စိတ်ညစ်နေတဲ့အချိန်မှာ ကိုယ့်ရဲ့စိတ်ခံစားချက်တွေကို ဘယ်လိုကိုင်တွယ်ကြမလဲ❓

စာဖတ်ရန် ကြာချိန် (၃)မိနစ်

ဘ၀မှာ စိတ်ပျက်စရာတွေ၊ ခက်ခဲတာတွေ ကြုံတွေ့လာရတဲ့အခါ စိုးရိမ်ပူပန်မှုတွေကလည်း မြင့်တက်လာကြပါတယ်။ အဲ့ဒီအချိန်မှာ ကျွန်တော်တို့တွေဟာ စိတ်မရှည်ကြတော့ဘူး။စိတ်တိုင်းမကျတာတွေ များလာတယ်။ထစ်ခနဲဆို ဒေါသနဲ့ ဖြေရှင်းလာတတ်ကြတယ်။
အဲ့လို စိတ်ခံစားချက်တွေကို သေသေချာချာ မကိုင်တွယ်နိုင်တဲ့အခါ မလိုလားအပ်တဲ့ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။စိတ်ခံစားချက်တွေကို ဦးစားပေးလွန်းရင်လည်း အမှားတွေ ကျူးလွန်နိုင်သလို ကိုယ့်ရဲ့စိတ်ခံစားမှုကို အလေးမထား၊လျစ်လျူရှုခဲ့ရင်လည်း စိတ်ပိုင်းဆိုင်ရာ ပြဿနာတွေ ဖြစ်လာနိုင်ပါတယ်။
ဒါကြောင့် ကျွန်တော်တို့ရဲ့ စိတ်ခံစားချက်တွေကို စနစ်တကျ ကိုင်တွယ်နိုင်ဖို့ ပိုပြီးအရေးကြီးလာပါတယ်။ကိုယ့်ရဲ့စိတ်ခံစားချက်တွေကို သေသေချာချာ စနစ်တကျ ကိုင်တွယ်ထိန်း‌ကျောင်းနိုင်ဖို့အတွက် အောက်မှာ ပြောပြထားတဲ့အချက်လေးတွေကို လိုက်လုပ်ကြည့်နိုင်ပါတယ်နော်👇👇

1) အသက်ကို ပြင်းပြင်းနဲ့ ဝအောင်ရှုလိုက်ပါ။

များသောအားဖြင့် စိတ်ခံစားချက်တွေဟာ ယာယီပဲဖြစ်ပါတယ်။တချို့ပြင်းထန်လွန်းတဲ့ စိတ်ခံစားမှုတွေကသာ အချိန်ကြာတဲ့အထိ တည်ရှ်ိနေကြတာပါ။ဒီလို ခဏတာခံစားမှုတွေ ဖြစ်ပေါ်လာတဲ့အခါ အလောတကြီး မတုံ့ပြန်လိုက်ပါနဲ့။အရင်ဆုံး အသက်ကို ပြင်းပြင်းရှုပြီး ကိုယ့်ရဲ့ဝင်လေ ထွက်လေကို အာရုံစိုက်လိုက်ပါ။စိတ်ခံစားချက်တွေကို ကိုင်တွယ်ရတာ ပိုပြီးလွယ်ကူ‌နိုင်ပါတယ်။

2) စိတ်ခံစားချက်တွေကို လက်သင့်ခံပါ။

လူတော်တော်များများက ကိုယ့်ရဲ့စိတ်ခံစားချက်တွေဆီကနေ ရှောင်ပြေးနေကြတယ်ဗျ။အထူးသဖြင့် မကောင်းတဲ့စိတ်ခံစားချက်တွေကိုပေါ့။
ဥပမာ – ဒေါသမထွက်အောင် ဘယ်လိုလုပ်ရမလဲ၊ စိုးရိမ်ပူပန်မှုတွေ မရှိအောင် ဘာတွေပြင်ဆင်ရမလဲ စသဖြင့် စိတ်ခံစားချက်တွေကို မဖြစ်‌အောင် တားဆီးနေကြတယ်။တကယ်တော့ စိတ်ခံစားချက်တွေက ဖြစ်မလာအောင် တားဆီးဖို့ဆိုတာ မဖြစ်နိုင်ပါဘူး။လူတိုင်း ပျော်တာ၊ဝမ်းနည်းတာ၊ဒေါသထွက်တာ စသဖြင့် ခံစားနေရတာပါ။ဒါကြောင့် ကိုယ့်ရဲ့စိတ်ခံစားချက်တွေကို လျစ်လျူရှုတားဆီးနေမယ့်အစား လက်သင့်ခံပြီး နားလည်အောင်ကြိုးစားပါ။

