ကိုယ်ရေးအကျဥ်းရေးနည်း (Resume Writing) 

📄ကိုယ်ရေးအကျဥ်း ဆိုတာဘာလဲ?

Resume (ကိုယ်ရေးအကျဥ်း) ဆိုတာ မိမိရဲ့ပညာရေး၊ အလုပ်အတွေ့အကြုံတွေ၊ ကျွမ်းကျင်မှု၊ အောင်မြင်မှုတွေနဲ့ အခြား တတ်မြောက်မှုတွေကို အတိုချုံး ဖော်ပြရေးသားတဲ့ စာရွက်စာတမ်းတစ်ခုပဲဖြစ်ပါတယ်။ 

✅ကိုယ်ရေးအကျဥ်းကို ဘာအတွက်သုံးကြလဲ?

ကိုယ်ရေးအကျဥ်း (Resume) ကို အလုပ်လျှောက်ဖို့အတွက် အသုံးပြုကြသလို နိုင်ငံခြားမှာ ကျောင်းလျှောက်ဖို့၊ စကော်လာ လျှောက်ဖို့အတွက်လည်း ကိုယ်ရေးအကျဥ်း (Resume) ကို ပြင်ဆင်ရပါတယ်။

📝ကိုယ်ရေးအကျဥ်းတစ်ခုကို ဘယ်လိုရေးကြမလဲ?

မှန်ကန်တဲ့  ကိုယ်ရေးအကျဥ်း (Resume) ပုံစံတစ်ခု (Resume format) ကို တည်ဆောက်ပါ။ ကိုယ်ရေးအကျဥ်း (Resume) တစ်ခုမှာ အောက်မှာ ဖော်ပြထားတဲ့ အချက်တွေက အဓိကအနေနဲ့ ပါဝင်ဖို့ လိုအပ်ပါလိမ့်မယ်။

  •  ဆက်သွယ်ရမယ့်လိပ်စာနှင့်ဖုန်းနံပါတ် (Contact Information)
  • လုပ်ငန်းအတွေ့အကြုံ (Experience)
  • ပညာရေး (Education)
  • ကျွမ်းကျင်မှုများ (Skills)
  • အခြားဖြည့်စွက်စရာများ (Additional Sections)

📱ဆက်သွယ်ရမယ့် အချက်အလက်တွေကို သေချာဖြည့်သွင်းပါ။

ဒီအဆင့်မှာ နာမည်အပြည့်အစုံ၊ လျှောက်ထားသူ (ဥပမာ – အလုပ်လျှောက်သူ၊ ပညာသင်ဆုလျှောက်သူ၊ စေတနာ့ဝန်ထမ်းလျှောက်သူ၊ အသင်းအဖွဲ့ဝင်လျှောက်သူ သို့မဟုတ် ကျောင်းလျှောက်သူ စသည်ဖြင့်) ရဲ့ လက်ရှိအလုပ်အကိုင်နယ်ပယ် (ဥပမာ – ဆရာမ)၊ အီးမေးလ်နံပါတ်၊ ဖုန်းနံပါတ်၊ လိပ်စာ အပြည့်အစုံကို မမှားအောင် ထည့်ရပါမယ်။ အခြားဆက်သွယ်စရာ ဥပမာ – LinkedIn profile ရှိရင်လည်း ထည့်လို့ရပါတယ်။ 

🧑‍💻လျှောက်ထားသူရဲ့ အတွေ့အကြုံတွေကို အသေးစိတ်ဖော်ပြပါ။

ဒီအဆင့်မှာ မိမိလုပ်ခဲ့သောအလုပ်ရဲ့ ရာထူးအမည်၊ အလုပ်လုပ်ခဲ့သောနှစ် (မည်သည့် နှစ်မှ မည်သည့်နှစ်အထိ)၊ တာဝန်ယူဆောင်ရွက်ခဲ့ရသောလုပ်ငန်းများနှင့် ကုမ္ပဏီနာမည်၊အဖွဲ့အစည်းနာမည် ကို သေချာစွာဖြည့်သွင်းပါ။ သင်က ပညာသင်ဆု လျှောက်သူဖြစ်ခဲ့လျှင် သင့်ရဲ့ ပညာအရည်အချင်းနဲ့ တက်ခဲ့သောသင်တန်းများကို ဖြည့်စွက်ပါ။ စေတနာ့ဝန်ထမ်း သို့မဟုတ် အသင်းအဖွဲ့လျှောက်သူ တစ်ဦးဖြစ်လျှင် မိမိပါဝင်ခဲ့သော အသင်းအဖွဲ့များရဲ့ အတွေ့အကြုံကို အသေးစိတ်ရေးပါ။

🧑‍🎓ပညာအရည်အချင်းကို အသေးစိတ်ဖော်ပြပါ။

ဒီအဆင့်မှာ အသက်မွေးဝမ်းကျောင်း အရည်အချင်းတွေအပါအဝင် ယခင်ပညာရေးအားလုံးကို စာရင်းနှင့် ရက်စွဲအတိအကျထည့်ပါ။ နောက်ဆုံးပညာအရည်အချင်းကို အရင်ထည့်ပါ။  အရည်အချင်း အမျိုးအစား/ အဆင့်များနှင့် ရက်စွဲများပါအောင်ထည့်ပါ။ (ဥပမာ – အထက်တန်းအောင်၊ ၂၀၂၀ ခုနှစ်)

