သင် Trauma (စိတ်ဒဏ်ရာ) ခံစားနေရပြီလား❓

စာဖတ်ရန် ကြာချိန် (၅) မိနစ်

ကိုယ့်ဘဝမှာ အရိပ်တစ်ခုလို လိုက်ပြီး လွှမ်းမိုးချုပ်ကိုင်တတ်တဲ့ Trauma(စိတ်ဒဏ်ရာ) အကြောင်း နှိုက်နှိုက်ချွတ်ချွတ် ဆန်းစစ်ကြည့်ကြရအောင်❗

🚨 Trauma ဆိုတာ ဘာလဲ။
မြန်မာလို တိုက်ရိုက် ဘာသာပြန်ရရင်တော့ စိတ်ဒဏ်ရာပေါ့။ ဒါပေမယ့် သူ့အနောက်မှာ ဝင်တိုးကြည့်လို့ မရလောက်အောင် နက်ရှိုင်းတဲ့ အမှောင်ဘက်ခြမ်းတွေ အများကြီးရှိတယ်။
” Trauma ရှိတယ် ” ဆိုတာ ရုတ်တရက် ကြားလိုက်ရရင်သာ လွယ်တာ…။ တကယ်တမ်း ခံစားနေရတဲ့သူ၊ ရင်ဆိုင်နေရသူအတွက် သေမလောက် နာကျင်မှုတွေ၊ မရေရာမှုတွေ၊ စိတ်ပျက်အားငယ်မှုတွေက မရေတွက် နိုင်အောင် ဖိနှိပ်ထားခံရတာကို မြင်ကြည့်နိုင်ဖို့ ခက်ခဲလွန်းတယ်။ ပျော်နေရင်တောင် အပြစ်ရှိနေသလို၊ တစ်ခါတစ်လေ အသက်ရှင်ချင်စိတ်ပါ ကုန်ခမ်းသွားသလို ဖြစ်လာစေတဲ့ Trauma(စိတ်ဒဏ်ရာ) က..
ဘယ်က စလဲ❓❓
ဘယ်လို အမျိုးအစားတွေရှိလဲ❓❓
Trauma ကို ကျော်လွှားလို့ကော ရရဲ့လား❓❓
စတဲ့ အကြောင်းအရာတွေကို အောက်က တစ်ပုံချင်းစီမှာ သေချာလေး လေ့လာကြည့်ကြရအောင် 👇

Trauma ဆိုတာ ဂျိုနဲ့လား။

သေချာပေါက်ကို ဂျိုတွေနဲ့ပါ။ ဒါပေမယ့် မမြင်ရပါဘူး။အဖြစ်အပျက် အတိမ်အနက်ပေါ်မှာ မူတည်ပြီး သူ့ဂျိုက ထပ်ဆင့်ပွားတတ်ပါသေးတယ်။

အဓိက အားဖြင့် Trauma ကို တပ်ပေးတဲ့ ဂျို နှစ်ချောင်း ရှိပါတယ်။

1️⃣ ကိုယ်တိုင်ကြုံတွေ့ခံစားလိုက်ရခြင်း

  • ကိုယ့်ဘဝမှာ ဆိုးဆိုးရွားရွား ကိစ္စတွေကို မထင်မှတ်ပဲ ကိုယ်တိုင် ကြုံတွေ့လိုက်ရလို့ ရလာတဲ့ Trauma။
    ဥပမာ: (ငယ်ငယ်က ကားတိုက်မှု ကြုံတွေ့ခဲ့ရလို့ ကားစီးရမှာ ကြောက်တာမျိုး၊ ရေနစ်ဖူးလို့ ရေမကူးရဲတာမျိုး)

2️⃣ ကြားလိုက်၊သိလိုက်ရခြင်း

  • ကိုယ်ကိုယ်တိုင် မခံစားရသော်ငြား အဖြစ်အပျက်တစ်စုံတစ်ခုကို သိလိုက်ရ ကြားလိုက်ရလို့ ရလာတဲ့ Trauma။
    ဥပမာ: (ကိုယ်အချစ်ရဆုံး မိသားစုဝင် ဒါမှမဟုတ် သူငယ်ချင်း တစ်ယောက်ယောက်ရဲ့ ဆိုးဝါးတဲ့အတွေ့အကြုံတွေကို ကြားသိလိုက်တာမျိုး)

