စာဖတ်ရန် ကြာချိန် (၃) မိနစ်
နေ့စဉ်လူမှုဘဝကြီးရဲ့ အခက်အခဲ ပြဿနာကြားမှာ လှုပ်ရှားရုန်းကန် ရတဲ့အခါ နုနယ်တဲ့ နှလုံးသားနဲ့ စိတ်တွေလဲ ပင်ပန်းကြရပါတယ်
မိဘနဲ့ အဆင်မပြေတာတွေ၊ သူငယ်ချင်းတွေရဲ့ ဖယ်ကျဉ်ခံရတာတွေ၊ မြတ်နိုးရတဲ့ ချစ်သူနဲ့ တက်ရတဲ့ ပြဿနာတွေ၊ ငွေကြေး အခက်အခဲတွေ စတဲ့ ပြဿနာတွေကြောင့် သောကတွေ ရောက်ကြရပြန်ပါတယ်
ဒီလို ဖြစ်တဲ့အခါတိုင်း တစ်ယောက်တည်း အခက်အခဲတွေကို ဖြေရှင်းဖို့ အဖြေရှာတတ် ကြတယ်။ စိတ်ရဲ့ လွတ်မြောက်ရာ အေးချမ်းရာ ထွက်ပေါက်ကိုလဲ နည်းလမ်းအမျိုးမျိုး ရှာဖွေ တတ်ကြတယ်
အဲ့လို အဖြေရှာနေတဲ့ သူအတွက် ဒီ ဆောင်းပါးလေးက အထောက်အကူ ဖြစ်စေမှာပါ
ခံစားမှုတွေ လွန်ကဲလာတဲ့အခါ “Anxiety” လို့ခေါ်တဲ့ စိတ်ပူပန် သောက တွေ ဖြစ်လာရတယ်။ စိတ်ပူပန်မှုက အနေအထား နှစ်မျိုး တွေ့ ရလေ့ရှိတယ်။
တစ်မျိုးကတော့ ခဏတာပဲ ခံစားရတာမျိုးပါ။
ရင်းနှီးတဲ့ လူတွေနဲ့ဆို သက်တောင့်သက်သာနေနိုင်ပြောနိုင်ပေမယ့် သူစိမ်းတွေနဲ့ဆို စိုးရိမ် ပူပန်နေတတ်တာမျိုးပေါ့။ အနေအထားတစ်ခု ပြဿနာတစ်ခုကြောင့် စိတ်သောက ရောက်ပေမယ့် ပြဿနာ ဖြေရှင်းပြီးသွားတဲ့အခါ ကိုယ့်ရဲ့စိတ်က ပြန်လည် ပျော်ရွှင်မှု ရရှိနိုင်ပါတယ်။
နောက်တစ်မျိုးကတော့ နာတာရှည် ဝေဒနာတစ်ခုလို ခံစားနေရတာမျိုးပါ။
လူတစ်ယောက်ယောက်က တစ်ခုခုပြောတဲ့ အခါမျိုးမှာ ကိုယ့်ကိုများ အပြစ်တင်မလားလို့ ခံစားနေတာမျိုးပေါ့။ တစ်ခုခု လုပ်ရတော့မယ်ဆိုရင်လဲ စိုးရိမ် ပူပန်လွန်တာမျိုးတွေပေါ့။
ကြာရှည်စွာ ဝေဒနာ တစ်ခုလို ခံစားနေရပြီဆိုရင် လက္ခဏာတွေက ဘာဖြစ်မလဲ
ရုပ်ပိုင်းဆိုင်ရာ ကိုထိခိုက်လာနိုင်တယ်။
ဥပမာ နှလုံးခုန် အရမ်းမြန်လာတာမျိုး၊ မူးဝေလာတာမျိုး၊ ချွေးတွေ ထွက်လာတာမျိုး၊ လက်တွေခြေတွေတုန်ရီပြီး ကတုန်ကယင်ဖြစ်လာတာမျိုးတွေ ဖြစ်လာနိုင်ပါတယ်။ အမြဲတမ်း စိတ်ဟာ ပူပန်နေတတ်ပြီး ညညတွေဆို အိပ်မပျော်တာမျိူးလဲ ဖြစ်နေတတ်ပါတယ်။
စိတ်ရော လူရော အလွယ်တကူ ပင်ပန်းနွမ်းနယ်လာတာမျိုး ဖြစ်တတ်ပါတယ်။
အာရုံစူးစိုက်ဖို့ ခက်ခဲလာတယ်။
ထစ်ခနဲ ဆို ဒေါသထွက်လွယ် စိတ်ဆိုးလွယ်လာပါတယ်။
ကြွက်သားတွေ တင်းမာလာတာမျိုး ကြုံတွေ့ရတယ်။
အိပ်ပျော်ဖို့ ခက်ခက်ခဲခဲ ကြိုးစားရတာ မျိုးတွေဟာ သူ့ရဲ့ လက္ခဏာတွေပါပဲ
ဒါဆို ဘယ်လို ကျော်ဖြတ်ရကြမလဲ
ပြဿနာ ကို တစ်ယောက်ထဲ မြိုသိပ် ဖြေရှင်းမယ့် အစား
မိသားစုဝင်တစ်ယောက်ယောက် သို့ စိတ်ချ ယုံကြည်ရတဲ့
သူငယ်ချင်းကို ရင်ဖွင့်တာမျိုး၊ ကျွမ်းကျင်တဲ့ စိတ်ကျန်းမာရေး ပညာရှင်ဆီ သွားရောက်တိုင်ပင်တာမျိုး ပြုလုပ်သင့်ပါတယ်
ဒီလို ခံစားမှုတွေကို ခံစားနေရတာ ကိုယ်တစ်ယောက်တည်း မဟုတ်ပါဘူး။ ကိုယ်အပါအဝင် ကိုယ့်ဘေးနားမှာ ရှိတဲ့ လူတိုင်းက အနည်းနဲ့အများ ခံစားနေရတာပါ။ ဒီလို ခံစားမှုတွေကလဲ တည်မြဲတာ မဟုတ်တဲ့အတွက် အချိန်တန်ရင် ပြီးသွားမှာပါ
စိတ်ဓာတ်မကျဘဲ ရှေ့ဆက်သွားနေဖို့ပဲ လိုပါတယ်
စိုးရိမ်ပူပန်မှုအမျိုးအစားများတွေထဲကမှ Generalized Anxiety Disorder (GAD) အကြောင်းလေးကို သိချင်ရင်တော့ အောက်က Podtalk လေးကို နားထောင် ကြည့်ပါဦးနော် https://youtu.be/wYQJqKZQAZ0
စိုးရိမ်ပူပန်မှုအကြောင်း ကိုယ်ဘယ်လောက် ကိုယ့်ကိုယ်ကို ဆန်းစစ်ချင်ရင် အောက်က Link လေးကို နှိပ်ပြီး မေးခွန်းလေးတွေ ဖြေကြည့်ပါနော်
https://m.me/myeo.hub?ref=anxiety
Reviewed by Dr. Nweni Myo Wynn, MHPSS Specialist