Digital Communication Netiquette

📚 ၁။ Digital Communication Netiquette ဆိုတာဘာလဲ

Digital Communication Netiquette ဆိုတာ အွန်လိုင်းပေါ်မှာ လူအများနဲ့ ဆက်သွယ်တဲ့အခါ လိုက်နာသင့်တဲ့ အပြုအမူနဲ့ စည်းကမ်းတွေ ကို ရည်ညွှန်းတာဖြစ်ပါတယ်။ ရိုးရှင်းစွာပြောမယ်ဆိုရင် အများနဲ့ပြောဆိုရာမှာ ချင့်ချိန်ဆင်ခြင်တယ်၊ လေးစားတယ်၊ တရားမျှတတယ်ဆိုတဲ့အချက်တွေကို ထားရှိပြီး ဆက်သွယ်တာမျိုးဖြစ်ပါတယ်။ ဒီအချက်အလက်တွေက အွန်လိုင်းပေါ်က လူမှုဆက်ဆံရေးကိုပို မိုကောင်းမွန်အောင်ပြုလုပ်ရာမှာ အရေးပါပါတယ်။

Netiquette ဆိုတဲ့ဝေါဟာရ ဟာ Network (ကွန်ရက်) နဲ့ Etiquette (ကျင့်ဝတ်) ဆိုတဲ့ စကားလုံးနှစ်ခု ပေါင်းစပ်ထားတာဖြစ်ပါတယ်။ Net-etiquette သို့မဟုတ် etiquette of the network လို့ ဆိုလိုတာဖြစ်ပါတယ်။ ယေဘူယျအားဖြင့်၊ ကွန်ပျူတာကွန်ရက်ပေါ်က ကျင့်ဝတ်တွေကို ရည်ညွှန်းတာဖြစ်ပါတယ်။ အထူးသဖြင့် Netcom Services တွေမှာတော့ “netiquette” ဆိုတဲ့ အသုံးအနှုန်းကို “ network အသုံးပြုမှု နဲ့ စာပို့စာရင်းတွေမှာ အသိအမှတ်ပြုထားတဲ့ ယဉ်ကျေးမှု ဆိုင်ရာ ကျင့်ဝတ် သဘောတူညီချက်များ” အဖြစ် ဖော်ပြထားပါတယ် (Scheuermann & Taylor၊ Citation1997၊ p. 1)။ Netiquette မှာ ကျင့်ဝတ်တွေ၊ ဥပဒေတွေ နဲ့ စည်းမျဉ်းတွေအပြင် ကောင်းမွန်တဲ့ အမူအကျင့်တွေပါ ပါဝင်ပါတယ် (Tedre et al., Citation2006, p. 368)။

📚၂။ Importance of Netiquette
(ဒစ််ဂျစ်တယ်ဆက်သွယ်ရေးကျင့်ဝတ်ရဲ့အရေးပါမှု)
Netiquette ဆိုတာဟာ ပုဂ္ဂိုလ်ရေးဆိုင်ရာနဲ့ ပရော်ဖက်ရှင်နယ်နယ်ပယ်နှစ်ခုလုံးမှာ အခြားသူတွေနဲ့ ဆက်သွယ်တဲ့အခါ အသိပညာ၊ နားလည်မှု၊ ယဉ်ကျေးသိမ်မွေ့မှုတွေနဲ့ နည်းပညာကို ထိထိရောက်ရောက် အသုံးပြုတာဖြစ်ပါတယ် (Kallos, 2004)။ အထူးသဖြင့် Email၊ ဆိုရှယ်မီဒီယာ၊ ဖိုရမ်နဲ့ စကားပြောခန်းတွေ ဒါမှမဟုတ် အခြား အွန်လိုင်းပလက်ဖောင်း တွေမှာ သင့်လျော်တဲ့ အွန်လိုင်းပတ်ဝန်းကျင်ကို ထိန်းသိမ်း ဖို့အတွက် Netiquette ကို မရှိမဖြစ်လိုအပ်ပါတယ်။ ဆိုရှယ်မီဒီယာကျင့်ဝတ်တွေကို လိုက်နာခြင်းဟာ လူတစ်ဦးချင်းနဲ့ အသိုင်းအဝိုင်းကြား အပြုသဘောဆောင်ပြီး အပြန်အလှန်လေးစားမှုရှိတဲ့ အွန်လိုင်းပတ်ဝန်းကျင်ကို ဖန်တီးပေးပါတယ်။ Netiquette ကို “ရေးမထားတဲ့ စည်းမျဉ်း” အဖြစ် ရှုမြင်ပြီး တခြားကျင့်ဝတ်ချိုးဖောက်မှုတွေလို အရေးယူမှုတွေ မရှိပေမယ့်လည်း အဆိုပါ စည်းမျဉ်းတွေကို မလိုက်နာပါက လေးစားမှုမရှိဘူးလို့ ယူဆနိုင်ပါတယ်။ (KozĂ­k & SlivovĂĄ, 2014)

