မိမိကိုယ်ကို လေ့လာသုံးသပ်ခြင်း (SWOT Analysis)

💠SWOT Analysis ဆိုတာဘာလဲ။

SWOT ဆိုတာ လူတစ်ဦးတစ်ယောက်အတွက်ဖြစ်စေ၊ အသင်းအဖွဲ့၊ အဖွဲ့အစည်းများအတွက်ဖြစ်စေ၊ အကောင်အထည်ဖော်မည့် စီမံကိန်းများအတွက်ဖြစ်စေ အားသာချက်များ(Strength)၊ အားနည်းချက်များ(Weakness)၊ အခွင့်အလမ်းများ (Opportunities)၊ ခြိမ်းခြာက်မှုများ(Threats)ကို ဖော်ထုတ်သုံးသပ်ရန်အတွက်ဖြစ်တယ်။ ဥပမာ မိမိကို အွန်လိုင်း အတန်းကနေ သင်ခန်းစာတစ်ခု လေ့လာခိုင်းတယ် ဆိုပါစို့။ သင်ယူဖို့အတွက် မိမိမှာ အားသာချက်ဘာတွေရှိလဲ၊ အတားအဆီးဖြစ်နိုင်မဲ့ အားနည်းချက်ဘာတွေရှိလဲ၊ အခွင့်အလမ်းအနေနဲ့ အလွယ်တကူသုံးနိုင်တဲ့  App/ website တွေသုံးလို့ရတာလား၊ တတ်မြောက်သွားရင် ဗဟုသုတတွေကို လက်တွေ့ အသုံးချနိုင်မှာလား၊ ခြိမ်းခြောက်မှုတွေအနေနဲ့က ဒေတာဖိုးဈေးကြီးတာလား၊ အင်တာနက်ရဖို့ခက်တာလား စတာတွေဖော်ထုတ်ပြီး မိမိကို ပေးအပ်တဲ့ သင်ယူမှုကို အောင်မြင်ဆောင်ဖော်ဆောင်နိုင်ဖို့ SWOT ကိုသုံးနိုင်ပါတယ်။ အားသာချက်များနဲ့ အားနည်းချက်တွေက မိမိလက်တွင်းရှိနေပြီး မိမိဘာသာထိန်းချုပ် နိုင်တယ် ပြောင်းလဲနိုင်တယ်။ အခွင့်အလမ်းများနဲ့ ခြိမ်းခြောက်မှုများက အပြင်ဘက်မှာ ဖြစ်ပေါ်နေသည့်အရာတွေဖြစ်ပါတယ်။ သင်က အခွင့်အလမ်းတွေကို အခွင့်ကောင်းယူပြီး ခြိမ်းခြောက်မှုများကို ကာကွယ်နိုင်ပေမဲ့လည်း ဒါတွေကို ပြောင်းလဲလို့မရပါဘူး။

💠ဘာကြောင့် SWOT Analysis လုပ်သလဲ။

သင်လုပ်ဆောင်ရမယ့် အရာအားလုံးကို အောင်မြင်ဖို့ရာအတွက် သင်သိပြီးသားဟု သင်ထင်ကောင်း ထင်နိုင်သော်လည်း SWOT ခွဲခြမ်းစိတ်ဖြာခြင်းက သင့်ကိုယ်သင် နည်းလမ်းသစ်များနှင့် လမ်းကြောင်းသစ်များမှ ကြည့်ရှုရန် တွန်းအားပေးမည်ဖြစ်ပါတယ်။ သင်ရဲ့ အားသာချက်များနှင့် အားနည်းချက်များကို ကြည့်ပြီး ပြင်ပမှာရှိတဲ့ အခွင့်အလမ်းများကို ရယူနိုင်ရန်နှင့် ခြိမ်းခြောက်မှုများကို ကျော်လွှားနိုင်ရန် မည်ကဲ့သို့ အသုံးချနိုင်သည်ကို ကြည့်ရှုနိုင်မှာဖြစ်ပါတယ်။  

