အချိန် စီမံခန့်ခွဲခြင်း စွမ်းရည် (Time Management)

🔍သင် စာလုပ်ဖို့ ဆုံးဖြတ်ထားပြီးမှ ဘယ်အချိန်စရမှန်း မသိဖြစ်ဖူးပါသလား။ ဒါမှမဟုတ် ပြဿနာတခုခုအပေါ် မဖြေရှင်းနိုင်ဘဲ ပိတ်မိနေတယ်လို့ ခံစားနေရပါသလား။ ဒီအရာတွေကို ဖြေရှင်းဖို့အတွက် စွမ်းရည်အများကြီးရှိတဲ့ထဲကနေ မရှိမဖြစ် ရှိသင့်တဲ့ စွမ်းရည်တစ်ခုလိုအပ်ပါတယ်။ အဲ့ဒါကတော့ Time Management ပဲ ဖြစ်ပါတယ်။ 

📈လူတွေအားလုံးက အချိန်တစ်ခုအပေါ်မှာ အလုပ်လုပ်ရင်း ရုန်းကန် ရှင်သန်ကြရပါတယ်။ အသက်အရွယ်ရောက်လာလေလေ မလုံလောက်တဲ့ အချိန်တွေ ရှိလာတာကြောင့် လူကြီးတွေအနေနဲ့ အချိန်ကို ရှိသလောက် ပိုလိုချင်ကြပါတယ်။ ဒါပေမယ့် ဆယ်ကျော်သက် လူငယ်တွေဆီမှာတော့ လုံလောက်တဲ့ အချိန်တွေ အများအပြားရှိကြပါတယ်။ လူငယ်တွေက များပြားလုံလောက်တဲ့အချိန်အပေါ် အကောင်းဆုံး အသုံးမချနိုင်ကြပါဘူး။ ဘာကြောင့်လဲဆိုတော့ အချိန်ရဲ့ အရေးပါဝင်မှုနဲ့ အချိန်တခုက လူ့ဘဝမှာ ဘယ်လောက်အရေးကြီးလဲဆိုတာ မသိကြတဲ့အချိန် လူငယ်တွေ အသက်ကြီးလာတဲ့အခါ အချိန်လွန်မှ အနာဂတ်ရည်မှန်းချက် ပန်းတိုင်နဲ့ပတ်သက်ပြီး ပူပန်သောက ရောက်ကြရပါတယ်။ ဒီလိုမျိုး အချိန်ကို ရောက်လာပြီဆိုရင်တော့ လူငယ်တွေရဲ့ ဘဝမှာ တခြားသူတွေထက် နောက်ကျကျန်ခဲ့ခြင်း ဆိုတဲ့ ခံစားချက်ကို စတင်ခံစားလာပါတယ်။ ဒါကြောင့် ဒီလိုမဖြစ်ရအောင် ဆယ်ကျော်သက်အရွယ်မှာ အချိန်ကို စီမံခန့်ခွဲတတ်အောင် လေ့ကျင့်ထားဖို့ လိုအပ်ပါတယ်။ 

🔆ဆယ်‌ကျော်သက်အရွယ်မှာ လုံလောက်တဲ့ အချိန်တွေကို ပိုင်ဆိုင်ထားခြင်းက ပျော်ရွှင်မှုတစ်ခုအတွက်တည်းကိုပဲ အာရုံစိုက်တတ်စေဖို့ မဟုတ်ဘဲ ကျန်းမာ‌ရေး၊ ပညာ‌ရေးနဲ့ အနာဂတ်ရည်မှန်းချက် ပန်းတိုင်အတွက် ဂရုတစိုက် သင်ယူလေ့လာ လေ့ကျင့်ဖို့အတွက်ပါ အာရုံစိုက်ဖို့ လိုအပ်ပါတယ်။ ဆယ်ကျော်သက်အရွယ်ဆိုတာ သင်ယူမှု အားကောင်းပြီး တက်ကြွလန်းဆန်းတဲ့ အရွယ်၊ သင်ယူမှုတိုင်းကို အလွယ်တကူ မှတ်သားသိရှိနိုင်ပြီး အရာရာကို အင်းအားအပြည့်နဲ့ လုပ်ဆောင်နိုင်တဲ့ အရွယ်ဖြစ်ပါတယ်။ ဒီလိုအရွယ်မှာ ကိုယ်က အချိန်ကို အကောင်းဆုံးအသုံးချပြီး သင်ယူ လေ့လာ လေ့ကျင့်မှုတွေ မလုပ်ရင်တော့ အသက်အရွယ်တစ်ခုရောက်လာတဲ့အခါ သင်ယူလေ့လာရေးဆိုင်ရာ ကိစ္စရပ်တွေမှာ နှောက်နှေးလာမှာဖြစ်တဲ့အပြင် မေ့လျော့ခြင်း၊ ကိုယ်ခန္ဓာက မလိုက်နိုင်တော့ခြင်း နဲ့ အပြည့်အဝ အာရုံမစိုက်နိုင်တော့ခြင်း စတဲ့ စွမ်းဆောင်ရည်နဲ့ ပတ်သက်တဲ့ အခက်အခဲတွေ ကြုံတွေ့လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် လူတိုင်းလူတိုင်းက ဆယ်ကျော်သက်အရွယ်မှာ အချိန်ကို အကောင်းဆုံးအသုံးချပြီး သင်ယူလေ့လာ လေ့ကျင့်မှုတွေ လုပ်ဆောင်ကြရပါတယ်။ ဒါမှသာ အနာဂတ်အတွက် လုံ‌လောက်တဲ့ စွမ်းရည်တွေနဲ့ ရှင်သန်နိုင်မှာ ဖြစ်ပါတယ်။ 

