Social exclusion ဆိုတာကတော့ လူမှုအသိုင်းအဝိုင်းကနေ ဖယ်ကြဉ်တာကို ခေါ်ဆိုပါတယ်။
သူငယ်ချင်းတို့နဲ့ ကျွန်တော်တို့ကော လူမှုအသိုင်းအဝိုင်းကနေ ဖယ်ကြဉ်ခံနေရတဲ့အထဲပါသလား ဒါမှမဟုတ် သူများကို လူမှုအသိုင်းအဝိုင်းထဲ မပါဝင်လာအောင် ဖယ်ကြဉ်တဲ့အပြုအမူတွေ လုပ်နေမိကြသလား စဉ်းစားကြည့်ရအောင်။
🔻 လူမှုအသိုင်းအဝိုင်းကနေ ဖယ်ကြဉ်ခံရတယ်ဆိုတာ လူအုပ်စုတစ်စုက လူတစ်ယောက်ကို ဒါမှမဟုတ် လူတစ်စုကို သူ့ရဲ့ အခွင့်အရေးတွေ၊ ရပိုင်ခွင့်/ လုပ်ပိုင်ခွင့်တွေကို ပိတ်ပင်တာမျိုး၊ သူ့ကို လူမှုအသိုင်းအဝိုင်းထဲမပါဝင်လာအောင် ပညာရေးချို့တဲ့လို့၊ ဒုက္ခိတဖြစ်နေလို့၊ ဘာသာရေးကြောင့်၊ လူမျိုးရေးကြောင့်၊ အသားအရောင်ကြောင့်ဆိုပြီးစတဲ့ အကြောင်းအရင်းတွေကြောင့် ခွဲခြားဆက်ဆံတာမျိုးကိုခေါ်ပါတယ်။ အဲ့လိုလူမှုအသိုင်းအဝိုင်းကနေ ဖယ်ကြဉ်ခံနေရတဲ့လူတွေဟာ သူတို့ကိုယ်သူတို့မပိုင်ဘူး၊ သူတို့ဘဝကိုသူတို့ မထိန်းချုပ်နိုင်ဘူးဆိုပြီး စိတ်ဓါတ်ကျနေတတ်ပြီး လူမှုကဏ္ဍတော်တော်များများမှာ မပါဝင်နိုင်ဘဲ ဆုံးရှုံးမှုတွေ အများကြီးရှိနေတတ်ပါတယ်။
🔻ဥပမာ – အနေနဲ့ လူမှုအသိုင်းအဝိုင်းကနေဖယ်ကြဉ်ခံနေရတဲ့အုပ်စုတစ်ခုကနေလာတဲ့ လူငယ်တစ်ယောက်ဟာ သူ့ကိုယ်သူ တခြားသူ့လိုရွယ်တူလူငယ်တွေနဲ့တန်းတူ “ငါ့မှာလည်းသူတို့လိုလုပ်နိုင်စွမ်းတွေရှိတယ်” ဆိုပြီး ကိုယ့်ကိုယ်ကိုယ် ယုံကြည်မှုမရှိဘူး၊ အမြဲသိမ်ငယ်အားငယ်တဲ့ စိတ်ကြောင့် ဘယ်လိုကဏ္ဍမျိုးမှာမှ ပါဝင်ဖို့မဝံ့ရဲဘူး၊ နောက်ဆုံး ကိုယ်လုပ်ရမယ့်အလုပ်ထဲမှာတောင် လူအများရဲ့ဝိုင်းဖယ်ကြဉ်ခံရတယ်ဆိုတဲ့စိတ်နဲ့တင် သာမန်လူသားတစ်ယောက်လိုပျော်ရွှင်တက်ကြွမှုမရှိတော့ဘူး။ အဲ့လိုဆိုသူ့ရဲ့နေ့ရက်တိုင်းက ပျော်ရွှင်မှုဆိုတာ ဘယ်မှာရှာလို့ရနိုင်တော့မလဲ မဟုတ်ဘူးလား။
သူငယ်ချင်းတို့လည်း သူ့နေရာမှာငါသာဆိုရင်ဆိုပြီး စဉ်းစားကြည့်ကြရအောင်။
🔻ဒီလိုလူမှုအသိုင်းအဝိုင်းကနေ ဖယ်ကြဉ်ခံနေရတဲ့လူတွေဘယ်လောက်များရှိနေပြီလဲ။
အဲ့ဒီလိုလူတွေ ဘယ်လောက်များ အခွင့်အရေးတွေဆုံးရှုံးနေရပြီး ကျွန်တော်တို့လူသားတွေရဲ့လူ့စွမ်းအားအရင်းအမြစ်တွေ ဘယ်လောက်တောင် ဆုံးရှုံးနေရပြီလဲ။
ဒါတွေအားလုံးရဲ့အဖြေကိုကျွန်တော်တို့အားလုံးကပဲဝိုင်းပြီးအဖြေရှာရမှာဖြစ်ပါတယ်။
Dehumanization ဆိုတာကတော့ လူကိုလူထက်တစ်ဆင့်နိမ့်ပြီးဆက်ဆံတာကို ခေါ်ပါတယ်။
