဉ်းစားပြီး အလားအလာရှိတဲ့ ဖြေရှင်းချက်တွေကို ရှာဖွေသင့်ပါတယ်။

5️⃣ သွယ်ဝိုက်တွေးခေါ် ပြီး ဖြေရှင်းပါ။ (Think Laterally)

သွယ်ဝိုက်တွေးခေါ်ခြင်းဖြင့် သင့်အတွေးရဲ့ ‘ဦးတည်ချက်’ ကို ပြောင်းလဲပါ။

‘You cannot dig a hole in a different place by digging it deeper.” အဓိပ္ပါယ်က “တွင်းကို တစ်နေရာတည်းမှာပဲ နက်နက်တူးမိနေရင် အခြားနေရာတွေမှာ စမ်းတူးကြည့်ဖို့ အခွင့်အရေးမရနိုင်တော့ဘူး”။ ဆိုလိုချင်တာက အခက်အခဲ ပြဿနာနဲ့ ကြုံလာရင် ဖြေရှင်းစရာ နည်းတွေအမျိုးမျိုးရှိနိုင်တယ်။ နည်းလမ်းတစ်မျိုးတည်းကိုပဲ တစ်ချိန်လုံး တွေးနေရင်တော့ အဆင်ပြေမှာ မဟုတ်ပါဘူး။ ဒါကြောင့်မိမိတွေးတောမှု ပုံစံ၊ ဖြေရှင်းနည်းပုံစံတွေကို ပြောင်းလဲပါ။ ဘက်ပေါင်းစုံ၊ ရှုထောင့်ပေါင်းစုံ ကနေ အဖြေရှာကြည့်ဖို့ လိုအပ်ပါတယ်။

6️⃣ ဖြစ်နိုင်ခြေရှိတဲ့ စကားလုံးများကိုသုံးပြီး ဖြေရှင်းပါ။

“တကယ်လို့သာ (What if…)” နှင့် “ဒီလိုဖြစ်ခဲ့မယ်ဆိုရင်(‘Imagine if…)” ဟူသော စကားစုများနဲ့ စဉ်းစားတွေးခေါ်တာကို စတင်လုပ်ဆောင်ပါ။ ဒီလို လုပ်ဆောင်ခြင်းက ဦးနှောက်ကို တီထွင်ဖန်တီးမှုရှိသော တွေးခေါ်မှုနှင့် ဖြေရှင်းချက်များ လုပ်ဆောင်ရန် လှုံ့ဆော်ပေးပါတယ်။ သို့ပေမယ့် ရေငုံနှုတ်ပိတ်နေခြင်း၊ အဆိုးမြင် စကားလုံးများဖြစ်တဲ့  “ဖြစ်နိုင်မယ်မထင်ဘူး (I don’t think)” သို့မဟုတ် “ဒီနည်းလမ်းက မမှန်နိုင်ဘူး (But this is not right)” ဆိုတဲ့ အတွေးတွေကို မတွေးသင့်ပါဘူး။

7️⃣ ဆက်သွယ်ပြောဆို လုပ်ဆောင်ပါ။ 

သင့်ဖြေရှင်းချက်နည်းလမ်းတွေက မည်သို့ အလုပ်ဖြစ်တယ်ဆိုတာကို အခြားသူများနှင့်မျှဝေပါ။ အကယ်၍ လူအများကြိုက်နှစ်သက်မှု မရှိသည့် ဆုံးဖြတ်ချက်မျိုးကို ချမိလိုက်ပါက ဘာကြောင့် ဤနည်းလမ်းကို ရွေးချယ်ရသည်ကို နားလည်အောင် ရှင်းပြပါ။ သင့်အစီအစဉ်ဖြစ်မြောက်အောင်မြင်အောင် ပူးပေါင်း ကူညီပေးခဲ့သူများကိုလည်း ကျေးဇူးတင်ပါ။ 

ပြသနာဖြေရှင်းရန် သတိပြုရမည့် အချက် (The Bottom Line)