📚၃။ Digital Communication Netiquette ရဲ့ အဓိက အချက်အလက်များ
(၁) လေးစားမှု (Respectfulness)
အွန်လိုင်းဆက်သွယ်ရေးကျင့်ဝတ် မှာ အရေးအကြီးဆုံးအရာကတော့ လေးစားမှုရှိခြင်း ဖြစ်ပါတယ်။ အသုံးပြုသူအချင်းချင်း လေးစားမှုရှိဖို့ အခြားသူတွေအပေါ် ပြောဆိုဆက်ဆံရာ မှာ အထင်သေးပြောဆိုတာတွေမလုပ်ဖို့ ၊မကြိုက်တဲ့ အခေါ်အဝေါ်တွေ စကားလုံးတွေမသုံးစွဲဖို့ စတာတွေဟာ အရေးကြီးတဲ့ အခြေခံလိုအပ်ချက်တွေပဲဖြစ်ပါတယ်။
💡အခြားသူများကို လေးစားခြင်း
အွန်လိုင်းပေါ်မှာ မိတ်ဆွေတွေ၊ အဖွဲ့ဝင်တွေ၊ သင့်စာဖတ်သူတွေကို လေးစားမှုရှိတဲ့ စကားလုံးတွေနဲ့ ဆက်သွယ်ပါ။ မိမိရဲ့စကားတွေက အခြားသူတွေကို နာကျင်ထိခိုက်စေ တာမျိုး မဖြစ်သင့်ပါ။
💡စကားလုံးတွေကိုချင့်ချိန်ပြီးအသုံးပြုခြင်း:
စကားလုံးတွေကို ချင့်ချိန်ပြီးအသုံးပြုဖို့ကလည်း အရေးကြီးပါတယ်။ တစ်ဖက်လူ အထင်အမြင်လွဲစေနိုင်တဲ့ စကားလုံးတွေ၊ဒေါသဖြစ်စေနိုင်တဲ့ စကားလုံးတွေကို မသုံးမိဖို့လိုပါတယ်။ ဥပမာ – အပြစ်တင်တဲ့စကားလုံးတွေ၊ အပြစ်တင်မှုအလွန်ကျွံပါတဲ့ စကားလုံးတွေကို ရှောင်ကြဉ်ဖို့ လိုအပ်ပါတယ်။

(၂) ရှင်းလင်းပြတ်သားမှု (Clarity)
အထက်လူကြီးများ၊ စည်းကမ်းကြီးသောလူများနဲ့ ပြောဆိုဆက်သွယ်ရာမှာ နားလည်ရခက်ခဲတဲ့ စကားလုံးတွေ၊ အထင်အမြင် လွဲမှားစေမယ့် စကားလုံးတွေသုံးတာမျိုး ရှောင်ကြဉ်ပါ။

(၃) တရားမျှတမှု (Fairness)
💡မတူကွဲပြားတဲ့အမြင်တွေကို လေးစားပါ
အခြားသူတွေရဲ့ အမြင်တစ်ခုကို လုံးဝလက်မခံနိုင်ရင်တောင် သူတို့ရဲ့ အမြင်ကို လေးစားပါ။ ဥပမာ – အခြားသူတွေကို ပုဂ္ဂိုလ်ရေးအရ ရိုင်းစိုင်းတဲ့စကားလုံးတွေမပြောဖို့ လိုအပ်ပါတယ်။
💡အပြစ်တင်ခြင်းမှရှောင်ကြဉ်ပါ
အခြားသူတွေကို ပုန်ကန်ဖို့၊ အပြစ်တင်ဖို့မရည်ရွယ်ဘဲ၊ အတိအကျတရားမျှတစွာ ဆက်ဆံပါ။

