သင် ဘာကို ကြောက်တတ်သလဲ❓

စာဖတ်ရန် ကြာချိန် (၃) မိနစ်

ထိတ်လန့်ကြောက်ရွံ့မှုဆိုတာ စိတ်ခံစားချက်နဲ့ မကင်းနိုင်တဲ့သူတိုင်း ခံစားရတဲ့ အရာတစ်ခုပါ။ ကြိုတင်ပြင်ဆင်ထားမှုမရှိချိန်မှာ ကိုယ့်ရဲ့ရုပ်ပိုင်းဆိုင်ရာ ဒါမှမဟုတ် စိတ်ပိုင်းဆိုင်ရာကို ထိခိုက်နာကျင်စေမယ့်တစ်စုံတစ်ခုနဲ့ တွေ့ကြုံရင်ဆိုင်ရတဲ့အခါမျိုး၊ ကိုယ့်ထက် ရုပ်ပိုင်း စိတ်ပိုင်း အင်အားသာလွန်ကြီးမားတဲ့ တစ်စုံတစ်ခုနဲ့ ရင်ဆိုင်ကြရတဲ့အခါမျိုးတွေမှာ ထိတ်လန့်ကြောက်ရွံ့မှုကို ခံစားကြရပါတယ်။


📌ထိတ်လန့်ကြောက်ရွံ့မှုကို ခံစားရတဲ့အခါ ပြုလုပ်တတ်တဲ့တုံ့ပြန်မှုတွေကို အခြေခံပြီး
(၁) ရုပ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုနဲ့
(၂) စိတ်ခံစားမှုဆိုင်ရာ တုံ့ပြန်မှုဆိုပြီး နှစ်မျိုး ခွဲခြားထားပါတယ်။

(၁) ရုပ်ပိုင်းဆိုင်ရာ တုံ့ပြန်မှု
တစ်စုံတစ်ခုကို ကြောက်ရွံ့နေတဲ့အခါ ခန္ဓာကိုယ်ကနေ အလိုအလျောက်တုံ့ပြန်တတ်ပါတယ်။
🔹နှလုံးခုန်နှုန်း မြန်လာမယ်
🔹ဇောချွေးတွေ ထွက်လာမယ်
🔹ခြေ‌လက်တွေ တုန်လာမယ်
🔹အသက်ရှုရတာ ခက်လာမယ် စသဖြင့် ရုပ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုတွေကို ခံစားရပါလိမ့်မယ်။
အဲ့ဒီလို ခန္ဓာကိုယ်တွင်း တုံ့ပြန်ပြောင်းလဲမှုတွေအပြင် အပြုအမူပိုင်းဆိုင်ရာ တုံ့ပြန်မှုတွေလည်း ရှိပါသေးတယ်။ ဥပမာ- ပူတဲ့အရာတစ်ခုကို ထိမိတဲ့အခါ ချက်ချင်းတွန့်ဆုတ်သွားတာမျိုး၊ ကိုယ့်ရှေ့က‌နေ မြွေတစ်ကောင် ရုတ်တရက် ‌ဖြတ်သွားတဲ့အခါ ထခုန်မိတာမျိုး စသဖြင့် တုံ့ပြန်ပြုမူတတ်ကြပါတယ်။

(၂) စိတ်ခံစားမှုဆိုင်ရာ တုံ့ပြန်မှု
ရုပ်ပိုင်းဆိုင်ရာ တုံ့ပြန်မှုတွေဟာ ကြောက်ရွံ့တဲ့အခါ လူတိုင်း အတူတူခံစားကြရပေမယ့် စိတ်ခံစားမှုဆိုင်ရာ တုံ့ပြန်မှုကတော့ တစ်ယောက်နဲ့တစ်ယောက် မတူနိုင်ပါဘူး။
တချို့တွေက စိတ်လှုပ်ရှားထိတ်လန့်ရတာကို နှစ်သက်ကြတယ်။ ဥပမာ – လေထီးခုန်ရတာ နှစ်သက်သူ၊ ရိုလာကိုစတာ စီးရတာ ကြိုက်တဲ့သူ။
တချို့ကျတော့ စိတ်လှုပ်ရှားထိတ်လန့်ရတဲ့အခြေအနေကို သဘောမကျကြဘူး။ဥပမာ – အမြင့်ကြောက်တာမျိုး၊ လူတွေနဲ့စကားပြောရတာ ကြောက်တာမျိုးပေါ့။


