အရှေ့က သင်ခန်းစာမှာလေ့လာခဲ့တဲ့ အငြင်းပွားမှုကို ကိုင်တွယ်ဖြေရှင်းမှုပုံစံ(၅)မျိုးအကြောင်းကို Memory callလေး ပြန်ခေါ်ကြည့်မယ်နော်
ပုံစံ(၅)မျိုးကဘာတွေလဲ❓
- မိမိအလိုလိုက်ရန်တိုက်တွန်းခြင်း (Competing)
- ရှောင်ဖယ်ခြင်း (Avoiding)
- လိုက်လျောခြင်း (Accommodating)
- နှစ်ဖက်အလျှော့ပေးခြင်း (Compromising)
- ပူးပေါင်းဖြေရှင်းခြင်း (Collaborating)
ကဲ ဒီလောက်ဆို အငြင်းပွားမှုကို ကိုင်တွယ်ဖြေရှင်းတဲ့ပုံစံ(၅)မျိုးကို ပြန်မှတ်မိလောက်ပါပြီ။
ကိုင်တွယ်ဖြေရှင်းတဲ့ပုံစံ(၅)မျိုးကိုသိပြီဆိုတော့ အငြင်းပွားမှုတစ်ခု ပြဿနာတစ်စုံတစ်ရာဖြစ်လာတဲ့အခါ ဒီပုံစံ(၅)မျိုးလုံးကို တစ်ပြိုင်တည်းသုံးပြီးဖြေရှင်းလို့ရပါသလား❓
အဖြေကတော့ No ပါ 🙅
ဖြစ်လာတဲ့ပြဿနာပေါ်မူတည်ပြီး ကျွန်တော်တို့ဟာ အကောင်းဆုံးဖြစ်မယ့်ဖြေရှင်းနည်းကိုရွေးချယ်အသုံးပြုတတ်ဖို့လိုပါတယ်။
ကိစ္စတိုင်းမှာ အကောင်းနဲ့အဆိုးကဒွန်တွဲနေတတ်တာမို့ ဒီနေ့တော့ ကျွန်တော်က ပုံစံ(၅)မျိုးရဲ့ အားသာချက်၊အားနည်းချက်တွေကိုပြောပြပေးသွားမှာဖြစ်ပါတယ်။ 💁
🔶 မိမိအလို လိုက်ရန်တိုက်တွန်းခြင်း (Competing)
အရေးပေါ်ကိစ္စရပ်များကဲ့သို့သော အခြေအနေများအတွက် အလျင်အမြန်နှင့် တိကျသောလုပ်ဆောင်ချက်များချမှတ်ရန် အရေးပါတဲ့အချိန်တွေမှာ ဒီဖြေရှင်းမှုပုံစံကိုအသုံးပြုနိုင်ပါတယ်။ မိမိအလို လိုက်ရန်တိုက်တွန်းတဲ့ပုံစံဖြစ်လို့ ကိုယ့်ရဲ့တန်ဖိုးထားမှုတွေကိုကာကွယ်နိုင်ပြီး ကိုယ်တိုင်လုပ်ဆောင်ရမယ့် နည်းလမ်းတွေရှိရင်လည်းဆုံးဖြတ်ချက်မြန်မြန်ချနိုင်ပါသေးတယ်။
ဥပမာ – ဗိုက်အရမ်းဆာနေပေမယ့် နေ့လည်စာဘာစားရမှန်းမသိဘူးလို့ ဆိုလာကြတဲ့အခါ ကိုယ်စားချင်တဲ့အစားအသောက်တွေပြောပြပြီး မြန်မြန်ပဲဖြေရှင်းလိုက်ကြတာမျိုးပေါ့။