 💠SWOT Analysis ကိုဘယ်လိုအသုံးပြုရမလဲ။ 

SWOT Analysis က တစ်ဦးချင်းစီအတွက် မိမိလုပ်နိုင်စွမ်းကိုအကဲဖြတ်ရန်၊ အားသာချက်၊ အားနည်းချက်များကိုဖော်ထုတ်ရန်နဲ့ သင့်လျော်သောဖြေရှင်းနည်းများကို အကဲဖြတ်နိုင်ရန် အထောက်အကူ ပြုပါတယ်။ SWOT ခွဲခြမ်းစိတ်ဖြာနည်းသည် မိမိ၏အားသာချက်၊ အားနည်းချက်များကို သိမြင် နိုင်စေပြီး အခွင့်အရေးများရယူတတ်စေရန်နှင့် ခြိမ်းခြောက်မှုများကို ကြိုတင်ပြင်ဆင်ပြီး ပြောင်းလဲနိုင်ရန် ကူညီပေးသောနည်းလမ်းကောင်း ဖြစ်ပါတယ်။ ထို့အပြင် အားနည်းချက်များကိုလည်း အားသာချက်ဖြစ်အောင် ပြောင်းယူနိုင်ပြီး ခြိမ်းခြောက်မှုများကိုလည်း အခွင့်အရေး အဖြစ် တတ်နိုင်သမျှ ပြောင်းလဲနိုင်မှာ ဖြစ်ပါတယ်။ ဥပမာ – မိမိကို မိဘတွေက အွန်လိုင်းသင်တန်းတွေ တက်ဖို့ပြောလာတယ် ဆိုပါဆို့ ဒါကို SWOT နဲ့ ခွဲ့ခြမ်းစိတ်ဖြာကြည့်ကြရအောင်

🛑သင့်အားသာချက်အနေနဲ့

  • Digital tools များသိရှိခြင်း
  • အွန်လိုင်းမှသင်ကြား ပို့ချတဲ့ သင်တန်းတွေတက်ဖူးခြင်း
  • ကွန်ပျူတာဆိုင်ရာပညာရပ်များကျွမ်းကျင်ခြင်း
  • ကြိုးစား သင်ယူချင်စိတ်ရှိခြင်း

🛑သင့် အားနည်းချက်အနေနဲ့

  • ကိုယ်ပိုင်ကွန်ပျူတာမရှိခြင်း
  • အွန်လိုင်းအတန်းထဲမှ သူငယ်ချင်းများနဲ့ ရင်းနှီးမှုမရှိခြင်း
  • စိတ်အာရုံအပြောင်းအလဲမြန်ဆန်ခြင်း
  • အွန်လိုင်းမှသင်ယူဖူးသည့်အတွေ့အကြုံမရှိခြင်း

🛑အခွင့်အလမ်းများအနေနဲ့

  • နိုင်ငံရပ်ခြားတွင် ကျောင်းများတက်ရောက်ခွင့်
  • သင်တန်းသားအချင်းချင်း ကောင်းမွန်တဲ့ ဆက်ဆံရေး တည်ဆောက်နိုင်ခြင်း
  • အနာဂတ်တွင်ဖြစ်လာမည့် ရည်မှန်းချက်ပန်းတိုင်
  • ဒီဂျစ်တယ်နည်းပညာများ ပိုမို ရင်းနှီးကျွမ်းဝင်လာခြင်း

🛑ခြိမ်းခြောက်နေတဲ့ စိန်ခေါ်မှုများအနေနဲ့

  •  မိမိနေထိုင်ရာနေရာတွင်ကောင်းမွန်သော အင်တာနက်ကွန်ယက်မရှိခြင်း
  • သင်တန်းအတွက် ဒေတာဖိုးကုန်ကျနိုင်ခြင်း
  • အွန်လိုင်းသင်ယူမှုစနစ် နဲ့ မိမိကိုယ်ကို စီမံခန့်ခွဲမှုစနစ်မရှိသေးခြင်း
  • မိမိ မိုဘိုင်းလ်ဖုန်းသည် စွမ်းဆောင်ရည် နိမ့်ခြင်း

