ဘယ်အရာ တွေက သင့်ကို Motivation ဖြစ်စေတယ် ဆိုတာ သိပြီးပြီလား 🤔

စာဖတ်ရန် ကြာချိန် (၁၀)မိနစ်

Motivationဆိုတဲ့ စကားလုံးက တကယ်တော့ လူတိုင်းနီးပါးနဲ့ ရင်းနှီးတဲ့ စကားလုံး ဖြစ်ပါတယ်။ ဒါပေမယ့် သူ့ရဲ့ အသေးစိတ်ကိုတော့ သိပ်မသိကြပါဘူး။ အခု ဆောင်းပါးလေးမှာတော့ Motivationရဲ့ အသေးစိတ်ကို ပြောပြ‌ပေးသွားမှာပါ 👇

MOTIVATION ရဲ့ Definition က ဘာလဲ ⚠️

MOTIVATION ဆိုတာ ဦးတည်ရာ ပန်းတိုင်တစ်ခု ရောက်ဖို့ အတွက် လိုအပ်တဲ့ ခွန်အားတွေ စိတ်အားထက်သန် မှုတွေ ရရှိဖို့ အဓိက တွန်းအားပေးတဲ့ အကြောင်းအရာ တစ်ခု ဖြစ်ပါတယ်။ MOTIVATION နဲ့ ပက်သက်ပြီး အသေးစိတ်တွေကရော 〽️ ပညာရပ်တိုင်းဟာ နက်နဲကျယ်ပြန့် လွန်းသလို MOTIVATION ဟာလည်း လေ့လာလိုသူများအတွက် သီအိုရီ ပေါင်းများစွာ သုတေသန စာတမ်းပေါင်းများစွာ တို့ဖြင့် နက်နဲကျယ်ပြန့်လွန်းပါတယ်။ ထို့အတွက်ကြောင့် ဒီအထဲမှာမှ motivation နဲ့ပက်သက်ပြီး အားလုံးအတွက် နားလည်လွယ်မယ့် ယနေ့တိုင် သုံးနေကြတဲ့ သီအိုရီတစ်ခု ဖြစ်တဲ့ Maslow’s Hierarchy of Needs ဆိုတဲ့ သီအိုရီ တစ်ခုအကြောင်းကို အကျယ်တဝင့် ပြောပြပေးချင်ပါတယ်။

Maslow’s Hierarchy of Needs ( Maslow’s Theory of Human Motivation)

Motivation နဲ့ပတ်သက်ပြီး စိတ်ပညာလောကနဲ့လုပ်ငန်းခွင်တွေမှာ လူသိများသလို အလွှမ်းမိုးနိုင်ဆုံး သီအိုရီတစ်ခု ရှိပါတယ်။ အဲ့ဒါကတော့ အမေရိကန် စိတ်ပညာရှင်တစ်ဦးဖြစ်တဲ့ Abraham Maslow ရဲ့ Hierarchy of Needs လို့ခေါ်တဲ့ သီအိုရီပဲ ဖြစ်ပါတယ်။ဒီသီအိုရီကို Maslow အနေနဲ့ 1943 ခုနှစ်မှာ ဖော်ထုတ်ခဲ့တာဖြစ်ပါတယ်။ Maslow ရဲ့ သီအိုရီအရ လူ‌တွေရဲ့ အပြုအမူဟာ သူတို့ရဲ့ လိုအပ်ချက်တွေနဲ့ ဆက်စပ်နေပါတယ်တဲ့။လူတွေဟာ လိုအပ်ချက်ရှိလာတဲ့အခါ ဒီလိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ ကြိုးစားရမယ်ဆိုပြီး စိတ်အားတက်ကြွလာပါတယ်။ဒါကြောင့် လိုအပ်ချက်ဆိုတဲ့အရာက Motivation လို့ခေါ်တဲ့ စိတ်အားတက်ကြွမှုအတွက် အဓိကအခန်းကဏ္ဍမှာ ပါ‌ဝင်လာပါတယ်။