🕰️အချိန် စီမံခန့် ခွဲမှုဆိုသည်မှာ အဘယ်နည်း။

“အချိန် စီမံခန့်ခွဲမှု” ဆိုတာ သင့်ရဲ့ အချိန်ကို တနေ့တာ ဆောင်ရွက်ရမယ့် သင်ယူမှု လုပ်ငန်းတွေ၊ မိသားစု တာဝန်တွေကို အံဝင်ခွင်ကျဖြစ်အောင် စနစ်တကျ စီစဥ်ပေးတဲ့ အရာတစ်ခုဖြစ်ပါတယ်။ ကောင်းမွန်တဲ့ အချိန်စီမံခန့်ခွဲမှုကို လုပ်ဆောင်တဲ့အခါ အဓိကအားဖြင့် လုပ်ဆောင်မှု (action) အဆင့်ကနေ ရလဒ် (result) အဆင့်ကို ရောက်ဖို့ လိုပါတယ်။ အလုပ်တွေများခြင်းက အချိန်ကို စနစ်တကျ စီမံခန့်ခွဲနိုင်တာ မဟုတ်ပါဘူး။ တိုးတက်လိုတဲ့ လူတစ်ဦးအနေနဲ့ ရှိလာမယ့် အရေးကြီးတဲ့ အရည်အချင်းတစ်ခုက အချိန်စီမံခန့်ခွဲမှု ဖြစ်ပါတယ်။ အချိန်စီမံခန့်ခွဲမှုဆိုတာက တစ်ရက်တာအချိန် (၂၄) နာရီကို အကျိုးရှိရှိ အသုံးပြုခြင်းလို့ ရည်ညွှန်းပါတယ်။ 

ပထမဦးဆုံးအနေနဲ့ အောက်မှာဖော်ပြထားတဲ့ မေးခွန်းတွေနဲ့ အချိန်စီမံခန့်ခွဲမှု အလေ့အထတွေ မိမိမှာ ရှိ/မရှိ ပြန်လည် စဥ်းစားသုံးသပ်ကြည့်ရအောင်

  • သင်လုပ်ဆောင်ရမယ့် တာဝန်တွေကို အချိန်မီပြီးဆုံးအောင် ဆောင်ရွက်ပါသလား။
  • သင်လုပ်ဆောင်ရမယ့် အရာတွေကို စာရွက်တစ်ခုအပေါ် ရေးသားမှတ်သား သိမ်းဆည်းထားခြင်း၊ မှတ်တမ်းတွေအဖြစ် ရေးမှတ်ခြင်းက ဦးနှောက်ထဲမှာ မှတ်သားထားပါသလား။
  • သင်လုပ်ဆောင်ရမယ့် အလုပ်တွေကို ပြက္ခဒိန်အပေါ်မှာ ရေးဆွဲလုပ်ဆောင်တတ်ပါသလား။
  • စာမေးပွဲဖြေဆိုဖို့အတွက် အချိန်ဇယားရေးဆွဲပြီး စာလေ့လာနေပါသလား။
  • သင့်ရဲ့ စာလေ့လာဖို့ (ဒါမှမဟုတ်) ပြင်ဆင်နေတဲ့ အချိန်အတွင်း ဘယ်အရာတွေကို လုပ်ဆောင်မယ်ဆိုတဲ့ တိကျတဲ့ သတ်မှတ်ချက်တွေ ရှိပါသလား။
  • လုပ်ဆောင်ရမယ့် အရာတွေကို အချိန်နီးကပ်မှ လုပ်ဆောင်နေပါသလား။
  • သင်က များသောအားဖြင့် အချိန်မှန်သူ တစ်ဦးဖြစ်ပါသလား။
  • တစ်ချိန်တည်းမှာ လုပ်ဆောင်ရမယ့် တာဝန်တွေကို တစ်ခုထက်မက လုပ်ဆောင်တတ်ပါသလား။ 