💠ဘာကြောင့် ဆယ်ကျော်သက် လူငယ်တွေ SWOT Analysis လုပ်သင့်လဲ။

လူငယ်တွေမှာ သင်ယူလေ့လာထားတဲ့အရာတွေ အများအပြားရှိပေမယ့် ဒီအရာတွေကို အကြောင်းကိစ္စတော်တော်များများမှာ ပြန်အသုံးချတတ်ဖို့ မေ့လျော့နေကြပါတယ်။ လူငယ်တွေက မဖြေရှင်းနိုင်တဲ့ ပြဿနာတွေ၊ ကြီးမာတဲ့ လုပ်ငန်းစဥ်တွေနဲ့ အရေးကြီး ကိစ္စတွေကို စတင်လုပ်ကိုင်ရတဲ့အခါ စိတ်ဖိစီးမှုနဲ့ စိုးရိမ်ပူပန်မှု များစွာရလာကြပါတယ်။ ဒါက ဘာကြောင့်လဲဆိုတော့ ဆောင်ရွက်ရမယ့်ကိစ္စတွေအပေါ် ဘယ်ကနေ ဘယ်လို စပြီး ကိုင်တွယ်ရမလဲ မသိတာကြောင့်ရယ်၊ ဖြေရှင်းရမယ့်အရာတွေအပေါ် ဘယ်စွမ်းအရည်၊ အခွင့်အလမ်းတွေကို အသုံးချပြီး ဖြေရှင်းဆောင်ရွက် ရမလဲဆိုတာ တွေးခေါ်မှုမျိုး မရှိတတ်ကြပါဘူး။ ဒါက ဘာကြောင့်လဲဆိုတော့ လူငယ်တွေအနေနဲ့ သင်ယူထားတဲ့ အရာတွေကို အချိန်မှန် နေရာမှန် လက်တွေ့ အသုံးမချတတ်သေးတာကြောင့် ဖြစ်ပါတယ်။ ဒီလိုမျိုးအရာတွေ မဖြစ်ရအောင် SWOT Analysis ကို အသုံးပြုပြီး ဖြေရှင်း ဆောင်ရွက်ရမယ့် ကိစ္စရပ်တိုင်းမှာ ဖြေရှင်းဖို့ လိုအပ်ပါတယ်။

လူငယ်တွေအနေနဲ့ ဖြေရှင်းရမယ့် ကိစ္စတစ်ခုကို စတင်လုပ်ဆောင်နေချိန် ဒါမှမဟုတ် လုပ်ဆောင်နေစဥ်အတွင်း SWOT ခွဲခြမ်းစိတ်ဖြာမှုကို လုပ်ဆောင်နိုင်ပါတယ်။ မိမိရဲ့ SWOT Analysis အချက်အလက်များ ပြည့်စုံမှန်ကန်မှု ရှိ/မရှိ သိရှိနိုင်ရန် ဆရာ/မများ၊ မိဘများ ဒါမှမဟုတ် သင့်ရဲ့ ဆောင်ရွက်ရမယ့် ကိစ္စအကြောင်းကို သိတဲ့ သူငယ်ချင်းများဆီကနေ နောက်ထပ်အမြင်များကို ရယူဖို့ လိုပါတယ်။ အဓိကကတော့ မတူညီတဲ့ အမြင်ရှိဖို့ဖြစ်ပါတယ်။ SWOT Analysis ကို ဖြေရှင်းဆောင်ရွက်ရမယ့် အလုပ်ကိစ္စနဲ့ ပြဿနာတွေမှာလည်း အသုံးပြုလို့ ရသလို၊ ရည်မှန်းချက် ပန်းတိုင်၊ ဆန္ဒ နဲ့ ဝါသနာတွေကို အကဲဖြတ်ရန် SWOT ခွဲခြမ်းစိတ်ဖြာမှုကို အသုံးပြုကာ ဆုံးဖြတ်နိုင်တယ်။ 