(၄) ပုဂ္ဂိုလ်ရေးအချက်အလက်များကိုလေးစားခြင်း (Respecting Privacy)
💡Privacy ကိုလေးစားပါ
အခြားသူတွေရဲ့ ပုဂ္ဂိုလ်ရေးအချက်အလက်တွေကို ခွင့်ပြုချက်မရှိဘဲ မဖော်ပြဖို့ လိုအပ်ပါတယ်။ ဥပမာ – လျှို့ဝှက်ထားတဲ့ အချက်အလက်တွေကို အများရှေ့ထုတ်ဖော်ပြခြင်းမှ ရှောင်ရှားပါ။
💡သင့်ရဲ့အချက်အလက်တွေကိုလည်းကာကွယ်ပါ
သင့်ကိုယ်ပိုင် Privacy ကိုလည်း ထိန်းသိမ်းထားဖို့ အရေးကြီးပါတယ်။

(၅) စာလုံးပေါင်းသတ်ပုံနဲ့သဒ္ဒါမှန်ကန်မှု (Proper Grammar and Spelling)
💡မိမိရဲ့စကားတွေကိုပြည့်စုံစွာအသုံးပြုပါ
အကောင်းဆုံး သဒ္ဒါ နဲ့ စာလုံးပေါင်းသတ်မှတ်ချက်တွေကို အသုံးပြုပါ။ ဖတ်ရှုသူတွေကို စိတ်ချမ်းသာစေဖို့၊ သေချာနားလည်စေဖို့ အထောက်အကူပြုပါစေ။
💡စာလုံးများအားဖတ်ရှုစရာကောင်းစေပါ
မိမိရဲ့ စကားတွေက သဒ္ဒါအမှားမပါစေရန်၊ ဖတ်ရှုသူတွေ လွယ်ကူစွာ နားလည်နိုင်အောင် ကြိုးစားပါ။

(၆) ထောက်ပြချက်နှင့် အထောက်အထား (Citing Sources)
💡တရားမျှတစွာထောက်ပြချက်များကိုဖော်ပြပါ
မိမိရဲ့အဆိုပြုချက်တွေကို အခြားသူတွေက ရိုင်းစိုင်းတယ်လို့ မမြင်အောင် ဘယ်လို အချက်အလက်တွေကို မိမိရဲ့ အဆိုပြုချက် အတွက် အထောက်အထား အနေနဲ့ ဖော်ပြရမလဲဆိုတာကို လေ့လာပါ။
💡အမှန်တရားကိုထောက်ပြပါ
မိမိရဲ့စကားတွေအတွက် အထောက်အထား၊ သေချာတဲ့ သတင်းအချက်အလက်တွေနဲ့အတူ ထောက်ပြပါ။သတင်းမှား၊ အချက်အလက်မှားများကို စီစစ်ပါ။

၄။ Email and Netiquette ( Email အသုံးပြုခြင်းဆိုင်ရာ ကျင့်ဝတ်များ)

Email၊ message သို့မဟုတ် comment တစ်ခုကို စာပြန်ဖို့လိုအပ်ပါတယ်။ စာမပြန်ဘဲထားတာဟာ ရိုင်းတယ်လို့ ဆိုနိုင်ပါတယ်။ တစ်ရက်အတွင်း သို့မဟုတ် တစ်ပတ်အတွင်း နောက်ဆုံးထားပြီး အကြောင်းပြန်ရပါမယ်။ အကြောင်းမပြန်နိုင်ပါကလည်း ဘာကြောင့် အကြောင်း မပြန်နိုင်ကြောင်း၊ ဘယ်အချိန်မှာ အကြောင်းပြန်မယ်ဆိုတဲ့အကြောင်း ပြောပြဖို့ လိုအပ်ပါတယ်။ ဒါမှမဟုတ် အလိုအလျောက် အကြောင်းပြန်တဲ့ စနစ်ကို အသုံးပြုရပါမယ် (Kayany, 2004)။

Email မပို့ခင် စာသားတွေကို ဂရုတစိုက်စစ်ဆေးသင့်ပြီး စာလုံးပေါင်းအမှားတွေပါရင် ပြင်ပေးပါ။ Email နဲ့တွဲပို့မယ့် ဖိုင်တွေကိုလည်း ပြန်စစ်ပေးပါ။ဒါမှသာ ဖြစ်လာနိုင်တဲ့အမှားတွေကို တားဆီးနိုင်မှာဖြစ်ပါတယ်။ဒါ့အပြင် စာလုံးအကြီးတွေချည်းပဲ သုံးတာ ဟာ အင်တာနက်ဘာသာစကားအရ အော်ဟစ်တာ သို့မဟုတ် ရန်လိုတာ လို့ ယူဆတာကြောင့် စာလုံးကြီးတွေကိုပဲ အသုံးပြုတာကို ရှောင်ကြဉ်သင့်ပါတယ် (NTV, 2004)။