ခုပြောပြလိုက်တဲ့ ဂျိုနှစ်ချောင်းပေါက်လာဖို့အတွက် ဖြစ်နိုင်တဲ့ အကြောင်းရင်း ငါးချက် ရှိပါတယ်။ ဤဖြစ်ရပ်သည်
၁. ယခင်က တစ်ခါမှ မကြုံဖူးခြင်း
၂. အစဥ်အမြဲ စိတ်ထဲတွင် လွှမ်းမိုးနေခြင်း
၃. ဘဝအား လုံးဝပြောင်းလဲသွားစေခြင်း
၄. အသက်အန္တရာယ်/ခြိမ်းခြောက်မှု တစ်စုံတစ်ရာ ခံစားရစေခြင်း
၅. အနိဌာရုံများပြည့်နေတဲ့ သဘာဝဘေးအန္တရာယ်၊ စစ်ပွဲတို့ကို တွေ့ကြုံရစေခြင်း တို့ ဖြစ်ပါက Traumatic Experiences (စိတ်ဒုက္ခရောက်ရသော ဖြစ်စဥ်များ) လို့ သတ်မှတ်ကြပါတယ်။

Trauma အမျိုးအစားများ

၁. Single Vs. Chronic
ဖြစ်ရပ်တစ်ခုတည်း (သို့) အချိန်ကြာမြင့်စွာ ထပ်ခါတလဲလဲဖြစ်နေသောဖြစ်ရပ်ကြောင့် ခံစားရသော Trauma

၂. Collective or Societal
လူ့အဖွဲ့အစည်း/အသိုင်းအဝိုင်းတစ်ခုလုံး ကြုံတွေ့ခံစားရသော Trauma

၃. Natural vs Human Created
သဘာဝဖြစ်ရပ်များကြောင့် (သို့) လူတို့ဖန်တီးသော ဖြစ်ရပ်များကြောင့် ခံစားရသော Trauma

၄. Historical Trauma
အတိတ်သမိုင်းက ဖြစ်ပျက်ခဲ့သော ဖြစ်ရပ်များကြောင့် ခံစားရသော Trauma

၅. Cultural/ Identity Based
ရိုးရာယဥ်ကျေးမှု/ ထုံးတမ်းစဥ်လာများ‌ကို အကြောင်းပြု၍ ဖြစ်ပေါ်လာသော Trauma

၆. Structurally-induced
ဆင်းရဲမွဲတေမှု/အုပ်ချုပ်သူအစိုးရတို့ ဖန်တီးထားသော ဖိနှိပ်ချုပ်ချယ်မှုများကြောင့် ခံစားရသော Trauma

ဒီလိုမျိုး အထက်က Trauma အမျိုးအစားတစ်ခုခုကို ပြင်းထန်စွာ ခံစားရလာပြီဆိုရင် ပထမဦးစွာ Acute Stress Disorder (ASD) ဆိုတဲ့ ဝေဒနာတစ်ခုကို ကြုံလာရပါတယ်။ ဒီ‌ဝေဒနာဟာ ၂ရက်ကနေ ၄ပတ်အထိ ခံစားရနိုင်ပြီး အဲ့ဒီထက် ပိုမိုဆိုးရွားလာပါက Post Traumatic Stress Disorder (PTSD) ဆိုတဲ့ နာတာရှည်ဝေဒနာအဖြစ် စတင်ဖြစ်ပေါ်လာပါတယ်။

Trauma က ဘဝကို ဘယ်လို ဒုက္ခပေးလဲ။

စိတ်နဲ့တည်ထားတဲ့ လူ့ခန္ဓာကြီးမှာ အဓိကဖြစ်တဲ့ စိတ်ရဲ့ ခံစားချက်‌တွေအဆင်မပြေတော့တဲ့အခါ အရာအားလုံးဟာ ကမောက်ကမနဲ့ အစီအစဉ်မကျ ဖြစ်လာပါတော့တယ်။
မရေရာမှုတွေ၊ ကြောက်ရွံ့ထိတ်လန့်နေမှုတွေ၊ စိတ်ကယောင်ချောက်ချားဖြစ်မှုတွေ သာမက

◼ ခန္ဓာကိုယ်
◼ စိတ်
◼ လူမှုဆက်ဆံရေး
◼ အသက်ရှင်ရပ်တည်မှု အစရှိတဲ့ လူဘဝရဲ့ ကဏ္ဍအသီးသီးမှာ ရှုပ်ထွေးစွာ ပါဝင်လာနိုင်ပါတယ်။