ဒါပေမယ့်လည်း အမြဲတမ်းကိုယ့်အလိုကိုလိုက်ဖို့တိုက်တွန်းတဲ့ပုံစံဖြစ်နေတတ်တာကြောင့် အလွန်အကျွံအသုံးချမိတဲ့အခါ ကိုယ်နဲ့အခြားသူတွေကြားကဆက်ဆံရေးကိုအားနည်းလာစေနိုင်ပါတယ်။ သဘောထားကွဲလွဲတာမျိုးတွေလည်းဖြစ်လာနိုင်တာကြောင့် သတိထားဖို့တော့လိုပါမယ်။
🔶 ရှောင်ဖယ်ခြင်း (Avoiding)
ကိုယ်ဖြေရှင်းရမယ့်ကိစ္စ ဒါမှမဟုတ် ကိုယ်နဲ့ဖြေရှင်းရမယ့်တစ်ဖက်လူကြားဆက်ဆံရေးက အရေးမကြီးတဲ့အချိန်တွေမှာ ဒီဖြေရှင်းမှုပုံစံကိုအသုံးပြုနိုင်ပါတယ်။
ဥပမာ – တစ်ခါတရံသာရောက်တဲ့ဈေးထဲက ဈေးသည်ဆီကဈေးဆစ်နေရင်းမထင်မှတ်ဘဲအငြင်းပွားမှုတွေထဖြစ်တဲ့အခါ ဘာမှဆက်မပြောတော့ဘဲ ထွက်လာလိုက်တာမျိုးပေါ့။ အဲ့ဒါအပြင် အခြားတစ်ယောက်ကနေပြီး ဒီအငြင်းပွားမှုကို ကိုယ့်ထက်ပိုထိရောက်စွာ ဖြေရှင်းနိုင်တဲ့အချိန်တွေမှာဆိုရင်လည်း ရှောင်ဖယ်ခြင်းပုံစံကို အသုံးပြုလိုက်တာဟာ ပိုကောင်းတဲ့ဖြေရှင်းနည်းတစ်မျိုးပဲဖြစ်ပါတယ်။
ကိုယ်မဖြေရှင်းနိုင်တာကို ရှောင်လိုက်တာ ဒါမှမဟုတ် ကိုယ်ဝင်ပါလိုက်မှ ပြဿနာဟာ ပိုကြီးသွားနိုင်မယ့် အခြေအနေမျိုးတွေ ရှိနေတဲ့အခါ ရှောင်ဖယ်လိုက်တာက အကောင်းဆုံးပါပဲ။ ဒါပေမယ့်လည်း အမြဲတမ်း ရှောင်ဖယ်တဲ့ပုံစံကိုချည်း သုံးနေလို့ေတာ့မဖြစ်ပါဘူး။ ဖြေရှင်းလို့ရပါရက်နဲ့ မဖြေရှင်းဘဲထားလိုက်ရင် တဖြည်းဖြည်းစုလာပြီး ဒီပြဿနာကပိုကြီးလာတဲ့အခါ ရှင်းရခက်ပြီး အကြမ်းဖက်မှုကို ဦးတည်တဲ့အခြေအနေတွေထိလည်း ရောက်သွားနိုင်ပါသေးတယ်။
အဲ့တာကြောင့် ကျွန်တော်တို့ဟာ ပြဿနာတစ်မျိုးကို ဖြေရှင်းနည်း(၅)မျိုးလုံးသုံးပြီး ဖြေရှင်းလို့မရသလို တစ်မျိုးတည်းကိုပဲ အမြဲသုံးပြီး ဖြေရှင်းနေလို့လည်း မဖြစ်ဘူးဆိုတာကို သတိချပ်ဖို့လိုပါတယ်။
ဒီနေ့တော့ ကျွန်တော်က ပုံစံ(၅)မျိုးထဲကမှ နှစ်မျိုးရဲ့ အားသာချက် အားနည်းချက်တွေအကြောင်းကိုပဲ ပြောပြသွားသေးတာဖြစ်ပါတယ်။
ကျန်တဲ့ပုံစံတွေရဲ့ အားသာချက် အားနည်းချက်တွေကရော ဘာတွေဖြစ်မလဲဆိုတာ နောက်သင်ခန်းစာလေးမှာဆက်လက်လေ့လာကြရအောင်ပါနော်။