💡ဘာကြောင့် ဆယ်ကျော်သက်အရွယ်မှာ အချိန်ကို စီမံခန့်ခွဲဖို့ အရေးကြီးတာလဲ။ 

ဆယ်ကျော်သက်အရွယ်မှာ ရရှိနေတဲ့ အချိန်က အလွန်အရေးကြီးပါတယ်။ ဘာကြောင့်လဲဆိုတော့ လူငယ်တွေရဲ့ ဘဝတည်ရှိမှု နဲ့ ပတ်ဝန်းကျင်လောကကို ချိတ်ဆက်ပေးနိုင်တဲ့ အစိတ်အပိုင်းဖြစ်ပါတယ်။ လူငယ်တွေရဲ့ လုပ်ဆောင်ချက်နဲ့ အစီအစဥ်တွေကို ပြောင်းလဲဖို့ တိုင်းတာနိုင်ပါတယ်။ နောက်ပြီး လက်တွေ့ဘဝမှာ ကြည့်ရင်လည်း ရည်မှန်းချက်တွေ အောင်မြင်ဖို့၊ ဦးစားပေးရမယ့်အရာတွေကို ဦးစားပေးနိုင်ဖို့အတွက် အချိန်က ကူညီပေးပါတယ်။ ပိုမိုထိရောက်ပြီး အောင်မြင်တဲ့ ဘဝတွေရဲ့ လမ်းစတိုင်းက အချိန်ဇယားတွေ တည်ဆောက်ပြီး  အချိန်ကို စီမံခန့်ခွဲနိုင်ဖို့က အရေးကြီးပါတယ်။ အချိန်ရဲ့ အရေးပါပုံက သင်တယောက်တည်းအတွက် အရေးကြီးတာတင်မကပါဘူး၊ ကမ္ဘာတစ်ဝှမ်းလုံးမှာ တူညီတဲ့ သဘောတရားတွေနဲ့အတူ အကြောင်းအရာအမျိုးမျိုးအပေါ် မူတည်ပြီး အရေးပါတာကြောင့် သင်ကိုယ်တိုင်လည်း အချိန်တစ်ခုအပေါ် ကောင်းမွန် ထိရောက်တဲ့ လုပ်ဆောင်ချက်တွေ၊ လေ့လာ လေ့ကျင့်မှုတွေ လုပ်ဖို့ လိုအပ်ပါတယ်။   

⏰ကောင်းမွန်တဲ့ အချိန်စီမံခန့်ခွဲမှုမှာ အဓိကပါဝင်သောအချက်များ

အချိန်စီမံခန့်ခွဲမှုရဲ့ အခြေခံယူဆချက်က  မိမိမှာရှိတဲ့ အချိန်တစ်ခုအတွင်း အတက်နိုင်ဆုံး အလုပ်တွေပြီးအောင် လုပ်ဆောင်နိုင်ဖို့ ဖြစ်ပါတယ်။ ကောင်းမွန်တဲ့ အချိန်စီမံခန့်ခွဲမှုတွေမှာ အဓိက ပါဝင်တဲ့ အချက်တွေက – 

  • ရှင်းလင်းတဲ့ မျှော်မှန်းချက်ရှိခြင်း။
  • ဦးစားပေးအလုပ်များကို သိရှိခြင်း။
  • အချိန်ရဲ့တန်ဖိုးကို နားလည်ခြင်း။
  • အလုပ်ပြီးမြောက်ရမယ့်အချိန်ကို ကန့်သတ်ထားရှိခြင်း။
  • လုံလောက်တဲ့ အနားယူချိန်ရှိခြင်း။
  • အာရုံစူးစိုက်မှု အကောင်းဆုံးအချိန်မှာ ခက်ခဲတဲ့ လုပ်ငန်းတာဝန်တွေကို ဆောင်ရွက်ခြင်း။
  • အချိန်ဆွဲခြင်းကို တွန်းလှန်ခြင်း

