သင့်မှာရော ဘယ်လို Empathy မျိုးကို ပိုင်ဆိုင်ထားလဲ❓

စာဖတ်ရန် ကြာချိန် (၆) မိနစ်

ဘဝမှာ နေထိုင်ရတာ အဆင်ပြေဖို့၊ ဆက်ဆံရေးတွေ ပိုမိုကောင်းမွန်လာစေဖို့အတွက် မရှိမဖြစ်လိုအပ်တာတစ်ခုရှိပါတယ်။ အဲ့ဒါကတော့ Empathy လို့ခေါ်တဲ့ တခြားသူရဲ့နေရာမှာဝင်ပြီး မျှဝေခံစားနိုင်ခြင်းပါပဲ။ ပြည့်ပြည့်စုံစုံပြောရရင်တော့ “Empathy ဆိုတာ တခြားလူတစ်ယောက်၊တိရစ္ဆာန်တစ်ကောင်ရဲ့ အ‌တွေးတွေ၊ခံစားချက်တွေကို သိမြင်နားလည်ပြီး မျှဝေခံစားနိုင်တဲ့စွမ်းရည်” ကို ပြောတာဖြစ်ပါတယ်😍😍

လူတွေဟာ တစ်ယောက်တည်းသီးသန့်နေထိုင်ကြတဲ့သတ္တဝါတွေ မဟုတ်ကြပါဘူး။အချင်းချင်း ပေါင်းဖွဲ့စုစည်း နေထိုင်ကြတာဖြစ်ပါတယ်။ဒါကြောင့် တစ်ယောက်နဲ့တစ်ယောက် အကောင်းဆုံးပေါင်းသင်းဆက်ဆံနိုင်ရန်အတွက် Empathy ရှိဖို့ အလွန်‌အရေးကြီးပါတယ်။လူငယ်တွေအနေနဲ့လည်း ဘဝမှာအောင်မြင်ဖို့အတွက် Empathy ဆိုတဲ့စိတ်ပိုင်းဆိုင်ရာ အရည်အချင်းက မရှိမဖြစ်လိုအပ်ပါတယ်။

Empathy ကို
(၁) Cognitive Empathy
(၂) Emotional Empathy
(၃) Compassionate Empathy
ဆိုပြီး ပညာရှင်တွေက သုံးမျိုးခွဲခြားထားပါတယ်။ အဲ့ဒီ Empathy သုံးမျိုးနဲ့ပတ်သက်ပြီး အသေးစိတ်ကို အောက်တစ်ပုံချင်းစီမှာ ကြည့်နိုင်ပါတယ်နော်⬇️

လူငယ်တွေအနေနဲ့ Empathy ရှိဖို့ ဘာကြောင့်လိုအပ်တာလဲ❓

Empathy သုံးမျိုးကို မရှင်းပြခင်မှာ လူငယ်တွေအနေနဲ့ Empathy ရှိဖို့ ဘာကြောင့်လိုအပ်တာလဲဆိုတာ ပြောပြချင်ပါတယ်။ တကယ်တော့ Empathy ဆိုတာ လူတစ်ယောက်နဲ့တစ်ယောက် ဆက်ဆံရေး အဆင်ပြေဖို့၊ ပိုပြီးတည်မြဲနက်ရှိုင်းတဲ့ ဆက်ဆံရေးတစ်ခု တည်ဆောက်နိုင်ဖို့အတွက် အဓိကအခန်းကဏ္ဍမှာ ပါဝင်ပါတယ်။ ဒါကြောင့် လူငယ်တွေအနေနဲ့ ပိုမိုကောင်းမွန်ငြိမ်းချမ်းတဲ့ လူ့အဖွဲ့အစည်းတစ်ခုကို တည်ဆောက်နိုင်ဖို့ Empathy ဆိုတဲ့ လူသားချင်းမျှ‌ဝေခံစားမှုရှိကြရပါမယ်။
ဒါ့အပြင် အနာဂတ်ရဲ့ခေါင်းဆောင်တွေဖြစ်တဲ့ လူငယ်တွေအနေနဲ့ တခြားသူတွေရဲ့ခံစားချက်တွေ၊ရှုထောင့်အမြင်တွေကို စာနာနားလည်ပြီး လေးစားလက်ခံပေးနိုင်မှသာ ‌ခေါင်းဆောင်ကောင်းတွေ ဖြစ်လာကြမှာဖြစ်ပါတယ်။ လူငယ်တွေဟာ စိတ်အားတက်ကြွမှုပြင်းထန်သလို နိုင်ငံတစ်နိုင်ငံမှာ လူငယ်တွေရဲ့အင်အားက ကြီးမားတဲ့ပြောင်းလဲမှုတစ်ခု၊သိသာထင်ရှားတဲ့အရွေ့တစ်ခုကို ဖန်တီးလုပ်ဆောင်နိုင်ဖို့ အလွန်အရေးပါပါမယ်။ လူငယ်တွေအနေနဲ့ အချင်းချင်းစာနာနားလည်မှု၊မျှဝေခံစားမှုတွေ တိုးတက်လာခဲ့ရင် အနာဂတ်မှာ ပိုမိုငြိမ်းချမ်းပြီး အချင်းချင်းမျှဝေခံစားတတ်တဲ့ လူ့အဖွဲ့အစည်းတစ်ရပ်ကို ဖော်ဆောင်လာနိုင်မှာပဲ ဖြစ်ပါတယ်။

