စာဖတ်ရန် ကြာချိန် (၇) မိနစ်
Self Awareness ဆိုတာ……..
Self Awareness ဆိုတာ Emotional Intelligences လို့ခေါ်တဲ့ မိမိရဲ့ စိတ်ခံစားချက်ကို ရော တစ်ပါးသူရဲ့ ခံစားချက်ကိုပါ သိရှိနားလည်ပေးနိုင်တဲ့ စွမ်းရည် မြင့်မားလာနိုင်စေတဲ့ အစိတ်အပိုင်းတွေထဲက တစ်ရပ် ဖြစ်ပါတယ်။
တစ်စုံတစ်ယောက်က မိမိရဲ့ စိတ်ခံစားချက်တွေ၊ အားသာချက်၊ အားနည်းချက်တွေ အပြင် လိုအပ်ချက်နဲ့ စိတ်ရဲ့ မောင်းနှင်အား တွေကို လေးလေးနက်နက် နားလည်နိုင်ခြင်းကို Self Awareness ရှိခြင်းလို့ ခေါ်ပါတယ်။
၂၀၁၈ ခုနှစ် မှာ ထွက်ရှိထားတဲ့ နာမည်ကျော် Harvard Business Review မဂ္ဂဇင်း တစ်ခုရဲ့ ဆောင်းပါးတစ်ခုမှာတော့ Self Awareness အားကောင်းတဲ့ သူဟာ သူတစ်ပါးအပေါ် အလွန်အမင်း အပြစ်တင်တာမျိုး၊ ယုတ္တိမရှိတဲ့ မျှော်လင့်ချက် ထားတာမျိုးတွေ သူတို့မှာ မရှိပါဘူးတဲ့။ အတိအကျ အားဖြင့်ပြောရမယ်ဆိုရင်တော့ သူတို့ဟာ ကိုယ်ကိုယ်တိုင်အပေါ်မှာ ရိုးသားတဲ့အပြင် သူများတွေ အပေါ်မှာပါ ဟန်ဆောင်ခြင်း အလျဉ်းမရှိပါဘူးတဲ့။
Self-awareness က ဘယ်လိုကောင်းကျိုးတွေပေးလဲ ❓
ကိုယ့်အနေနဲ့ ကိုယ့်ကိုယ်ကိုသေချာသိမြင်မှု ဆိုတဲ့ Self-awareness သာရှိရင်
💠 ကိုယ့်ကိုယ်ကိုယ် အရှိတိုင်း သိမြင်လက်ခံနိုင်လာလို့ ဘဝမှာ ပိုပြီးတိုးတက်လာနိုင်ပါတယ်။ ကိုယ့်ရဲ့အားနည်းချက်၊အားသာချက်တွေကို အရှိအတိုင်းမြင်လာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် တိုးတက်အောင် လုပ်ဖို့ ပိုပြီးလွယ်ကူလာပါတယ်။
💠 ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်နိုင်မှု မြင့်တက်လာမယ်။ Self-awareness ရှိတဲ့အခါ ကိုယ်လုပ်နိုင်တာတွေနဲ့ မလုပ်နိုင်တာတွေကို ကွဲကွဲပြားပြားသိမြင်ပြီး ကိုယ့်ကိုယ်ကိုယ်ထိန်းချုပ်နိုင်မှု Self-control ပိုပြီး မြင့်တက်လာမှာပဲ ဖြစ်ပါတယ်။
💠 ဆုံးဖြတ်နိုင်မှုတွေ ပိုအားကောင်းလာမယ်။ ကိုယ့်ကိုယ်ကိုယ် သေသေချာချာသိမြင်လာတဲ့အခါ တစ်ခုခုကို ဆုံးဖြတ်ရင် ဝေခွဲမရတာတွေ၊တွေဝေတာတွေ နည်းလာပြီး ဆုံးဖြတ်ချက်တွေက ပိုပြီးပြတ်သားလာပါလိမ့်မယ်။
💠 ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုကိုလည်း ပိုပြီး တိုးလာစေမယ်။ Self-awareness ရှိတဲ့အခါ ကိုယ်ဘာတွေလုပ်နိုင်တယ်ဆိုတာ သေချာမြင်လာမယ်။ကိုယ့်ရဲ့လုပ်နိုင်စွမ်းတွေကို သေသေချာချာ သိမြင်လာတဲ့အခါ ကိုယ့်ကိုယ်ကိုယ် ယုံကြည်တဲ့စိတ်ဟာလည်း ပိုပြီးမြင့်တက်လာမှာပဲ ဖြစ်ပါတယ်။
Self-awareness မရှိခဲ့ဘူးဆိုရင်ရော ဘာတွေ ဖြစ်နိုင်လဲ?