အဲ့ဒါကြောင့် Maslow က လူတစ်ယောက်ရဲ့ဘဝမှာ လိုအပ်တဲ့အရာတွေကို ယေဘုယျအားဖြင့် အပိုင်း (၅) ပိုင်းခွဲခြားပြီး အပိုင်းတစ်ခုချင်းစီရဲ့အရေးကြီးပုံနဲ့ဦးစားပေးပုံအလိုက် ပိရမစ်ပုံစံ အဆင့် (၅) ဆင့် သတ်မှတ်လိုက်ပါတယ်။
♦️ ပထမဆုံးအဆင့်ကတော့ လူတစ်‌ယောက်အနေနဲ့ အခြေခံအကျဆုံး လိုအပ်ချက်ဖြစ်တဲ့ စားဝတ်နေရေး (Physiological needs) ပဲဖြစ်ပါတယ်။ထမင်းနပ်မှန်အောင် စားနိုင်ဖို့၊ မိုးရေထဲ ထိုင်မနေရဖို့၊ အဝတ်အစား သပ်သပ်ရပ်ရပ် ဝတ်ဆင်နိုင်ဖို့ စတဲ့ လိုအပ်ချက်တွေကို ဖြည့်ဆည်းနိုင်ဖို့ စိတ်အားတက်ကြွမှုတွေ ဖြစ်လာပါတယ်။
♦️ ဒုတိယအဆင့်ကတော့ Safety and Security လို့ခေါ်တဲ့ ကိုယ့်ရဲ့ဘဝ လုံခြုံစိတ်ချရဖို့ ဆိုတဲ့ လိုအပ်ချက်ကို ပြောချင်တာပါ။ ဒီအဆင့်မှာဆိုရင် ငွေကြေးအရ လုံခြုံစိတ်ချရမှု၊ ကိုယ်ခန္ဓာ လုံခြုံစိတ်ချရမှု၊ အလုပ်အကိုင်လုံခြုံစိတ်ချရမှု စတာတွေ ပါဝင်ပါတယ်။ဒီလုံခြုံစိတ်ချရမှု‌တွေ ပိုင်ဆိုင်နိုင်ဖို့ ကြိုးစားတဲ့အခါ စိတ်အားတက်ကြွမှုတွေ ဖြစ်လာပါတယ်။
♦️ တတိယအဆင့်ကတော့ Belongingness and love လို့ ခေါ်ပါတယ်။ကိုယ့်ရဲ့မိသားစု၊သူငယ်ချင်း၊ချစ်သူ၊လုပ်ဖော်ကိုင်ဖက်၊အဖွဲ့ဝင်တွေကြားထဲက နွေးထွေးတဲ့ ဆက်ဆံရေးနဲ့ ချစ်ခြင်းမေတ္တာပါ။လူဆိုတာ အပေါင်းအသင်းနဲ့နေတဲ့ သတ္တဝါဖြစ်တာကြောင့် ကိုယ်နဲ့ပတ်သက်ဆက်နွယ်တဲ့ အဖွဲ့အစည်းတစ်ခုနဲ့ ခိုင်မာနွေးထွေးတဲ့ ချစ်ခြင်းမေတ္တာတွေဟာ အရေးကြီးတဲ့လိုအပ်ချက်တစ်ခု ဖြစ်ပါတယ်။ဒါကို ရအောင်ကြိုးစားအားထုတ်တဲ့အခါမှာလည်း စိတ်အားတက်ကြွမှုကို ဖြစ်စေပါတယ်။
♦️ စတုတ္ထအဆင့်ကတော့ ကိုယ့်ကိုယ်ကိုယ်လေးစားတန်ဖိုးထားမှု ဆိုတဲ့ Self-esteem ပဲဖြစ်ပါတယ်။စိတ်ပိုင်းဆိုင်ရာ ပြည့်ဝတဲ့လူတစ်ယောက်အနေနဲ့ ကိုယ့်ရဲ့ဖြစ်တည်မှုကို ‌လက်ခံဖို့၊ ကိုယ့်ကိုယ်ကိုယ် တန်ဖိုးထားလေးစားဖို့ လိုအပ်ပါတယ်။ဒါတွေကို ပြည့်ဝအောင် ကြိုးစားတဲ့အခါမှာလည်း စိတ်အားတက်ကြွမှုကို ဖြစ်စေပါတယ်။
♦️ နောက်ဆုံးအဆင့်ကတော့ Self-actualization လို့ခေါ်တဲ့ ကိုယ့်ကိုယ်ကိုယ် သဘောပေါက်နားလည်မှုပဲ ဖြစ်ပါတယ်။
ကိုယ့်ရဲ့တိုးတက်မှု၊လေ့လာသင်ယူနိုင်မှု၊တီထွင်ဖန်တီးနိုင်မှု အစရှိတဲ့ ကိုယ်ရဲ့လုပ်နိုင်စွမ်းတွေအပြင် ကိုယ့်ရဲ့အားနည်းချက်တွေ၊ ညံဖျင်းမှုတွေကိုပါ နားလည်သဘောပေါက်ပြီး တိုးတက်တဲ့သူဖြစ်ဖို့ဆိုရင် Self-actualization ကို ရရှိဖို့ လိုအပ်ပါတယ်။