1️⃣ Cognitive Empathy

Empathy ကို ပညာရှင်တွေခွဲခြားသတ်မှတ်ပုံအရ ပထမအမျိုးအစားကတော့ Cognitive Empathy ဖြစ်ပါတယ်။သူကတော့ တခြားသူတစ်ယောက်ရဲ့ခံစားချက်တွေ၊အမြင်တွေကို စာနာနားလည်ပေးနိုင်တာပဲဖြစ်ပါတယ်။နောက်တစ်မျိုးအနေနဲ့ “perspective taking” လို့လည်း ခေါ်ကြပါတယ်။တခြားသူတစ်ယောက်နေရာမှာဝင်ပြီး သူတွေးသလို၊ သူမြင်သလို တွေးနိုင် မြင်နိုင်တာကိုပြောတာပါ။ အထူးသဖြင့် တခြားသူခံစားရသလို ခံစားတာထက် သူ့နေရာမှာဝင်ပြီး သူမြင်သလိုကြည့်နိုင်တာမျိုးပေါ့။
ဥပမာပြောရရင် ဆွေးနွေးညှိနှိုင်းကြတဲ့အခါ၊ ငြင်းခုံကြတဲ့အခါ ကိုယ့်အမြင်ကသာ အမှန်လို့ တရားသေစွဲကိုင်မထားဘဲ တခြားသူရဲ့နေရာကနေလည်း ဝင်ပြီးမြင်အောင်ကြည့်ပေးနိုင်တာကို Cognitive Empathy လို့ခေါ်နိုင်ပါတယ်။ ခပ်တိုတိုပြောရရင်တော့ Cognitive Empathy ဆိုတာ သူတစ်ပါးကို မျှဝေခံစားတာထက် သူတစ်ပါးနဲ့ မျှဝေတွေးပေးတာမျိုးလို့ ဆိုနိုင်ပါတယ်။

2️⃣ Emotional Empathy

Emotional Empathy ကတော့ နာမည်အတိုင်း သူတစ်ပါးရဲ့နေရာမှာ ဝင်ပြီး ခံစားတာမျိုးပါ။သူငိုတဲ့အခါ သူနဲ့အတူ လိုက်ငိုမိတာမျိုး၊ သူရယ်တဲ့အခါ လိုက်ရယ်မိတာမျိုးပေါ့။ Emotional Empathy ကို “Personal distress” (သို့) “Emotional contagion” လို့လည်းခေါ်ပါတယ်။ ကိုယ့်ရဲ့တစ်ကိုယ်ရည် ဖိစီးခံစားရမှုမျိုး၊စိတ်ခံစားမှုအချင်းချင်း ကူးစက်တာမျိုးကို ပြောချင်တာပါ။ Cognitive Empathy နဲ့မတူတာကတော့ Emotional Empathy က ပိုပြီးခံစားရတာပါပဲ။

ဒီ Emotional Empathy ဆိုတာ လူသားတွေရဲ့ ပထမဆုံး Empathy လို့ပြောနိုင်ပါတယ်တဲ့။ဘာကြောင့်လဲဆိုတော့ မိခင်နဲ့ကလေးကြားမှာ Emotional Empathy ကို သိသိသာသာ ထင်ထင်ရှားရှား မြင်နိုင်လို့ပါ။အမေဖြစ်သူက ပြုံးပြတဲ့အခါ ကလေးကလည်း ပြန်ပြီးပြုံးပြတာမျိုး၊ အမေက ငိုတဲ့အခါ ကလေးကပါ လိုက်ပြီး ငိုတာမျိုးက Emotional Empathy ရဲ့သိသာထင်ရှားတဲ့ဥပမာတစ်ခုပဲဖြစ်ပါတယ်။