💻ကျွမ်းကျင်မှုများအဆင့်မှာ hard skills များအပြင် soft skills များကိုပါ ထည့်ပေးပါ။

ဒီအဆင့်မှာ SWOT analysis အရ မိမိရဲ့ အားသာချက်တွေ၊ မိမိတတ်မြောက်ထားတဲ့နိုင်ငံခြားဘာသာ စကားတွေနှင့် ကျွမ်းကျင်စွာသုံးနိုင်သော IT ပက်ကေ့ဂျ်များကို ဖော်ပြပေးပါ။ (ဥပမာ – Microsoft word, excel)  ထို့အပြင် မိမိက 21 ရာစုကျွမ်းကျင်မှုများဖြစ်တဲ့ ပူးပေါင်းဆောင်ရွက်ခြင်း (Collaboration)၊ ဆက်သွယ်ပြောဆိုခြင်း (Communication)၊ ပြဿနာဖြေရှင်းနိုင်ခြင်း (problem-solving)၊ အသင်းအဖွဲ့ဖြင့် အလုပ်လုပ်နိုင်ခြင်း (team-work) စသည်ဖြင့် မိမိဆောင်ရွက်နိုင်တဲ့ ကျွမ်းကျင်မှုတွေကိုလည်း ဖော်ပြပေးဖို့ လိုအပ်ပါလိမ့်မယ်။ 

🧑‍🎨 အခြားမိမိဖြည့်စွက်ချင်တဲ့ အကြောင်းအရာများကို ဖော်ပြပေးပါ။

ဒီအဆင့်မှာ မိမိရဲ့ ဝါသနာ၊ ပရဟိတ (volunteer) အတွေ့အကြုံများ၊ ကိုယ်ပိုင်ဘလော့ဂ် (personal blog) စသည်ဖြင့် ဖော်ပြပေးနိုင်ပါတယ်။ အကယ်၍ ဒီအဆင့်မှာ ဖော်ပြစရာမရှိခဲ့လျှင် ချန်ထားလို့ရပါတယ်။

ကိုယ်ရေးအကျဥ်း (Resume) တစ်ခုရေးသားရာတွင် လိုက်နာရမည့်အချက်များ

  • စာလုံးဖောင့် Arial, Cambria သို့မဟုတ် Time New Roamn ကို အသုံးပြုလို့ရပါတယ်။ စာလုံးဖောင့်အားအသုံးပြုရာတွင် Font size 11-12 သာ အကောင်းဆုံးဖြစ်ပါတယ်။ 
  • မိမိရဲ့ မကြာသေးခင်က ရိုက်ထားသော ဓာတ်ပုံကို ထည့်ပါ။ selfie ဓာတ်ပုံ၊ group ဓာတ်ပုံနှင့် အိမ်မွေးတိရိစ္တာန်များနှင့်ရိုက်ထားသောဓာတ်ပုံများ မထည့်ရပါ။
  • မကြာသေးမီက ဖြစ်ခဲ့သော အကြောင်းအရာတွေကို အရင်ရေးသားပြီး အစီအစဉ်တကျရှိပါစေ။
  • အရေးကြီးဆုံးကတော့ တိုတိုနှင့်လိုရင်းဖြစ်ပါစေ။ အများဆုံးစာမျက်နှာ နှစ်မျက်နှာသာရှိပါစေ။ 
  • Resume တစ်ခုကို နေရာတိုင်းသုံးဖို့ အဆင်မပြေတာကြောင့် လျှောက်မည့်အလုပ်အပေါ်မူတည်ပြီး ပြန်လည်ပြင်ဆင်ပါ။

ကိုယ်ရေးအကျဥ်း (Resume) တစ်ခုရေးသားရာတွင် ရှောင်ရှားရမည့်အချက်များ

  • Resume အဟောင်းတစ်ခု သို့မဟုတ် မသေမသပ် မလှပသော Resume ပေးပို့ခြင်းကို ရှောင်ကြဉ်ပါ။
  • ၂ မျက်နှာထက်ပိုသော ကိုယ်ရေးအကျဉ်းတစ်ခုကို မပြင်ဆင်ပါနဲ့။ 
  • စာလုံးပေါင်းနှင့် သဒ္ဒါအမှားများကို သေချာစစ်ဆေးပါ။ 
  • မိမိမရခဲ့တဲ့ အောင်မြင်မှုတွေ ပညာရေးတွေကိုသာ ထည့်သွင်းမရေးသားပါနဲ့။
  • ဆက်သွယ်ရန်အချက်အလက်များ မမှန်ကန်ခြင်းကလည်း မိမိအခွင့်အရေးကို ဆုံးရှုံးစေပါတယ်။