အငြင်းပွားမှုတွေကိုကိုင်တွယ်ဖြေရှင်းဖို့ ပုံစံ(၅)မျိုး ရဲ့ အားသာချက် အားနည်းချက်တွေထဲက (၂)မျိုးရဲ့အကြောင်းကို ရှေ့ကသင်ခန်းစာမှာ ပြောပြပေးပြီးသွားပြီဆိုတော့ ကျန်တဲ့အားသာချက် အားနည်းချက်တွေအကြောင်းကို ဒီသင်ခန်းစာမှာ ဆက်လေ့လာကြရအောင်ပါနော် 🔍
🔶 လိုက်လျောခြင်း (Accommodating)
အငြင်းပွားရသောကိစ္စသည် မိမိအတွက်အရေးမပါသော်လည်း အခြားသူအတွက်အရေးကြီးတဲ့အချိန်မှာ ဒီနည်းလမ်းကိုအသုံးပြုနိုင်ပါတယ်။
ဥပမာ Hot Potနဲ့ ကြေးအိုးစားချင်တယ်ဆိုပါတော့။ ကိုယ်ကနှစ်ခုလုံးကိုစားပေမယ့် သူငယ်ချင်းကကြေးအိုးမစားတဲ့အခါ သူစားတဲ့hot potကို လိုက်စားပေးလိုက်တာမျိုးက နှစ်ဦးကြားကဆက်ဆံရေးကိုလည်းပိုကောင်းမွန်လာစေပါတယ်။
အဲ့ဒါ့အပြင် တစ်ဖက်လူထက် ကိုယ်ကအတွေ့အကြုံ ဒါမှမဟုတ် ကျွမ်းကျင်မှုတွေအားနည်းနေတဲ့အခါမျိုးမှာလည်း ဒီနည်းလမ်းကိုအသုံးပြုနိုင်ပါတယ်။ နောက်ပြီး ဆက်ဆံရေးကိုထိန်းသိမ်းရန်နဲ့ အနှောင့်အယှက်တွေကိုရှောင်ဖယ်လိုတဲ့အခါမှာလည်း လိုက်လျောခြင်းပုံစံကိုအသုံးပြုနိုင်ပါတယ်။ စကားနည်း ရန်စဲဆိုတဲ့ စကားပုံလိုပေါ့။ ဒါပေမယ့်လည်း အမြဲလိုက်လျောနေမိတဲ့အခါမှာတော့ ကိုယ့်ဆန္ဒတွေမပြည့်ဝနိုင်တော့ပါဘူး၊ ခဏခဏလိုက်လျောရတဲ့အခါ တစ်ဖက်ကိုလည်း အခွင့်အရေးယူတယ် အားနာမှုမရှိဘူး စသည်ဖြင့် ကိုယ့်စိတ်မှာမကျေမနပ်ဖြစ်လာနိုင်တာမျိုးတွေလည်း ကြုံရနိုင်ပါတယ်။
🔶 နှစ်ဖက်အလျှော့ပေးခြင်း (Compromising)
သဘောတူညီမှုတစ်ခုရရှိဖို့အရေးကြီးတဲ့အချိန် ဒါမှမဟုတ် ရှုပ်ထွေးတဲ့ကိစ္စရပ်တွေအတွက် ယာယီပြေလည်မှုရရှိဖို့ဆိုရင် ဒီနည်းလမ်းကိုအသုံးပြုနိုင်ပါတယ်။ စေ့စပ်ညှိနှိုင်းမှုလုပ်နေစဉ်အတွင်း မိမိအလို လိုက်ရန်တိုက်တွန်းခြင်း ဒါမှမဟုတ် ပူးပေါင်းဖြေရှင်းခြင်းပုံစံကိုအသုံးပြုလိုက်လို့ အောင်မြင်စွာမဖြေရှင်းနိုင်ခဲ့ရင် နှစ်ဖက်အလျှော့ပေးခြင်းပုံစံကို အရံအဖြစ်အသုံးပြုလို့ရပါတယ်။ နှစ်ဖက်လုံးကအလျှော့ပေးပြီးဖြေရှင်းတဲ့ပုံစံဖြစ်လို့ ရေတိုမှာတော့ ဒီပြဿနာကပြေလည်သွားနိုင်ပါတယ်။
ဥပမာ – ကိုယ်နဲ့ ကိုယ့်ချစ်သူ စကားများရန်ဖြစ်ရမှာမလိုလားလို့ ခဏတာအလျှော့ပေးပြီး နှစ်ဖက်ပြေလည်လိုက်တာမျိုးပေါ့။☺️