သင်အနေနဲ့ ပြဿနာတစ်ခုကို စတင်ရင်ဆိုင်တဲ့အခါမှာ ထိတ်လန့်ကြောက်ရွံ့နေစရာမလိုဘူး ဆိုတာကို သတိပြုစေချင်ပါတယ်။ ပြဿနာတွေကို ကြောက်စရာတစ်ခုလို မရှုမြင်လိုက်ပါနဲ့။ တကယ့်ပြဿနာလို့ တွေးမြင်လိုက်မယ်ဆိုရင် သင့်ရဲ့ လက်ရှိအခြေအနေပေါ်မှာ တုံ့ပြန်ချက်တစ်ခုသာသာပါပဲ။ တစ်စုံတစ်ခုကြောင့် အလုပ်မဖြစ်ပဲ ခက်ခဲနေတာကို  ပြဿနာလို့ ဆိုနိုင်ပြီး အဲဒီ ပြဿနာတွေကို ပြေလည်သွားစေမယ့် နည်းလမ်းများနဲ့ ဖြေရှင်းဖို့ ကြိုးစားပါ။ ဝေဖန်အကဲဖြတ်တာတွေ မလုပ်ဘဲ ပြဿနာတွေကို ပြတ်ပြတ်သားသား ချဉ်းကပ်နိုင်ဖို့ ကြိုးစားပါ။ ပြဿနာတစ်ခုလုံးကို အရမ်းရှုပ်ထွေးအောင် မလုပ်ဘဲ ဖြေရှင်းချက်ထုတ်ဖို့ကိုသာ အာရုံစိုက်ပြီး စိတ်အေးအေးထား ဖြေရှင်းတတ်အောင် လေ့ကျင့်ပါ။ 

💠ထိရောက်သော ပြဿနာဖြေရှင်းနည်း နည်းလမ်းများနဲ့ နည်းစနစ်များ

ပြဿနာဖြေရှင်းခြင်းဆိုတာဟာ မတူညီတဲ့ အခြေအနေအနေတွေမှာ ထိရောက်စွာ အသုံးပြုနိုင်တဲ့ နည်းလမ်းတွေ၊ နည်းစနစ်တွေနဲ့ ဖွဲ့စည်းထားတဲ့ ကျယ်ပြန့်တဲ့ နယ်ပယ်တစ်ခုဖြစ်ပါတယ်။ ပြဿနာတွေကို နားလည်ခြင်း၊ ခွဲခြမ်းစိတ်ဖြာခြင်းနဲ့ ဖြေရှင်းခြင်းအတွက် လူကြိုက်များပြီး အသုံးဝင်တဲ့ နည်းလမ်းတွေ ကို လေ့လာကြည့်ရအောင် – 

(၁) စိတ်ကူးထုတ်ဖော်ခြင်း၊ ဆွေးနွေးခြင်း (Ideation/Brainstorming) 

ဆွေးနွေးခြင်းဟာ ပြဿနာ အတွက် ဖြစ်နိုင်ခြေရှိတဲ့ဖြေရှင်းနည်းများစွာကို လွတ်လပ်စွာဖော်ထုတ်နိုင်တဲ့ လုပ်ငန်းစဉ်ဖြစ်ပါတယ်။

  • Brainstorming (ဆွေးနွေးငြင်းခုန်ခြင်း): အဖွဲ့ဝင်အားလုံးဟာ စိတ်ကူးအကြံဉာဏ်များစွာကို လွတ်လပ်စွာ ပြောဆိုဖော်ထုတ်ပြီး အကောင်းဆုံး စိတ်ကူးများကို ရွေးချယ်ကြပါတယ်။
  • Mind Mapping (စိတ်ကူးပုံဖော်မြေပုံ): အတွေးအခေါ်တွေကို ဗဟိုပြုထားတဲ့ အကြောင်းအရာ တစ်ခုကနေစတင်ပြီး ဘေးဘက်သို့ ဆက်စပ်တွေးခေါ်ကာ မြင်သာအောင် ချပြတဲ့နည်းလမ်းဖြစ် ပါတယ်။ ၎င်းက စိတ်ကူးတွေကို စနစ်တကျစုစည်းပြီး မြင်သာအောင်ဖော်ပြတဲ့နေရာမှာ  အထောက်အကူပြုပါတယ်။
  • SCAMPER Technique: စိတ်ကူးသစ်တွေရရှိဖို့အတွက် မေးခွန်းတွေ စုစည်းထားတာ ဖြစ်ပါတယ်။
    • Substitute –  ဘာကို အစားထိုးနိုင်မလဲ။
    • Combine – ဘာတွေကို ပေါင်းစပ်နိုင်မလဲ။
    • Adapt – ဘာကို လိုက်လျောညီထွေဖြစ်အောင် ပြုပြင်နိုင်မလဲ။
    • Modify – ဘာကို ပြောင်းလဲနိုင်မလဲ။
    • Put to another use – ဘာကို တခြားနည်းနဲ့ သုံးနိုင်မလဲ။
    • Eliminate – ဘာကို ဖယ်ရှားနိုင်မလဲ။
    • Reverse – ဘာကို ပြောင်းပြန်လှန်နိုင်မလဲ။

(၂) အကြောင်းရင်း ခွဲခြားစုံစမ်းခြင်း (Root Cause Analysis) 