⚜️အချိန်စီမံခန့်ခွဲမှုရဲ့ 4Ds က ဘာတွေလဲ။

အချိန်စီမံခန့်ခွဲမှုမှာ 4Dsက စီမံကိန်းတစ်ခုကို သတ်မှတ်ထားတဲ့ အချိန်အတွင်း ပြီးစီးနိုင်မှု ရှိမရှိ သုံးသပ်နိုင်ဖို့အတွက် သတ်မှတ်ထားတဲ့ နည်းဗျူဟာတစ်ခုဖြစ်တယ်။ အောက်မှာ ဖော်ပြထားတဲ့ နည်းလမ်းတွေနဲ့ လုပ်ငန်းတစ်ခု (သို့) စီမံကိန်းတစ်ခုရဲ့ အလုပ်တာဝန်တွေကို သတ်မှတ်ထားတဲ့ အချိန်အတွင်း ပိုမိုထိရောက်စွာ စီမံနိုင်ပြီး သင့်အတွက်အရေး အကြီးဆုံး လုပ်ငန်းစဉ်တွေကို အဓိက အာရုံစိုက်နိုင်မှာဖြစ်ပါတယ်။ 

အချိန်စီမံခန့်ခွဲမှုရဲ့ 4Ds တွေကတော့ 

🔱Do – ချက်ချင်းပြီးမြောက်နိုင်မယ့် အလုပ်တွေကို ဦးစားပေးလုပ်ဆောင်ခြင်း

🔱Defer (Delay) –  ချက်ချင်းဆောင်ရွက်ဖို့ မလိုအပ်တဲ့ အလုပ်တွေကို ဆက်လက်ဆောင်ရွက်နိုင်ဖို့ စီစဥ်ထားခြင်း

🔱Delegate – လူမှန်အလုပ်မှန်တာဝန်တွေ မျှဝေသတ်မှတ်ပေးခြင်း

🔱Delete (Drop) – မလိုအပ်တဲ့ အလုပ်မလုပ်ခြင်း

🖊️Do – ပြုလုပ်ခြင်း။ Do ဆိုလိုတာက – အခုလတ်တလောအချိန်အတွင်း အရေးတကြီးဆောင်ရွက်ဖို့ လိုအပ်တဲ့ (urgent and important) အလုပ်တွေကို ချက်ချင်းဆောင်ရွက်ရပါမယ်။ ဒါ့အပြင် အရေးကြီးပြီး ချက်ချင်း ဆောင်ရွက်နိုင်တဲ့၊ အချိန်အနည်းငယ်အတွင်း ပြီးစီးအောင် လုပ်နိုင်တဲ့ အလုပ်ငယ်(small tasks) တွေကိုလည်း အချိန်မဆွဲဘဲ အောင်မြင်အောင် ဆောင်ရွက်သင့်ပါတယ်။ ဒီလို သေးငယ်သတဲ့ အလုပ်တွေကို ပုံကြီး ချဲ့မထားပါနဲ့။ ချက်ချင်းပြီးအောင်လုပ်ပါ။ ဥပမာအနေနဲ့ အရေးကြီးတဲ့ အီးမေလ်းအကြောင်းပြန်ကြားခြင်း၊ ဖုန်းနဲ့ အကြောင်းပြန်ကြားခြင်း၊ စတဲ့ အချိန်တိုအတွင်း ဆောင်ရွက်ဖို့ လိုတဲ့  အလုပ်တွေပြီးအောင် ဆောင်ရွက်ရပါမယ်။

⌛️Defer (Delay) – နှောင့်နှေးစေခြင်း။

Defer ဆိုတာက အလုပ်တွေကို အခုချက်ချင်း လုပ်ဖို့မလိုအပ်ပေမဲ့  မဖြစ်မနေ လုပ်ဖို့ လိုအပ်တဲ့ (not urgent but important) အလုပ်တွေကို ဆိုလိုပါတယ်။ ချက်ချင်း အလောတကြီး (urgent & important) ပြုလုပ်ရမယ့် အလုပ်တွေ ပြီးစီးတဲ့အခါ ယခုအလုပ်တွေကို လုပ်ဆောင်နိုင်ဖို့ အချိန်စာရင်းတွေနဲ့ စီစဉ်ထားခြင်းကို ဆိုလိုပါတယ်။ ဥပမာအနေနဲ့ နောက်လုပ်မယ့် အိမ်စာများအတွက် အချက်အလက်တွေကို ပြုစုခြင်း၊ ချက်ချင်းလုပ်ဖို့ လိုတဲ့ အရာတွေကို မလုပ်ဆောင်ဘဲ ခဏရပ်ဆိုင်ထားခြင်းကို ဆိုလိုပါတယ်။