ရေတိုမှာတော့ဒီပြဿနာက ပြေလည်သွားနိုင်ပေမယ့် ပြဿနာကိုအတွင်းကျကျလေ့လာပြီးဖြေရှင်းခဲ့တာမဟုတ်လို့ နောင်တစ်ချိန်မှာဒီလိုပြဿနာမျိုးတစ်ဖန်ပြန်ဖြစ်လာနိုင်ပါတယ်။ နှစ်ဖက်လုံးကအလျှော့ပေးလိုက်တာမို့ မိမိတို့လိုချင်တဲ့အရာတွေလည်းမရရှိနိုင်တော့သလို လိုအပ်ချက်တွေကိုလည်း ပြည့်စုံအောင်ဆောင်ရွက်နိုင်ခြင်းမရှိတော့ပါဘူး။
🔶 ပူးပေါင်းဖြေရှင်းခြင်း (Collaborating)
ပူးပေါင်းဖြေရှင်းခြင်းပုံစံကိုအသုံးပြုခြင်းအားဖြင့် နှစ်ဖက်လုံးရဲ့ အရေးပါတဲ့လိုအပ်ချက်တွေနဲ့ စိုးရိမ်မှုတွေကိုပြည့်ဝစေမယ့် အဖြေတစ်ခုကိုရှာဖွေနိုင်ပါတယ်။ ကိစ္စရပ်တစ်ခုပေါ်မှာအခြေခံပြီး အငြင်းပွားမှုမှာပါဝင်တဲ့လူတိုင်းရဲ့မတူကွဲပြားတဲ့အမြင်တွေကနေ အကောင်းဆုံးအဖြေတစ်ခုရရှိဖို့ဦးတည်ဖြေရှင်းနိုင်ပါးတယ်။ အဖွဲ့လိုက်လုပ်ဆောင်မှုကိုအားကောင်းစေပြီး ဆန်းသစ်တဲ့အမြင်အမျိုးမျိုးကိုတွေ့ရနိုင်တာကြောင့် ပူးပေါင်းဖြေရှင်းခြင်းဟာ အငြင်းပွားမှုကိုကိုင်တွယ်ဖြေရှင်းရာမှာ ကောင်းမွန်တဲ့နည်းလမ်းတစ်ခုပါပဲ။
ဖြေရှင်းနည်းတစ်ခုမှာ အားသာချက်ရှိသလို အားနည်းချက်တွေရှိနေနိုင်တာကိုလည်း မေ့ထားလို့မရပါဘူး။
ဥပမာ အဖေအသည်းအသန်ဖြစ်လို့ဆေးရုံတင်ရတော့မယ့်အချိန်မှာ မောင်နှမတွေအကုန်ခေါင်းချင်းဆိုင်ပြီး ဒီဆေးရုံတော့ကောင်းတယ်၊ ဟိုဆေးရုံဆိုပိုအဆင်ပြေတယ်ဆိုပြီး ပူးပေါင်းဖြေရှင်းနေလို့မရပါဘူး။ အရေးပေါ်ကိစ္စတွေအတွက် ဆုံးဖြတ်ချက်မြန်မြန်ချတတ်ဖို့လည်းလိုပါသေးတယ်။ ကျွန်တော်တို့ဟာ အမြဲပူးပေါင်းဖြေရှင်းမိတဲ့အခါ တချို့ပြဿနာတွေမှာ မလိုအပ်ဘဲ အချိန်နဲ့ လူအင်အားအများကြီးသုံးမိတာမျိုးတွေ ကြုံရနိုင်လို့ပါပဲ။ လုပ်ငန်းစဉ်ကိုပိုမိုကြန့်ကြာစေနိုင်တဲ့အတွက် အားမရစရာတွေလည်းဖြစ်လာနိုင်သေးတာမို့ သတိပြုဖို့တော့လိုပါတယ်။ ❗
အခုဆို ကျွန်တော်က ပုံစံ(၅)မျိုးရဲ့ အားသာချက် အားနည်းချက်တွေအကြောင်း ပြောပြလို့ပြီးသွားပါပြီ။
ဒီ ပုံစံ(၅)မျိုးရဲ့ အားသာချက် အားနည်းချက်တွေကိုလေ့လာပြီး မိမိကိုယ်တိုင်အငြင်းပွားမှုတစ်ခုကိုထိပ်တိုက်ကြုံတွေ့ရတဲ့အခါ မှန်ကန်တဲ့ဖြေရှင်းနည်းနဲ့ ဖြေရှင်းနိုင်ဖို့မျှော်လင့်ပါတယ်နော်။✨
နောက်သင်ခန်းစာမှာ ပြန်တွေ့ကြပါဦးစို့။