Self-awareness မရှိဘူးဆိုရင် လူငယ်တွေမှာ အများဆုံးကြုံရတာကတော့ ရည်မှန်းချက်ပျောက်တာပါပဲ။ ကျောင်းပြီးရင် ဘာလုပ်မှာလဲ? ကိုယ်လုပ်ချင်တာက ဘာလဲ? ကိုယ့်ဘဝမှာ အဖြစ်ချင်ဆုံးက ဘာလဲ? ဘာက ကိုယ့်ကိုပျော်ရွှင်စေတာလဲ? စတဲ့မေးခွန်းတွေဟာ Self-awareness ရှိမှ ဖြေနိုင်မှာပါ။
Self-awareness ကင်းမဲ့တဲ့သူအနေနဲ့ နောက်ထပ်ကြုံရနိုင်တာကတော့ ကိုယ့်ရဲ့စိတ်ခွန်အားတွေ၊အလုပ်လုပ်နိုင်စွမ်းတွေ ကျဆင်းလာတာပါပဲ။Self-awareness မရှိတဲ့အခါ ကိုယ့်ကို ဘယ်အရာတွေက မောင်းနှင်ပေးနေတာလဲ မသိနိုင်ဘူး။အဲ့ဒီအခါ ခက်ခဲကြမ်းတမ်းတဲ့ လောကကြီးမှာ ကြိုးစားရုန်းကန်ရတာ ပင်ပန်းလာပါလိမ့်မယ်။
Self-awareness မရှိတဲ့အခါ ကိုယ့်ရဲ့အားနည်းချက်တွေ၊ အားသာချက်တွေကို သေချာမမြင်နိုင်ပါဘူး။မမြင်နိုင်တဲ့အခါ ကိုယ့်အားနည်းချက်တွေကို ဖြည့်ဆည်းနိုင်ဖို့၊ အားသာချက်တွေကို ပိုပြီး အားကောင်းအောင် လုပ်နိုင်ဖို့လည်း မဖြစ်နိုင်ပါဘူး။
ကိုယ့်ရဲ့ Self-awareness ကို ဂရုတစိုက်မွေးမြူထားဖို့ လိုအပ်ပါတယ်။ ဒါမှသာ ကိုယ်တန်ဖိုးထားတဲ့အရာတွေကို သေချာသိမြင်ပြီး ဘာတွေဖြစ်လာမလဲ မသိနိုင်တဲ့ အနာဂတ်ကို တည်တည်ငြိမ်ငြိမ် ရင်ဆိုင်နိုင်မှာပဲ ဖြစ်ပါတယ်။
Self-awareness ရှိလာအောင် ဘယ်လိုလုပ်ရမလဲ?