💠SWOT ခွဲခြမ်းစိတ်ဖြာနည်းကို မှန်မှန်ကန်ကန်လုပ်နည်း

  • လူငယ်တွေအနေနဲ့ SWOT Analysis လုပ်တဲ့အခါ တိကျမှန်ကန်တဲ့ ဆန်းစစ်ချက်တွေနဲ့အတူ လေ့လာဖို့ လုပ်ဆောင်သင့်ပါတယ်။ SWOT analysisကို အသုံးပြုပြီး ဆန်းစစ်ရှာဖွေတဲ့အခါ အစဉ်လိုက် ဖြစ်လို့ မလိုအပ်ပေမယ့် လုပ်ဆောင်ချက်တိုင်းက တိကျမှန်ကန်နေဖို့ လိုအပ်ပါတယ်။ 

ဥပမာ လူငယ်တစ်ယောက်အနေနဲ့ မိမိမှာရည်မှန်းချက်ပန်းတိုင် ၂ မျိုး ၃ မျိုးဖြစ်နေပြီး ရွေးချယ်ဖို့ ခက်နေချိန်မှာ မှန်မှန်ကန်ကန်ရွေးချယ်နိုင်ဖို့ SWOT Analysis လုပ်မယ်ဆိုရင် စနစ်တကျ စတင်လုပ်ဆောင်ရမယ့် အချက်တွေကတော့ 

  1. ရည်မှန်းချက်တွေကို သတ်မှတ်ပါ။ 
  2. အားသာချက်နဲ့ အားနည်းချက်ကို သတ်မှတ်ပါ။
  3. အခွင့်အလမ်းတွေကို သတ်မှတ်ပါ။
  4. ခြိမ်းခြောက်မှုတွေကို သတ်မှတ်ပါ။ 
  5. ဦးစားပေးချက်တွေကို သတ်မှတ်ပါ။ 

🖌️1. ရည်မှန်းချက်တွေကို သတ်မှတ်ပါ။

ပထမဆုံးအချက်က ရည်မှန်းချက်တွေကို သတ်မှတ်ခြင်း ဖြစ်ပြီး သင်ရဲ့ ရည်မှန်းချက်တွေကို အပြည့်အဝနားလည် သဘောပေါက်ထားဖို့ လိုအပ်ပါတယ်။ ရည်မှန်းချက်ကို စတင်လုပ်ဆောင်တဲ့အခါ တိကျသေချာတဲ့ အချိန်ကာလတစ်ခုရှိနေဖို့က အလွန်အရေးကြီးပါတယ်။ အချိန်ကာလကို သတ်မှတ်ထားခြင်းမရှိဘဲ ရည်မှန်းချက်ပန်းတိုင်ကို ထားခြင်းက ပျင်းရိမှုများဖြစ်ပေါ်စေပြီး မသေချာတဲ့ ပန်းတိုင်ကို လျှောက်လှမ်းနေတာနဲ့ အတူတူပါပဲ။ ဒါကြောင့် ရည်မှန်းချက် ပန်းတိုင်ကို တည်ဆောက်ရာမှာ အချိန်ကာလတစ်ခုကို သတ်မှတ်ပြီး လုပ်ဆောင်ဖို့ လိုအပ်ပါတယ်။ 

🖌️2. အားသာချက်နဲ့ အားနည်းချက်တွေကို သတ်မှတ်ပါ။

သင့်အနေနဲ့ ရည်မှန်းချက် ပန်းတိုင်ကို သတ်မှတ်ပြီးသွားပြီဆိုရင်တော့ ရည်မှန်းချက်အပေါ် လုပ်ဆောင်နိုင်မယ့် အားနည်းချက်နဲ့ အားသာချက်တွေကို ရှာဖွေပါ။ ရည်မှန်းချက်နဲ့ ဆက်စပ်တဲ့ အားသာချက်နဲ့ အားနည်းချက်တွေကို သင်ကိုယ်တိုင် သိထားခြင်းက အခက်အခဲတွေ ဖြစ်ပေါ်စေမှာ မဟုတ်ပါဘူး။ အကယ်၍ ကိုယ့်ရဲ့ အားနည်းချက်နဲ့ အားသာချက်တွေအပေါ် မသေချာဘူးလို့ ခံစားရရင် ကောင်းမွန်တဲ့ အကြံဉာဏ်ပေးနိုင်သူတစ်ဦးကို တောင်းဆိုပါ။ 