ပရော်ဖက်ရှင်နယ်ရည်ရွယ်ချက်များအတွက် ပရော်ဖက်ရှင်နယ် Email လိပ်စာတစ်ခုရှိဖို့ လိုအပ်ပါတယ်။ Email လိပ်စာမှာ လိင်ပိုင်းဆိုင်ရာ အဓိပ္ပာယ်ဖွင့်ဆိုမှုတွေ နဲ့ လူမျိုးရေးနဲ့ ယဉ်ကျေးမှုဆိုင်ရာ ဘက်လိုက်မှုတွေထည့်သွင်းတာကို ရှောင်ရှားရပါမယ်။(Atalay, 2019)

တရားဝင်အီးမေးလ်တစ်ခုရေးတဲ့အခါ emojis အသုံးမပြုရပါဘူး။ ဖိုင်တစ်ခုနဲ့ Email အစောင်‌ရေ အများကြီးပို့တာကို မလုပ်ရပါဘူး။ Email လက်ခံမယ့်သူနဲ့ ဆက်ဆံရေးက ရိုးရိုး သူငယ်ချင်းအဆင့် မဟုတ်ပါက၊ ဟာသအကြောင်းအရာတွေကို ရှောင်ရှားရပါမယ်။

၅။ Virtual Meeting Etiquette
(အွန်လိုင်းအစည်းအဝေးပွဲဆိုင်ရာကျင့်ဝတ်မျာ:)

အွန်လိုင်းအစည်းအဝေးများကို တက်ရောက်ရာတွင် အိမ်နေရင်းဝတ်စုံ (ဥပမာ- ညအိပ်ဝတ်စုံ) ဖြင့် မတက်ရောက်သင့်ပါ။ထိုသို့တက်ရောက်ခြင်းဟာ တစ်ဖက်တက်ရောက်သူတွေကို မလေးစားရာ ရောက်စေပါတယ်။ ဒါ့အပြင် အွန်လိုင်းအစည်းအဝေးတွေမှာ မုန့်စားနေတာ, Game ဆော့နေတာတွေဟာလည်း မယဥ်ကျေး တဲ့အပြုအမူတွေပဲဖြစ်ပါတယ်(Yaşar, 2020)။

အစည်းအဝေးချိန်အတွင်းမှာ မိုက်ခရိုဖုန်းကို ပိတ်ထားခြင်းဟာလည်း အရေးကြီးတဲ့ ကျင့်ဝတ်တစ်ခု ဖြစ်ပါတယ်။ မိမိပြောချင်တဲ့အခါမှသာ မိုက်ကို ဖွင့်ရမှာဖြစ်ပြီး တခြားသူများပြောနေချိန်မှာတော့ မိုက်ပိတ်ထားရမှာဖြစ်ပါတယ်။

အစည်းအဝေးချိန်အတွင်း video ဖွင့်ထားတဲ့အခါ တခြားသော တက်ရောက်သူများ စိတ်အနှောက်အယှက်ဖြစ်စေမယ့် လှုပ်ရှားမှုများတဲ့ အပြုအမူတွေဖြစ်တဲ့ လမ်းလျှောက်နေတာ၊ ကားမောင်းနေတာ၊ အိမ်သန့်ရှင်းရေးလုပ်နေတာ စတာတွေကို ရှောင်ရှားရပါမယ်။

အွန်လိုင်းအစည်းအဝေးတွေဟာ လေးနက်မှုလိုအပ်ပါတယ်။ အလုပ်တွင်း တွေ့ဆုံတဲ့အခါ အစာစားခြင်း၊ သောက်စရာတခုခုသောက်နေခြင်း၊ ပီကေဝါးခြင်း သို့မဟုတ် ဆေးလိပ်သောက်ခြင်း စတဲ့ အပြုအမူတွေဟာ အွန်လိုင်းအစည်းအဝေးတွေမှာ မလုပ်သင့်တဲ့ အပြုအမူတွေဖြစ်ပါတယ် (Habertürk, 2021)။

၆။ Social Media Etiquette (ဆိုရှယ်မီဒီယာကျင့်ဝတ်များ)