3) ကိုယ့်ရဲ့အတွေးပုံစံကို ပြောင်းလဲပါ။

တကယ်တော့ ခံစားတဲ့အဆင့်မလာခင်မှာ တွေးတဲ့အဆင့် ရှိပါသေးတယ်။‌နောက်တစ်‌နည်းပြောရရင် တွေးတဲ့အတွေးတွေက ခံစားမှုကို ဖြစ်စေပါတယ်။ဥပမာ – တစ်ယောက်ယောက်က ကိုယ့်ကို “ရူးနေလား” လို့မေးတယ်ဆိုပါစို့။ ပုံမှန်အားဖြင့် အဲ့လို အပြောခံရရင် ကျွန်တော်တို့တွေးကြတာက “ငါ့ကို စော်ကားတာလား။အထင်သေးတာလား” စသဖြင့် တွေးမိကြပါတယ်။ပြီးတော့ စိတ်ဆိုးဒေါသထွက်မယ်၊ပြောတဲ့သူနဲ့ ပြဿနာတက်မယ်။ဒီပြဿနာရဲ့အစက ကျွန်တော်တို့ရဲ့တွေးတဲ့ပုံစံပါပဲ။ကိုယ့်ကို စော်ကားတာပဲလို့ တွေးလိုက်တဲ့အခါ နောက်ဆက်တွဲတွေက အပျက်သဘောကိုပဲ သွားပါတော့တယ်။

ခုနက အဖြစ်အပျက်ကိုပဲ နောက်တစ်မျိုးတွေးကြည့်ရအောင်။
ကိုယ့်ကို ရူးနေလား ဆိုပြီး မေးလိုက်တဲ့အခါ ကိုယ့်ကိုစော်ကားတယ်မတွေးဘဲနဲ့ သူ့ဘက်ကို ပြန်စဉ်းစားကြည့်ကြမယ်။”သူက ဒေါသထွက်နေလို့ပြောတာ ဖြစ်ပါလိမ့်မယ်။ကိုယ့်ကို စော်ကားတာမဟုတ်ဘူး” လို့စဉ်းစားလိုက်တယ်ဆိုရင် စိတ်ခံစားချက်က နောက်တစ်မျိုးပြောင်းသွားနိုင်ပါတယ်။
ဒါကြောင့် အတွေးတွေကို သတိထားပါ။အတွေးတွေက ခံစားချက်တွေ ဖြစ်စေပါတယ်။

4) စိတ်ခံစားချက်တွေကို မှတ်စုထုတ် မှတ်သားထားပါ။

ကိုယ်ခံစားရသမျှကို ချရေးတာဟာ ကိုယ့်ခံစားချက်တွေကို အတိတ်ဆိတ်ဆုံး ဖွင့်ထုတ်တာလို့ ပြောနိုင်ပါတယ်။အင်္ဂလိပ်လိုဆိုရင် ဒါကို Journaling လို့ခေါ်ပါတယ်။ ဒီလို ကိုယ့်စိတ်ခံစားချက်အပြောင်းအလဲတွေကို မှတ်သားထားခြင်းအားဖြင့် ဒီစိတ်ခံစားချက်တွေကို မျက်ခြေမပြတ် စောင့်ကြည့်နိုင်ဖို့ အများကြီး အထောက်အကူပေးပါတယ်။ ဒါ့ပြင် Journaling လုပ်ခြင်းအားဖြင့် ဘယ်အခြေအနေ၊အဖြစ်အပျက်မျိုးတွေမှာဆို ကိုယ့်အနေနဲ့ စိတ်ခံစားချက်တွေကို ထိန်းချုပ်နိုင်ဖို့ အခက်အခဲရှိတယ် ဆိုတာလည်း ခွဲခြားလာနိုင်ပါတယ်။ဒါကြောင့် ကိုယ့်ရဲ့စိတ်ခံစားချက်တွေကို စောင့်ကြည့်နိုင်ဖို့၊ဖွင့်ထုတ်နိုင်ဖို့၊နားလည်နိုင်ဖို့အတွက် Journaling လုပ်ဖို့ကိုလည်း အကြုံပေးချင်ပါတယ်။


ဒါကတော့ ကျွန်တော်တို့အနေနဲ့ စိတ်ခံစားချက်တွေကို စနစ်တကျနဲ့ သေသေချာချာ ကိုင်တွယ်ထိန်းကျောင်းနိုင်ဖို့အတွက် နည်းလမ်းအချို့ကို တင်ပြပေးခဲ့တာဖြစ်ပါတယ်။