လူမျိုးကြီးအုပ်စုတစ်စု၊ အင်အားကြီးအုပ်စုတစ်စုကလူတွေက အင်အားနည်းအုပ်စုတစ်စုစုကို အထင်အမြင်သေးခွဲခြားဆက်ဆံပြီး သူတို့ရပိုင်ခွင့်၊ လူ့အခွင့်အရေးတွေကိုပိတ်ပင်တာမျိုး၊ သူတို့ဘာလုပ်လုပ် အမြဲပြစ်တင်ဝေဖန်နေတာ၊ ရှုံ့ချတာမျိုးလုပ်တာကို dehumanization လို့ခေါ်ပါတယ်။ အဲ့လို dehumanization လုပ်ခံရတဲ့လူတွေဟာ ရုပ်ပိုင်းဆိုင်အရရော စိတ်ပိုင်းဆိုင်ရာအရပါ နှောင့်ယှက်ခြင်းခံရတဲ့အတွက် သူတို့ဟာအမြဲ စိတ်ဒဏ်ရာတွေနဲ့ပြည့်နေတတ်ပါတယ်။ တချို့ဆိုအလကားနေရင်း အရင်တုန်းက မကောင်းတဲ့သမိုင်းကြောင်းတွေ၊ ကောလာဟလတွေကြောင့် အမြဲတမ်းသူ့ကိုတွေ့တာနဲ့လှောင်ပြောင်ကြတာမျိုး၊ သူ့ကိုပုဂ္ဂိုလ်ရေးအရ တိရိစ္ဆာန်တွေနဲ့ခိုင်းနှိုင်းပြီးစနောက်တာ၊ ကိုယ်လက်အမူအရာတွေနဲ့ နှိမ့်ချဆက်ဆံတာမျိုးတွေ ကြုံတွေ့နေရပါတယ်
အဲ့လိုအရာတွေနဲ့ပက်သက်လို့ ကျွန်တော်တို့ဘာတွေလုပ်လို့ရနိုင်လဲ❓
✅ ကျွန်တော်တို့တွေ အခုလိုအခြေအနေမျိုးတွေမရှိလာအောင် ကိုယ်တိုင်ကစပြီးအပြုအမူ၊ အပြောအဆိုတွေကိုသတိထားရပါမယ်။
✅ Dehumanizationလုပ်တဲ့လူအုပ်စုမှာ ကိုယ်တိုင်ရောပါဝင်နေမိပြီလား အရင်ဆုံးကိုယ့်ကိုယ်ကိုယ်ဆန်းစစ်ကြည့်ရပါမယ်။
✅ နောက်ပြီး သူများတွေကို ခွဲခြားဆက်ဆံတာ၊ ဝေဖန်တာမျိုးတွေမှာ ကိုယ်မပါမိအောင် ကိုယ့်ရဲ့အပြုအမူသေးသေးလေးကအစ သတိထားသင့်ပါတယ်။ ဥပမာအနေနဲ့ dehumanizationနဲ့ပတ်သက်တဲ့အပြောင်အပြက်တွေကို ကိုယ်ကဟာသတွေအဖြစ်မြင်ပြီး ကိုယ်တိုင်လှောင်ရယ်မိနေပြီလား။ လူတွေကိုရှုံ့ချဆက်ဆံနေတဲ့အပြုအမူတွေကို ပိုဆွပေးတဲ့ ရုပ်ရှင်တွေ၊ စာအုပ်တွေအပြင် အပြုအမူတစ်ခုချင်းစီတွေကို ရှောင်ကြဉ်ဖို့လိုပါတယ်။
✅ ပြီးတော့ ကိုယ့်မိသားစုတွေ၊ ကိုယ်နဲ့နီးစပ်တဲ့လူတွေကိုရော dehumanizationနဲ့ပတ်သက်ပြီးနားလည်လာအောင် သေသေချာချာရှင်းပြပြောပြပေးသင့်ပါတယ်။
✅ နောက်ဆုံးအနေနဲ့ ခွဲခြားဆက်ဆံမှုတွေ၊ ရှေးရိုးစွဲတာတွေ၊ မတရားဘက်လိုက်မှုတွေ မရှိလာအောင်အသိပညာပေးဝေမျှနေတဲ့၊ အကျိုးပြုလုပ်ငန်းတွေလုပ်နေတဲ့အဖွဲ့အစည်းတွေကို မိမိကိုယ်တိုင်ကစပြီး တတ်နိုင်သလောက်အားပေးပံ့ပိုးပေးသင့်တာပေါ့။
ကဲ ဒါဆို Social Exclusionနဲ့ Dehumanizationအကြောင်းကို သေချာလေးလေ့လာပြီးသွားပြီဆိုတော့ ကိုယ့်ဘက်ကလိုအပ်မှုတွေ၊ ပြင်ဆင်သင့်တာတွေလည်း သိသင့်သလောက် သိပြီးသွားပြီ၊ ကိုယ်လုပ်နိုင်ကူနိုင်တဲ့အရာတွေကိုလည်း မြင်တတ်သွားပြီလို့ မျှော်လင့်ပါတယ်။
ကိုယ်တိုင်သိပြီးသွားပြီဆိုရင် ဒါတွေနဲ့ပတ်သက်ပြီး အမြင်မပွင့်သေးတဲ့ သူငယ်ချင်းမိတ်ဆွေတွေကိုလည်း လက်ဆင့်ကမ်းမျှဝေပေးပါအုံးနော်။
ဒါဆို နောက်သင်ခန်းစာတွေမှာ ပြန်ဆုံကြပါမယ်။ 👉