⚖️Delegate – တာဝန်များကိုခွဲဝေဆောင်ရွက်ခြင်း။

Delegate ဆိုတာက အရေးကြီးတဲ့ လုပ်ငန်းတွေဖြစ်ပြီး အချိန်မီ(Deadlineအမီ) ပြီးစီးဖို့  လူမှန်၊ အလုပ်မှန် တာဝန်ခွဲဝေသတ်မှတ်ပေးခြင်း၊ တာဝန်ခွဲဝေရာမှာ အလုပ်တာဝန်အနည်းအများပေါ်မူတည်ပြီး တာဝန်သတ်မှတ်ပေးခြင်းတွေကို ဆောင်ရွက်ရပါမယ်။ ဥပမာအားဖြင့် သင်ခန်းစာနဲ့ ပတ်သက်တဲ့ လေ့ကျင့်ခန်းရဲ့ ရလဒ်တစ်ခုကို အကောင်အထည်ဖော်ဖို့ တူညီတဲ့ အချိန်၊ အရင်းအမြစ်တွေ အသုံးချနိုင်သူကို တာဝန်ပေးအပ်ခြင်း။

📍Delete (Drop) – ဖျက်သိမ်းခြင်း။

မလိုအပ်တဲ့ အလုပ်တွေ၊ အချိန်ကုန်စေမယ့် ပျော်ပွဲရွှင်ပွဲတွေ စတဲ့ အချိန်ဖြုန်းတီးမှု ဖြစ်စေမယ့် အရာတွေကို သင့်အချိန်ဇယားကနေ ဖယ်ထုတ်ပစ်ခြင်းဖြစ်ပါတယ်။ ဥပမာ တစ်နေ့ကို သုံးနာရီလောက် ဂိမ်းကစားချိန်ရှိပြီး စာလုပ်ချိန် နဲနေရင် ဂိမ်းကစားချိန်ကို ဖျက်သိမ်းပြီး စာလုပ်ဖို့အတွက် အချိန်တစ်ခုရေးဆွဲ သတ်မှတ်ခြင်း ဖြစ်ပါတယ်။ 

4Ds ကို ဘာကြောင့် လုပ်ဆောင်ဖို့ လိုအပ်တာလဲ။ 

🛑4Ds က အ‌ရေးတကြီး လုပ်ဆောင်ရမယ့်အရာတွေကို အစီအစဥ်တကျ ထားရှိ လုပ်ကိုင်နိုင်ဖို့ နဲ့ အာရုံစိုက်နိုင်ဖို့အတွက် ကူညီပေးတဲ့ နည်းစနစ်တစ်ခုဖြစ်ပါတယ်။ အချိန်စီမံခန့်ခွဲမှုတွင် 4Ds ကိုအသုံးချခြင်းဖြင့်-

(၁) အမှန်တကယ်အရေးကြီးတဲ့ လုပ်ငန်းတွေကို အာရုံစိုက်နိုင်မယ်

(၂) လုပ်ငန်းတွေရဲ့ နှေးကွေးမှုကို စိုးရိမ်ဖို့ မလိုဘဲ အချိန်ဇယားနဲ့ လုပ်ဆောင်နိုင်မယ်

(၃) တနေ့တာမှာ အာရုံစိုက်ရမယ့် အလုပ်တွေကို အချိန်ဇယားနဲ့ ဆောင်ရွက်နိုင်တာကြောင့် ပိုမိုအာရုံစိုက်နိုင်ပြီး၊ ဆုံးဖြတ်ချက်ကောင်းမွန်လာမယ်

ဒီနည်းလမ်းတွေက သင့်ရဲ့ တစ်နေ့တာကို ပိုမိုအာရုံစိုက်နိုင်ဖို့ စိတ်ပိုင်းဆိုင်ရာ စွမ်းအင်ကိုပေးတဲ့အပြင် ဆုံးဖြတ်ချက်ချရာမှာလည်း အထောက်အကူပြုတာကြောင့် လက်တွေ့အသုံးပြုဖို့ အရေးကြီးပါတယ်။