ဒါကတော့ စိတ်ပညာရှင် Maslow ရဲ့ လူသားတွေအနေနဲ့ ယေဘုယျအားဖြင့် ပိုင်ဆိုင်ရရှိအောင်ကြိုးစားနေတဲ့ လိုအပ်ချက်တွေကို အဆင့်တွေ ခွဲခြားသတ်မှတ်ပြီး ဖော်ပြထားတဲ့ သီအိုရီပဲ ဖြစ်ပါတယ်။ ဒီသီအိုရီဟာ လူသိအများဆုံးနဲ့လွှမ်းမိုးမှုအရှိဆုံး သီအိုရီတစ်ခုလည်း ဖြစ်ပါတယ်။ဘာကြောင့်လဲဆိုတော့ ဒီသီအိုရီကို ကိုယ့်ရဲ့ personal life မှာ တိုးတက်ဖို့ အသုံးပြုနိုင်သလို အလုပ်ခွင်မှာ တိုးတက်ဖို့အတွက်လည်း အသုံးချနိုင်တဲ့သီအိုရီတစ်ခု ဖြစ်လို့ပါပဲ။

လူအချင်းချင်း ပေါင်းသင်းဆက်ဆံတဲ့အခါ ဘာတွေလိုအပ်တယ်၊ ဘာတွေက တွန်းအားပေးတယ်၊ ဘာတွေကတော့ စိတ်အားတက်ကြွစေတယ် ဆိုတာ သိထားရင် တစ်ယောက်နဲ့တစ်ယောက် ပိုပြီး အကျိုးများတဲ့ ဆက်ဆံရေးတစ်ခုကို တည်ဆောက်နိုင်ပါလိမ့်မယ်။အပြုသဘောဆောင်တဲ့ ပတ်ဝန်းကျင်ကောင်းတစ်ခုလည်း ပေါ်ပေါက်လာမှာ ဖြစ်ပါတယ်။ ဒါကြောင့် ဒီလို အချက်အလက်တွေကို မီးမောင်းထိုးဖော်ပြပေးတဲ့ Maslow ရဲ့ သီအိုရီဟာ လူသိများပြီး လွှမ်းမိုးမှုအရှိဆုံး သီအိုရီတစ်ခုအဖြစ် တည်ရှိနေတာပဲ ဖြစ်ပါတယ်။

Types of Motivation

ထို့ပြင် စိတ်အားတက်ကြွမှု (Motivation) ကို ဖြစ်ပေါ်စေနိုင်တဲ့အရာတွေကို Intrinsic Motivator နဲ့ Extrinsic Motivator ဆိုပြီး အမျိုးအစား (၂) ခု ခွဲခြားနိုင်ပါသေးတယ်။လူတစ်ယောက်ရဲ့စိတ်ကို ထိုသူရဲ့အတွင်းစိတ်ဗီဇနဲ့ အပြင်ဘက်ပတ်ဝန်းကျင်တို့က လွှမ်းမိုးချုပ်ကိုင်နိုင်သလိုမျိုး
စိတ်အားတက်ကြွမှုကိုလည်း
Ⓜ️ Intrinsic Motivator လို့ခေါ်တဲ့ အတွင်းကလာတဲ့ စိတ်ခံစားချက်တွေ၊စိတ်ပျော်ရွှင်မှုတွေနဲ့
Ⓜ️ Extrinsic Motivator လို့ခေါ်တဲ့ အပြင်ဘက်လာတဲ့ အသိအမှတ်ပြုမှု၊ကျော်ကြားမှု၊ငွေကြေး စတဲ့အရာတွေက ဖြစ်ပေါ်စေပါတယ်။

တကယ်တော့ လူ့ရဲ့စိတ်ဆိုတာ အမြဲတက်ကြွမနေနိုင်ပါဘူး။ လူတစ်ယောက်ရဲ့ နေ့စဉ်ဘဝမှာ ခက်ခဲပင်ပန်းတဲ့ အလုပ်တွေအတွက်သာမက သာမန်နေ့စဉ်လုပ်ငန်းဆောင်တာတွေ လုပ်ဆောင်နိုင်ဖို့အတွက်ပါ Motivation ဆိုတာ လိုအပ်ပါတယ်။ မဟုတ်ရင် အရာရာကို ပျင်းရိငြီးငွေ့ပြီး ဘာကိုမှ မလုပ်ချင်၊ မကိုင်ချင် ဖြစ်နေပါလိမ့်မယ်။

ဒီလိုဆိုရင် Motivation ကို မြင့်တင်နိုင်ဖို့အတွက် ဘယ်လိုအရာတွေလုပ်နိုင်ပါလိမ့်🤔❓

ဒီနေရာမှာတော့ Motivation မြှင့်တင်ရာတွင် Powerful Ways လို့တောင် တင်စားကြတဲ့ အချက် (၇) ချက်ကို ပြောပြပေးချင်ပါတယ်။