1️⃣ ကိုယ့်ကိုယ်ကို ပြန်လည်သုံးသပ် ဖို့ အချိန် တစ်ခု ရယူခြင်း
တိတ်ဆိတ် ငြိမ်သက်သည့် နေရာတွင် တစ်ယောက်ထဲ နေကာ မိမိကိုယ်ကို မိမိ ပြန်လည် သုံးသပ်နိုင်ဖို့ အချိန်လေးတစ်ခု ရယူခြင်းကို ပြောဆိုခြင်း ဖြစ်ပါတယ်။ ဒါမှသာ မိမိကိုယ်မိမိ ပြန်လည် မြင်ယောင်ကာ ပိုပြီး ယုံကြည်မှု ရှိလာနိုင်စေနိုင်ပါတယ်။
2️⃣ စိတ်အေးချမ်းစေသည့် ဝင်လေ ထွက်လေ မှတ်ခြင်း သို့မဟုတ် ယောဂ ကျင့်ခြင်း အစရှိသည့် နည်းလမ်းများ
Mindfulness နဲ့ ပက်သက်ပြီး application တွေ သီချင်းလေးတွေ နည်းလမ်းတွေ ကို အသုံးပြုခြင်း၊ ယောဂ ကျင့်ခြင်း၊ သို့ဟုတ် ဝင်လေထွက်လေ မှတ်ခြင်း များ ပြုလုပ်နိုင်ပါတယ်။ ဒီနည်းလမ်းလေးကို အသုံးပြုခြင်းက သင့်ကို စိတ်အေးချမ်းကာ အရာရာကို စိတ်ထားလာနိုင်ပါလိမ့်မယ်။
3️⃣ journaling များ လုပ်ခြင်း
နေ့စဉ် Diary ရေးခြင်း၊ မှတ်တမ်းရေးခြင်း၊ မှတ်စုတိုများ ရေးခြင်းကလည်း သူငယ်ချင်းရဲ့ တစ်ကိုယ်ရည် တိုးတက်မှု အတွက် အထောက်အကူ ပြုကာ မနေ့ကထက် ဒီနေ့မှာ ပိုကောင်းတဲ့ လူဖြစ်အောင် ကြိုးစားဖို့အခွင့်အရေးတွေ ရနိုင်ပါတယ်။
4️⃣ ဘယ်အရာ မဆို စိတ်ပါဝင်စားစွာ နားထောင်ခြင်း
သင့်သူငယ်ချင်းက ရင်လာဖွင့်တာ ဖြစ်ဖြစ်၊ တစ်စုံတစ်ယောက်က စကားလာပြောတဲ့ အခါတွေ မျိုးမှာ ဆိုရင် ပေါ့ပေါ့တန်တန် မဟုတ်ပဲ စာနာစိတ် အပြည့်နဲ့ အလေးပေးကာ နားထောင်ပေးခြင်း က သင်ကိုယ်တိုင်အတွက်ရော သင့်ကိုရင်လာဖွင့်တဲ့ သူအတွက်ပါ နှစ်ဦးနှစ်ဖက် အကျိူးရှိစေနိုင်ပါတယ်။
5️⃣ တုံ့ပြန်ချက်ကို တောင်းခံခြင်း
ကိုယ့်အပေါ် ဖြူစင်သော မေတ္တာဖြင့် စေတနာအပြည့်ထားသော မိသားစုဝင် သို့မဟုတ် သူငယ်ချင်း တွေဆီက မိမိအပေါ် အမြင်ကို တုံ့ပြန်ချက်ကို တောင်းခံခြင်းဖြင့် သင်ကိုယ်တိုင် မသိရှိလိုက်ပဲ ပြုလုပ်မိတဲ့ အမှားများကို ပြန်လည်သိနိုင်ပြီး အခွင့်အရေးများ ရကာ ပိုကောင်းတဲ့ လူတစ်ယောက်အဖြစ် ပြုပြင်နိုင်ပါတယ်။
ဒီအချက် ၅ ချက်က မိမိကိုယ်မိမိ ယုံကြည်မှုတွေ တိုးလာဖို့၊ သူများတွေထက် ပိုပြီး ယုံကြည်ချက် ရှိရှိနဲ့ အရာရာကို ဖြတ်သန်းနိုင်ဖို့ ကူညီပါလိမ့်မယ်။ 👑 👑
မိမိကိုယ်ကို သိရှိနားလည်ခြင်းလို့ ခေါ်တဲ့ Self Awareness နဲ့ ထပ်တူအရေးကြီးတာ ကတော့ Empathyလို့ခေါ်တဲ့ သူတစ်ပါးအပေါ် နားလည်ပေး ခြင်းပဲ ဖြစ်ပါတယ်။ ကိုယ့်မှာ Self Awareness အပြင် Empathy နဲ့ ပက်သက်ပြီး ဗဟုသုတ ဘယ်လောက်ရှိသလဲဆိုတာ သုံးသပ်ချင်ရင်တော့ အောက်က Linkလေး နှိပ်ပြီး မေးခွန်းလေးတွေ ဖြေကြည့်ပါဦး 👇
https://m.me/myeo.hub?ref=self-awareness
Empathy အကြောင်း ဖတ်ရန် 👉 https://bit.ly/3wysMMR
Reviewed by Dr. Nweni Myo Wynn, MHPSS Specialist