🖌️3. အခွင့်အလမ်းတွေကို သတ်မှတ်ပါ။

ရည်မှန်းချက် ပန်းတိုင်ကို အမြန်ဆုံးရောက်စေဖို့ အကူအညီပေးနိုင်မယ့်အရာတွေကို ချရေးပါ။ ဒီအရာတွေကတော့ အပြင်ဘက်ကနေ ကိုယ့်ကို ပါဝင်ကူညီပေးမယ့်အချက်တွေ ဖြစ်ပါတယ်။ ဒီလိုအကူအညီပေးနိုင်မယ့်အရာတွေကို သိရှိထားခြင်းက သင့်ရဲ့ ရည်မှန်းချက် ပန်းတိုင်ကို သေချာစီမံနိုင်ရုံသာမက ရည်မှန်းချက်နဲ့ နီးစပ်နဲ့ အခွင့်အလမ်းတွေကိုလည်း တွေ့မြင်နိုင်စေပါတယ်။ 

🖌️4. ခြိမ်းခြောက်မှုတွေကို သတ်မှတ်ပါ။

ခြိမ်းခြောက်မှုတွေကတော့ SWOT analysis မှာပါဝင်တဲ့ အားနည်းချက်တွေထက် ပိုကျယ်ပြန့်ပါတယ်။ ခြိမ်းခြောက်မှုတွေ အပြင်ဘက်ကနေလည်းဖြစ်နိုင်သလို အတွင်းဘက်ကနေလည်း ဖြစ်နိုင်ပါတယ်။ အတွင်းဘက်ခြိမ်းခြောက်မှုတွေက အားနည်းချက်အပိုင်းမှာ ဆန်းစစ်ခဲ့ပြီး ဖြစ်တာကြောင့် ဒီနေရာမှာ အပြင်ဘက် ခြိမ်းခြောက်မှုတွေကို ချရေးဖို့ လိုအပ်ပါတယ်။ ဒီခြိမ်းခြောက်မှုတွေမှာ သင့်ရဲ့ ရည်မှန်းချက် ပန်းတိုင်ကို အတားအဆီးအဖြစ် ရှိနေနိုင်မယ့် အရာတွေဖြစ်ပါတယ်။ ဒီလိုခြိမ်းခြောက်မှုတွေကို ရှင်းရှင်းလင်းလင်း သတ်မှတ်ရေးထားနိုင်မှသာ အတားအဆီးတွေကို အကောင်းဆုံး ဖြေရှင်းနိုင်မှာဖြစ်ပါတယ်။ 

🖌️5. ဦးစားပေးချက်တွေကို သတ်မှတ်ပါ။

သင့်အနေနဲ့ SWOT Analysis ကို ပြုလုပ်ပြီးသွားရင်တော့ ပြန်လည်ဆန်းစစ်ဖို့ လိုအပ်ပါတယ်။ ဒါ့အပြင် ပြန်လည်ဆန်းစစ်တဲ့အခါမှာလည်း လိုအပ်ရင် လိုအပ်သလို ပြုပြင်ပြောင်းလဲမှုတွေ လုပ်ဖို့ လိုပါတယ်။ SWOT Analysis ကို သေချာ ပြုလုပ်ထားခြင်းက ဘယ်အရာတွေကို ဦးစားပေး လုပ်ဆောင်ရမလဲဆိုတာ ရှင်းရှင်းလင်းလင်း နားလည်လာပါလိမ့်မယ်။ 

အခုလေ့လာသွားတဲ့ အကြောင်းအရာတွေကတော့ မိမိကိုယ်ကို သိမြင်ဖို့ သုံးသပ်တဲ့ SWOT Analysis ဖြစ်ပါတယ်။ ဒါ့အပြင် ကိုယ့်ရဲ့ သက်မွေးဝမ်းကြောင်း လုပ်ငန်းတိုးတက်ဖို့အတွက်လည်း SWOT Analysis ကို အသုံးပြုလို့ ရပါတယ်။ 

ဥပမာ –