1️⃣ လွယ်ကူရှင်းလင်းတဲ့ နည်းလမ်းများဖြင့် စိတ်ခွန်အား မြှင့်တင်ခြင်း
သင့်ကို စိတ်ခွန်အား မဖြစ်စေတဲ့ အရာတွေ၊ သင့်ရဲ့ အချိန်တွေကို အလဟသ ကုန်စေမယ့် အရာတွေကို သင့်စိတ်ထဲကနေ ဖယ်ရှားပစ်ခြင်းပဲ ဖြစ်ပါတယ်။

2️⃣ အောင်မြင်မှုကိုပဲ အာရုံစိုက်ခြင်း
သင့်ရဲ့ ရည်မှန်းချက်ပန်းတိုင်၊ သင့်အနာဂတ်ကို တိုးတက်စေနိုင်မည့် အောင်မြင်မှုများကိုပဲ တစ်စိုက်မတ်မတ် အာရုံစိုက်ခြင်းကလည်း သင့်ကို စိတ်ခွန်အား တက်လာစေပါတယ်။

3️⃣ အမှန်တကယ် ဖြစ်မြောက်နိုင်မည့် သေးငယ် ကျစ်လစ်တဲ့ ရည်မှန်းချက်များ ထားရှိခြင်း
ဥပမာပေးရမယ်ဆိုရင်ဖြင့် ငါတော့ ဒီနေ့မှာ အခန်းသန့်ရှင်းရေး လုပ်ပြီးရမယ်ဆိုပြီး goal တစ်ခုထားပြီး ပြီးမြောက်အောင် လုပ်ဆောင်ခြင်းဖြင့်လည်း motivation ရစေနိုင်ပါတယ်။

4️⃣ ရယူခြင်းကနေ ပေးဆပ်ခြင်းဆီသို့ ပြောင်းလဲခြင်း
ဒါလေးကတော့ နဲနဲရှုပ်သွားမယ် ထင်ပါတယ်။ သင့်ရဲ့ ပျော်ရွှင်မှု သင့်အနာဂတ်များဟာ သင်နဲ့သာ သက်ဆိုင်ပါတယ်။ အခြားမည်သူ တစ်ဦးတစ်ယောက်နဲ့မှ မသက်ဆိုင်ပါဘူး။ လူတိုင်းဟာလည်း သင့်ကိုချစ်ခင်ပေးရမယ်၊ နားလည််ပေးရမယ်၊ ကူညီပေးရမယ်လို့ တွေးနေမယ့်အစား တစ်ပါးသူဆီက သင်လိုချင်တဲ့ အရာတွေကို တောင်းယူမယ့် အစား သင့်ဘက်ကစပေးလိုက်ခြင်းဟာ လိပ်ပြာလုံသလို စိတ်ခွန်အားအပြင် စိတ်ရဲ့ အေးချမ်းမှုကိုပါ ရရှိစေနိုင်ပါတယ်။

5️⃣ အကျင့်ကောင်းများကို ထပ်ခါတလဲလဲ ပြုလုပ်ခြင်း
သင်ဟာ အရင်က ရေသောက်နဲသူတစ်ယောက် ဆိုလျှင် နေ့တိုင်း ရေသောက်ဖြစ်အောင် ပြုလုပ်ခြင်းဖြင့် ထိုအကျင့်တစ်ခုဟာ သင်နှင့် အသားကျလာသည့်အခါမှာတော့ သင့်ကို စိတ်ခွန်အား ရရှိစေနိုင်ပါလိမ့်မယ်။

6️⃣ ကျေးဇူးတင်စကားပြောခြင်း
ဘာရယ်မဟုတ် မုန့်ဆိုင်မှာ မုန့်သွားဝယ်တာပင် ဖြစ်သော်လည်း မုန့်ဆိုင်က အဒေါ်ကြီးကို ဆိုင်ကထွက်ခါနီး ကျေးဇူးတင်ပါတယ် ပြောလိုက်ခြင်းကလည်း motivation ရစေနိုင်ပါတယ်။

7️⃣ လူ့စွမ်းအင်မှ စိတ်ခွန်အားဆီသို့ ပြောင်းလဲခြင်း
သင့်မှာရှိတဲ့ ခွန်အားတွေမှ တစ်ဆင့် စိတ်ရဲ့ စွမ်းအင်တွေဆီကို ပြောင်းလဲနိုင်ပါတယ်။

Reviewed by Dr. Nweni Myo Wynn, MHPSS Specialist