ဒီ Emotional Empathy က မရှိမကောင်း၊ရှိမကောင်း Empathy တစ်မျိုးဖြစ်ပါတယ်။ကောင်းတာကတော့ သူတစ်ပါးရဲ့ခံစားချက်တွေကို သေချာနားလည်ခံစားနိုင်တဲ့အတွက် သူတို့အတွက် ပိုပြီးသင့်တော်တဲ့၊ လိုအပ်တဲ့ ရုပ်ပိုင်းဆိုင်ရာ၊ စိတ်ပိုင်းဆိုင်ရာ အထောက်အပံ့တွေ ပိုပြီးပေးနိုင်ပါတယ်။အထူးသဖြင့် ဆရာဝန်တွေ၊သူနာပြုတွေလိူ လူတွေအတွက် Emotional Empathy ရှိဖို့ အလွန်အရေးကြီးပါတယ်။ ဒါပေမယ့် အဲ့လိုသူများခံစားချက်တွေက ကိုယ့်အပေါ်လွှမ်းမိုးလွန်းတဲ့အခါ ကိုယ့်ရဲ့စိတ်ပိုင်းဆိုင်ရာထိခိုက်လာနိုင်ပါတယ်။အဲ့ဒါကို Empathy overload ဖြစ်တဲ့လို့ခေါ်ပါတယ်။သူ့လိုလိုက်ခံစားပြီး ကိုယ်လည်း ကိုယ့်ခံစားချက်တွေကို မထိန်းသိမ်းနိုင်တော့တာမျိုးပေါ့။ အဲ့ဒီအခါ ကိုယ့်ကိုယ်ကိုယ်ပြန်ထိန်းချုပ်ပြီး ကိုယ့်ရဲ့ခံစားချက်တွေကို ပြန်ပြီးထိန်းသိမ်းနိုင်အောင် လုပ်ကြရပါတယ်။

3️⃣ Compassionate Empathy

Compassionate Empathy ဆိုတာကတော့ တခြားသူရဲ့နေရာက ဝင်ရောက်ခံစားပေးပြီး ခံစားနေရတာတွေကို သက်သာဖို့ ဝင်ပြီးကူညီပေးတာအထိ ပါဝင်ပါတယ်။
တခြားသူတစ်ယောက် ခံစားနေရတာကို သိမြင်နားလည်ပေးတာမျိုး (Cognitive Empathy)၊ သူခံစားသလို လိုက်ပြီး ခံစားနိုင်တာမျိုး (Emotional Empathy) တွေထက် သူခံစားနေရတာတွေ လျှော့ပါးသက်သာသွားအောင် လုပ်ဆောင်ပေးလိုက်တာမျိုးကို Compassionate Empathy လို့ခေါ်တာဖြစ်ပါတယ်။ ဒီလို Empathy မျိုးက လူတိုင်းထားနိုင်ဖို့ ခက်ခဲသလို အမြဲထားနိုင်ဖို့လည်း မလွယ်ကူပါဘူး။ဘာကြောင့်လဲဆိုတော့ လူတစ်ယောက်အနေနဲ့ တခြားသူတစ်ယောက်ရဲ့ဆင်းရဲဒုက္ခတွေ၊နာကျင်မှုတွေကို အမြဲတမ်းမျှဝေခံစားပြီး ကုသပေးဖို့ မဖြစ်နိုင်လို့ပါပဲ😔

Empathyလို့ခေါ်တဲ့ သူတစ်ပါးအပေါ် နားလည်ပေး ခြင်းနဲ့ ထပ်တူအရေးကြီးတာကတော့ မိမိကိုယ်ကို သိရှိနားလည်ခြင်းလို့ ခေါ်တဲ့ Self Awarenessပဲ ဖြစ်ပါတယ်။ ကိုယ့်မှာ Empathy အပြင် Self Awareness နဲ့ ပက်သက်ပြီး ဗဟုသုတ ဘယ်လောက်ရှိသလဲဆိုတာ သုံးသပ်ချင်ရင်တော့ အောက်က Linkလေး နှိပ်ပြီး မေးခွန်းလေးတွေ ဖြေကြည့်ပါဦး 👇
https://m.me/myeo.hub?ref=self-awareness

Self Awareness အကြောင်း ဖတ်ရန် 👉 https://bit.ly/3dIIaO2

Reviewed by Dr. Nweni Myo Wynn, MHPSS Specialist