နေထိုင်ရတဲ့ကမ္ဘာကြီးက မလုံခြုံတော့ဘူး။
ငါတော်တော် အသုံးမကျတာပဲ…။
ဒါတွေအားလုံးက ငါ့အမှားပဲ…။
စတဲ့ အတွေးတွေ ဆက်တိုက် တွေးလာမယ်။
ကြောက်ရွံမှု/စိတ်ရှုပ်စိတ်ကုန်မှု/စိတ်ဓာတ်ကျမှု/
ထင်ယောင်ထင်မှားမှု စတဲ့ ခံစားချက်တွေကနေ တစ်ယောက်တည်း နေချင်တော့တာတွေ၊ လူတွေကို ရှောင်လာတာတွေ လုပ်လာမယ်။ ခန္ဓာကိုယ်ကလည်း စိတ်ရှုပ်ထွေးမှုတွေကြောင့် နှလုံးခုန်မြန်တာရင်တုန်တာတွေ၊ ဇောချွေးပြန်တာ‌တွေ ၊ နာကျင်ကိုက်ခဲတာတွေ ခံစားလာရနိုင်ပါတယ်။

Trauma ကို ကိုင်တွယ်ဖြေရှင်းတဲ့အခါ…

၁. Healthy Coping: ကောင်းမွန်သော ဖြေရှင်းနည်း (ကိုယ်က ဒါကို ဖြေရှင်းတဲ့အခါ ကိုယ့်ကိုယ်ကိုရော ကိုယ့်ပတ်ဝန်းကျင်ကိုပါ မထိခိုက်ဖို့ လိုပါတယ်။ ကိုယ်ရောစိတ်ပါ ပြန်လည်ကျန်းမာလာစေနိုင်မယ့် မှန်ကန်တဲ့ ဖြေရှင်းနည်းတွေ ဟူသမျှကို Healthy Coping လို့ ဆိုနိုင်ပါတယ်။
ဥပမာ- သီချင်းဆိုခြင်း/အိပ်စက်ခြင်း/ ကောင်းမွန်စွာ အနားယူခြင်း/ ဝါသနာပါရာတစ်ခုခုကို လုပ်ဆောင်ခြင်း / ချစ်ခင်ရသူများနှင့် အတူတူ အချိန်ကုန်ဆုံးခြင်း)

၂. Unhealthy Coping: မှားယွင်းသော ဖြေရှင်းနည်း
(Trauma တစ်ခုကို ဖြေရှင်းဖို့ကြိုးစားရင်း ကိုယ့်ကိုယ်ကိုရော ပတ်ဝန်းကျင်ကိုပါ ထိခိုက်စေမယ်၊ ဒုက္ခရောက်စေမယ်ဆိုရင် ဒါဟာ မှားယွင်းတဲ့ ဖြေရှင်းနည်း လို့ ဆိုနိုင်ပါတယ်။
ဥပမာ- အရက်အလွန်အကျွံသောက်ခြင်း/ စိတ်ထွက်ပေါက်အနေဖြင့် မူးယစ်ဆေးများ သုံးစွဲခြင်း / မိမိရဲ လက်အောက်ငယ်သား,မိသားစု,ချစ်ခင်ရသူများ အပေါ် ဒေါသဖြေချခြင်း)

ဒါကြောင့် မိမိမှာ Trauma တစ်ခုကြောင့် ပြင်းပြင်းထန်ထန် ခံစားနေရပြီ၊ မိမိဘဝနေ့ရက်တွေမှာ Trauma တစ်ခုက အနှောင့်အယှက် ပြုလာပြီဆိုရင် ကိုယ်ယုံကြည်ရပြီး ကိုယ့်ကိုစာနာနားလည်ပေးနိုင်တဲ့ သူတစ်ယောက်ယောက်ကို ဖွင့်ပြောတိုင်ပင်ဖို့ ဒါမှမဟုတ် ကျွမ်းကျင်သော စိတ်ကုပညာရှင်များနဲ့ သေချာတိုင်ပင်ဆွေးနွေးဖို့ တိုက်တွန်းချင်ပါတယ်။

စိတ်ဒဏ်ရာအကြောင်းနဲ့ ပတ်သက်ပြီး ကိုယ်ဘယ်လောက် တွန်းလှန်နိုင်လဲ ဆန်းစစ်ချင်ရင်‌တော့ အောက်က Linkလေးကို နှိပ်လိုက်ပါ 👇
https://m.me/myeo.hub?ref=trauma

Reviewed by Dr. Nweni Myo Wynn, MHPSS Specialist