တကယ်တော့ ကြောက်ရွံ့မှုဆိုတာ ကိုယ့်ရဲ့စိတ်ထဲမှာ ကိုယ့်ကိုထိခိုက်နာကျင်စေမယ်လို့ ယူဆထားတဲ့ တစ်စုံတစ်ခု ဒါမှမဟုတ် အခြေအနေတစ်ခုကို ရင်ဆိုင်ရချိန်မှာ အန္တရာယ်ကို သတိပေးတဲ့ခံစားချက်တစ်ခုလည်း ဖြစ်ပါတယ်။ ကြောက်စိတ်က သတိပေးတဲ့အခါ ပိုပြီး သတိထားဖြစ်မယ်။ ဂရုစိုက်ဖြစ်မယ်။ဒါကြောင့် သတိပေးတတ်တဲ့ ကြောက်စိတ်က ကောင်းပါတယ်။ ဒါပေမယ့် သတိပေးတာထက်ကျော်လွန်ပြီး ကြောက်စိတ်က လွှမ်းမိုးချုပ်ကိုင်နေရင်တော့ မကောင်းတော့ပါဘူး။ကြောက်ရွံ့တဲ့ခံစားချက်ကို သေချာမကိုင်တွယ်ဘဲ လျစ်လျူရှု ရှောင်ရှားခဲ့တဲ့အခါ အဲ့ဒီခံစားချက်က ကိုယ့်ကို ချုပ်ကိုင်လွှမ်းမိုးလာပါလိမ့်မယ်။အဲ့ဒီအခါ ကိုယ်‌ကြောက်တဲ့အရာတွေကြောင့် ကိုယ့်ရဲ့နေ့စဉ်ဘဝ၊လုပ်ငန်းဆောင်တာတွေကို ထိခိုက်လာနိုင်ပါတယ်။


📌အဲ့ဒါဆို ထိတ်လန့်ကြောက်ရွံ့မှုကို ဘယ်လိုကိုင်တွယ်ရင်ဆိုင်ကြမလဲ❓
ဘဝမှာ ကိုယ်‌ကြောက်တဲ့အရာတွေကို မဖြစ်မနေရင်ဆိုင်ရနိုင်ပါတယ်။အဲ့ဒီအခါ ထိတ်လန့်ကြောက်ရွံမှုကို အကောင်းဆုံးကိုင်တွယ်နိုင်မှ ထိခိုက်နာကျင်‌မှုကို မခံစားရမှာဖြစ်ပါတယ်။
ထိတ်လန့်ကြောက်ရွံ့မှုကို အကောင်းဆုံးရင်ဆိုင်ကိုင်တွယ်နိုင်ဖို့အတွက် ဒီအချက်လေးတွေကို ပြုလုပ်နိုင်ပါတယ်။

(၁) ကြောက်ရွံ့မှုနဲ့ ရင်းနှီးအောင် နေပါ။
ကိုယ်ကြောက်‌တဲ့အရာနဲ့ တဖြေးဖြေး ထိတွေ့မှုများလာတဲ့အခါ ကြောက်ရွံ့မှုလျော့လာပြီး အဲ့ဒီအရာကို ရင်ဆိုင်လာနိုင်ပါလိမ့်မယ်။
ဥပမာ – အမြင့်ကြောက်တဲ့သူတစ်ယောက်က မြင့်တဲ့နေရာတွေကို ဖြည်းဖြည်းနဲ့ တဆင့်ချင်းစီ သွားကြည့်တဲ့အခါ ကြောက်ရွံ့မှုလျော့နည်းလာပြီး အမြင့်မကြောက်တော့တာမျိုး ဖြစ်သွားနိုင်ပါတယ်။

(၂) ကြောက်ရွံ့တဲ့ခံစားချက်ကို ခွဲခြားသုံးသပ်ပါ။
ကိုယ်တစ်ခုခုကို ကြောက်တဲ့အခါ ဘာကြောင့်ကြောက်တာလဲ၊ ဘာဖြစ်စေနိုင်မှာမို့လို့လဲ၊ တကယ်ရော ကြောက်စရာဟုတ်ရဲ့လား? စသဖြင့် ကြောင်းကျိုးဝေဖန်သုံးသပ်လိုက်တဲ့အခါ ကြောက်ရွံ့မှုက လျော့နည်းသွားနိုင်ပါတယ်။တစ်ခါတလေ ကိုယ်သေချာမစဉ်းစားမိဘဲ ကြောက်ရွံ့နေတဲ့အရာဟာ တကယ်တမ်း ‌ကြောင်းကျိုးဆက်စပ်စဉ်းစားလိုက်တဲ့အခါ ကြောက်စရာမကောင်းတော့ကို တွေ့ရပါလိမ့်မယ်။

(၃) ကျွမ်းကျင်သူတွေနဲ့ တိုင်ပင်ဆွေးနွေးပါ။
ပမာဏသေးငယ်တဲ့ သာမန်ကြောက်ရွံ့မှုလေးတွေကို အပေါ်က ပြောခဲ့သလို ဖြေရှင်းနိုင်ပေမယ့် phobiaလိုမျိုး ကြောက်စိတ်လွန်ကဲမှုတွေကိုတော့ ကျွမ်းကျင်တဲ့ပညာရှင်တွေဆီမှာ တိုင်ပင်ဆွေးနွေးပြီး အကြံပြုချက်တွေ ရယူနိုင်ပါတယ်။

သင်ရော ဘာတွေကို ကြောက်တတ်တာလဲ❓
သင်ကြောက်တတ်တဲ့အရာတွေကိုရော တွန်းလှန်နိုင်ဖို့ ကြိုးစားကြည့်ဖူးပါသလား❓

ဘယ်လို ကြောက်စိတ်တွေကို ဘယ်လို တုံ့ပြန်လဲ ကိုယ့်ကိုယ်ကို ဆန်းစစ်ချင်ရင်တော့ အောက်က Linkမှာ မေးခွန်းလေးတွေ ဖြေကြည့်ပါ 👇
https://m.me/myeo.hub?ref=fear

Reviewed by Dr. Nweni Myo Wynn, MHPSS Specialist