ဆိုရှယ်မီဒီယာပို့စ် တစ်ခုခုတွင် အခြားသူတစ်ဦးက မှတ်ချက်ပေးပါက (စော်ကားသည့်မှတ်ချက်မဟုတ်ပါက) ထိုမှတ်ချက်များကို တတ်နိုင်သမျှ ရိုးသားစွာ တုံ့ပြန်ဖို့ အရေးကြီးပါတယ်။

တစ်စုံတစ်ဦးရဲ့ဓာတ်ပုံကို မျှဝေလိုပါက၊ ခွင့်ပြုချက်တောင်းဖို့ လိုအပ်ပါတယ်။ ဘယ်သူတစ်ဦးတစ်ယောက်ရဲ့ ဓာတ်ပုံကိုမှ ခွင့်ပြုချက်မရှိဘဲ မျှဝေတာမျိုး မလုပ်ရပါ။ ခွင့်ပြုချက်မရှိဘဲ ဓာတ်ပုံ သို့မဟုတ် ပို့စ်တစ်ခုခုမှာ ဘယ်သူတစ်ဦးတစ်ယောက်ကိုမှ Tag တွဲထားတာမျိုး မလုပ်ရပါ။ လူတိုင်းရဲ့ ကိုယ်ရေးကိုယ်တာနဲ့ လျှို့ဝှက်ချက်တွေကို လေးစားဖို့လိုပါတယ် (Altındağ, 2015)။
ဆိုရှယ်မီဒီယာကို စတင်အသုံးပြုသူ ဒါမှမဟုတ် အသုံးပြုတာမကြာသေးတဲ့သူတွေအပေါ် စိတ်ရှည်သည်းခံဖို့ကလည်း အရေးကြီးပါတယ်။ အခြား ဆိုရှယ်မီဒီယာ အသုံးပြုသူတွေ အမှားလုပ်မိတဲ့ အခါ၊ ဥပမာ အမှားတစ်ခုခုတင်မိတဲ့အခါ ချက်ချင်း ထောက်ပြတာမျိုး မလုပ်ရပါဘူး။ တစ်စုံတစ်ဦးကို အမှားတစ်ခုအတွက် သတိပေးဖို့ လိုအပ်တဲ့အခါ၊ အများမြင်နိုင်တဲ့ Group ထဲကတစ်ဆင့် သတိပေးတာမျိုးမဟုတ်ဘဲ သီးသန့်မက်ဆေ့ချ်နဲ့ တိုက်ရိုက်သတိပေးတာမျိုး လုပ်ဆောင်သင့်ပါတယ်။

အခြားသူတွေဖန်တီးထားတဲ့ အရာတွေ ဥပမာ၊ တစ်စုံတစ်ဦး ရိုက်ကူးထားတဲ့ ဓာတ်ပုံ သို့မဟုတ် တစ်စုံတစ်ဦး ရေးထားတဲ့ ဆောင်းပါးကို မိမိရဲ့ ဆိုရှယ်မီဒီယာမှာ မျှဝေမယ်ဆိုရင် မူလပိုင်ရှင်ထံကနေ ခွင့်ပြုချက်ရယူဖို့ လိုအပ်ပါတယ်။ ဒါဟာ မူပိုင်ခွင့်အတွက် လေးစားမှုကို ပြသခြင်းဖြစ်ပါတယ်။ ဒါ့အပြင် မျှဝေမှုလုပ်တဲ့အခါမှာလည်း မူလဖန်တီးသူ ပိုင်ရှင်အစစ်အမှန်ကို ရည်ညွှန်းပေးဖို့လိုအပ်ပါတယ် (Kayany, 2004)။

အကယ်၍ သင်ဟာ မိတ်ဆွေအဖြစ်လက်ခံဖို့တောင်းဆိုမှု ( friend request) ပေးပို့လိုပါက၊ ပေးပို့မယ့်သူထံ သီးသန့်စာပို့ပြီး ခွင့်ပြုချက်တောင်းဖို့လိုအပ်ပါတယ်။ခွင့်ပြုချက်ကို လက်ခံတဲ့အခါမှာလည်း ကျေးဇူးတင်ကြောင်းပြောဖို့လိုပါတယ်။

အသုံးပြုသူတစ်ဦးဟာ ၎င်းရဲ့ဘလော့ဂ်စာမျက်နှာ ဒါမှမဟုတ် Group ကို Like နဲ့ Follow ပြုလုပ်ဖို့ ဖိအားပေးတာမျိုးဟာလည်း ကျင့်ဝတ်အရ မယဉ်ကျေးဘူးလို့ ဆိုနိုင်ပါတယ်။ (Hartney, 2023)