ပြဿနာတစ်ခုရဲ့ အပေါ်ယံ လက္ခဏာများထက် ၎င်းကို ဖြစ်ပေါ်စေတဲ့ အခြေခံ အကြောင်းအရင်း (Root Cause) ကို ရှာဖွေဖော်ထုတ်တဲ့ နည်းလမ်း ဖြစ်ပါတယ်။

  • Fishbone Diagram (Ishikawa Diagram): ပြဿနာရဲ့ ဖြစ်နိုင်ခြေရှိတဲ့ အကြောင်းအရင်းအားလုံးကို စနစ်တကျ ခွဲခြားသတ်မှတ်ပြီး မြင်သာအောင် ဖော်ပြပေးနိုင်တဲ့ ကိရိယာ ဖြစ်ပါတယ်။ အဓိက အကြောင်းအရင်းအုပ်စုများ (ဥပမာ- လူ၊ လုပ်ထုံးလုပ်နည်း၊ ပစ္စည်း၊ ပတ်ဝန်းကျင်၊ တိုင်းတာမှု) အောက်မှာ အသေးစိတ် အကြောင်းအရင်းတွေကို ဆက်စပ်ဖော်ပြတဲ့နည်းလမ်းဖြစ်ပါတယ်။ 
  • Pareto Analysis (80/20 Rule): ပြဿနာ ၈၀% ကို ဖြစ်စေတဲ့ အဓိက အကြောင်းရင်း ၂၀% ကို ရှာဖွေဖော်ထုတ်တဲ့ နည်းလမ်း ဖြစ်ပါတယ်။ ၎င်းက အရေးကြီးဆုံး ပြဿနာ အစိတ်အပိုင်းတွေကို ဦးစားပေး ဖြေရှင်းဖို့ ကူညီပေးပါတယ်။

(၃) အစိတ်အပိုင်း ခွဲခြားဖြေရှင်းခြင်း (Divide and Conquer) 

ရှုပ်ထွေးပြီး ကြီးမားတဲ့ ပြဿနာတစ်ခုကို သေးငယ်ပြီး ပိုမိုစီမံခန့်ခွဲနိုင်တဲ့ အစိတ်အပိုင်းလေးတွေအဖြစ် ခွဲထုတ်ပြီး တစ်ခုချင်းစီကို ဖြေရှင်းတဲ့ နည်းဗျူဟာ ဖြစ်ပါတယ်။ ၎င်းက ပြဿနာကို ပိုမိုရိုးရှင်းစေပြီး အဆင့်ဆင့် ဖြေရှင်းနိုင်စေပါတယ်။

(၄) စမ်းသပ်ကြည့်ပြီး သင်ယူခြင်း (Trial and Error) 

ဖြစ်နိုင်ခြေရှိတဲ့ ဖြေရှင်းနည်း အမျိုးမျိုးကို လက်တွေ့စမ်းသပ်ကြည့်ပြီး၊ မအောင်မြင်တဲ့ အရာတွေကနေ သင်ခန်းစာယူကာ အကောင်းဆုံး ဖြေရှင်းနည်းကို ရှာဖွေတဲ့ နည်းလမ်း ဖြစ်ပါတယ်။ ရိုးရှင်းတဲ့ ပြဿနာတွေ ဒါမှမဟုတ် ရွေးချယ်စရာ နည်းပါးတဲ့ အခြေအနေတွေမှာ သင့်လျော်ပေမယ့်၊ ရှုပ်ထွေးတဲ့ ပြဿနာတွေအတွက်တော့ အချိန်ကုန်နိုင်ပါတယ်။

(၅) နောက်ကနေရှာခြင်း (Working Backward) 

နောက်ဆုံး လိုချင်တဲ့ ရလဒ် (Desired Outcome) ကို အရင်ဆုံး သတ်မှတ်ပြီး၊ အဲဒီရလဒ်ဆီကို ဘယ်လို ရောက်ရှိနိုင်သလဲဆိုတာကို အဆင့်လိုက် ပြန်လည်ခြေရာခံခြင်းဖြင့် ပြဿနာရဲ့ ဖြေရှင်းနည်းကို ရှာဖွေတဲ့ နည်းလမ်း ဖြစ်ပါတယ်။ ရည်မှန်းချက် မရှင်းလင်းတဲ့ ပြဿနာတွေမှာ အသုံးဝင်ပါတယ်။

(၆) နမူနာနှိုင်းယှဉ်ခြင်း (Analogies and Pattern Recognition) 

လက်ရှိကြုံတွေ့နေရတဲ့ ပြဿနာကို ယခင်တုန်းက ဖြစ်ခဲ့ဖူးတဲ့ ဒါမှမဟုတ် တခြားနယ်ပယ်မှာ ဖြစ်ခဲ့ဖူးတဲ့ တူညီတဲ့ ပြဿနာတွေနဲ့ နှိုင်းယှဉ်စဉ်းစားပြီး ဖြေရှင်းနည်းကို ရှာဖွေခြင်း ဖြစ်ပါတယ်။ ပုံစံတူ အတွေ့အကြုံတွေကနေ သင်ခန်းစာယူပြီး လက်ရှိပြဿနာကိုဖြေရှင်းရာမှာ ပြန်လည်အသုံးချနိုင်ပါတယ်။ 

(၇) အယူခံစမ်းသပ်ခြင်း (Hypothesis Testing) 

ပြဿနာအတွက် ဖြစ်နိုင်ခြေရှိတဲ့ ဖြေရှင်းနည်း ဒါမှမဟုတ် အကြောင်းအရင်းအဖြစ် “ယူဆချက် (Hypothesis)” တစ်ခုကို ပထမဆုံး ဖော်ထုတ်သတ်မှတ်ပြီး၊ အဲဒီအယူခံကို မှန်ကန်မှု ရှိ၊ မရှိ စမ်းသပ် စစ်ဆေးခြင်း ဖြစ်ပါတယ်။ ၎င်းက သိပ္ပံနည်းကျ နည်းလမ်း (Scientific Method) ရဲ့ အခြေခံမူတွေနဲ့ ဆက်စပ်နေပါတယ်။

  • မေးခွန်းထုတ်ပါ → ယူဆချက်ထုတ်ပါ → စမ်းသပ်ပါ → ရလဒ်အပေါ်အခြေခံပြီး အကြောင်းအရာ သတ်မှတ်ပါ။

(၈) ဆုံးဖြတ်ချက်ချခြင်း ကိရိယာများ (Decision-Making Tools) 

ရှုပ်ထွေးတဲ့ ပြဿနာတွေအတွက် အကောင်းဆုံး ဖြေရှင်းနည်းကို ရွေးချယ်ရာမှာ ကူညီပေးနိုင်တဲ့ ကိရိယာတွေ ဖြစ်ပါတယ်။

  • Pros and Cons List (အားသာချက်/အားနည်းချက် စာရင်း): ရွေးချယ်စရာတစ်ခုချင်းစီရဲ့ အကျိုးကျေးဇူး (Pros) နဲ့ အားနည်းချက် (Cons) တွေကို ရှင်းရှင်းလင်းလင်း ရေးချပြီး နှိုင်းယှဉ်နိုင်ပါတယ်။
  • Decision Matrix (ဆုံးဖြတ်ချက်ဇယား): ရွေးချယ်စရာ အမျိုးမျိုးကို သတ်မှတ်ထားတဲ့ စံနှုန်း (Criteria) တွေအပေါ် အမှတ်ပေးပြီး၊ အကောင်းဆုံး ရွေးချယ်မှုကို ရှာဖွေဖို့ ကူညီပေးပါတယ်။
  • Cost-Benefit Analysis (ကုန်ကျစရိတ်-အကျိုးအမြတ် ခွဲခြမ်းစိတ်ဖြာခြင်း): ဖြစ်နိုင်ခြေရှိတဲ့ ဖြေရှင်းနည်းတစ်ခုချင်းစီရဲ့ ကုန်ကျစရိတ် (ငွေကြေး၊ အချိန်၊ အရင်းအမြစ်) နဲ့ ရရှိလာမယ့် အကျိုးအမြတ်တွေကို နှိုင်းယှဉ်ဆန်းစစ်ပြီး အကျိုးအမြတ် အများဆုံး ဖြစ်မယ့် ဖြေရှင်းနည်းကို ရွေးချယ်တာဖြစ်ပါတယ်။

(၉) ပူးပေါင်းဆွေးနွေးခြင်း (Collaborating and Consulting) 

ပြဿနာတစ်ခုကို ဖြေရှင်းရာမှာ ကိုယ့်အဖွဲ့ထဲက လူတွေ၊ အထူးကျွမ်းကျင်သူတွေ ဒါမှမဟုတ် သက်ဆိုင်တဲ့ အဖွဲ့အစည်းတွေနဲ့ ဆွေးနွေးတိုင်ပင်ပြီး အကြံဉာဏ်တွေ၊ ရှုထောင့်အသစ်တွေ ရယူခြင်း ဖြစ်ပါတယ်။ ဒါက ပိုမိုပြည့်စုံတဲ့ ဖြေရှင်းနည်းတွေကို ရရှိစေပါတယ်။