ဆိုရှယ်မီဒီယာပေါ်မှာ ပြင်ပလောကနဲ့ မတူကွဲပြားတဲ့ ပုံစံမျိုး ပြသတာဟာ လိမ်ညာတာဖြစ်ပြီး ကျင့်ဝတ်စည်းကမ်းအရ မှားယွင်းပါတယ်။ ဥပမာအားဖြင့်၊ မိမိရဲ့ ပရိုဖိုင်ဓာတ်ပုံအစစ်ကို မသုံးဘဲ ချဲ့ကားပြီးရေးထားတဲ့ သတင်းအချက်အလက် အမှားတွေကို မျှဝေခြင်းဟာ လူမှုမီဒီယာကျင့်ဝတ်အရ မမှန်ကန်ပါ။

ဆိုရှယ်မီဒီယာ အသုံးပြုသူတစ်ဦးအနေနဲ့ ၎င်းမျှဝေထားတဲ့ ဓာတ်ပုံကို ၎င်းရဲ့ အထက်အရာရှိ၊ မိဘ နဲ့ သားသမီးတွေက အခု ဒါမှမဟုတ် အနာဂတ်မှာ မြင်တွေ့သွားမယ်ဆိုရင် ပြဿနာရှိမရှိ ကိုယ့်ကိုယ်ကို ဆန်းစစ်ရမှာဖြစ်ပါတယ်။ပြဿနာရှိနိုင်တယ်ဆိုရင်တော့ ပို့စ်တင်ခြင်းကို ရပ်တန့်ရမှာဖြစ်ပါတယ် (Hartney, 2023)။

Message ပို့တဲ့အခါ စိတ်ခံစားမှုအနေအထားကို ပြသဖို့ အီမိုဂျီကို သုံးနိုင်သော်လည်း အလွန်အကျွံ မသုံးသင့်ပါ။ ဆက်ဆံရေးက အလုပ်သဘောအရလား ဒါမှမဟုတ် အလွတ်သဘော အရလား အပေါ်မူတည်ပြီး အီမိုဂျီ သုံးသင့် မသုံးသင့် ဆုံးဖြတ်ပါ။

ဆိုရှယ်မီဒီယာပလပ်ဖောင်းပေါ်တွင် ဆယ်လ်ဖီများ၊ သီချင်းများ၊ သို့မဟုတ် ဓာတ်ပုံများကို မရပ်မနား တင်တာမျိုး မလုပ်သင့်ပါဘူး။ မကြာခဏ ပို့စ်တင်တာဟာ အခြားအသုံးပြုသူတွေကို စိတ်အနှောက်အယှက် ဖြစ်စေပြီး မိမိရဲ့ ဆိုရှယ်မီဒီယာ အကောင့်ကို unfollow လုပ်တာမျိုး အထိဖြစ်နိုင်ပါတယ် (Atalay၊ 2019)။

ဗီဒီယိုခေါ်ဆိုမှု (Video Call) မလုပ်ခင်မှာ ခေါ်ဆိုမယ့်သူကို ခွင့်ပြုချက်တောင်းခံဖို့လိုပါတယ်။ အကယ်၍ တစ်ဖက်က ကင်မရာ မဖွင့်ချင်ပါက နားလည်ပေးဖို့လိုပြီး အတင်းအကြပ်ဖိအားပေးခြင်း မျိုးမလုပ်သင့်ပါ။

ကြမ်းတမ်းပြီး စိတ်အနှောင့်အယှက်ဖြစ်စေတဲ့ ပုံတွေကို မျှဝေခြင်းမပြုသင့်ပါ။ ကိုယ်ရေးကိုယ်တာ ပြောဆိုထားတာတွေကို ဓာတ်ပုံရိုက်ယူခြင်း (screenshotting)ဟာ ရာဇ၀တ်မှုတစ်ခု ဖြစ်လာနိုင်ပါတယ်။ ပရော်ဖက်ရှင်နယ်ဆန်တဲဲ့ စကားဝိုင်းအဖွဲ့ ( Group Chatting) တွေမှာ သီးသန့်ဆန်တဲ့ ကိုယ်ရေးကိုယ်တာ ပြောဆိုမှုတွေကို မလုပ်သင့်ပါဘူး။

References

https://www.researchgate.net/publication/374549826_Netiquette_Fundamentals_of_Etiquette_in_Digital_Communication

https://www.spintel.net.au/blog/digital-etiquette