“အသက်တစ်ရာမနေရ အမှုတစ်ရာ တွေ့ရ” ဆိုတဲ့စကားပုံအတိုင်း ကျွန်တော်တို့နေ့စဉ်ဘဝတွေမှာ ပြဿနာအမျိုးမျိုးနဲ့ ရင်ဆိုင်ကြုံတွေ့နေကြရပါတယ်။ မိသားစုနဲ့ဖြစ်စေ၊ သူငယ်ချင်းအပေါင်းအသင်းများနဲ့ ဖြစ်စေ လုပ်ဖော်ကိုင်ဖက်များနဲ့ဖြစ်စေ စတဲ့ ပြဿနာငယ်တွေအပြင် လူမှုရေး၊ စီးပွားရေး၊ နိုင်ငံရေးများအထိပါ ပါဝင်လာသော ပဋိပက္ခများကိုလည်း ရင်ဆိုင်ရတတ်ပါတယ်။
ဘယ်လိုပဲ ကျွန်တော်တို့လိုချင်တဲ့အရာတွေ ကွဲပြားနေပါစေ ပူးပေါင်းလုပ်ဆောင်လိုစိတ်ရှိရင် စေ့စပ်ညှိနှိုင်းရေးနည်းလမ်းကို အသုံးပြုပြီး ဒီပြဿနာတွေကိုဖြေရှင်းနိုင်ပါတယ်။
စေ့စပ်ညှိနှိုင်းခြင်းဆိုတာဘာလဲ❓
စေ့စပ်ညှိနှိုင်းတယ်ဆိုတာ ပြဿနာကိုဖြေရှင်းဖို့တစ်ဦးနဲ့တစ်ဦး အတူတကွအဖြေရှာပြီးအချင်းချင်းညှိနှိုင်း လုပ်ဆောင်တာ၊ အပြန်အလှန်ဆွေးနွေးပြီး နှစ်ဖက်လုံးက ကိုယ်လိုချင်တဲ့အရာတွေရရှိအောင်ပြုလုပ်တဲ့နည်းလမ်းပဲဖြစ်ပါတယ်။
စေ့စပ်ညှိနှိုင်းတယ်လို့ဆိုရာမှာ ရပ်တည်ချက်ကို ကိုင်စွဲညှိနှိုင်းတာနဲ့ စိတ်ဝင်စားမှု အခြေပြုစေ့စပ်ညှိနှိုင်းတာဆိုပြီးလည်း ရှိပါသေးတယ်။
📝 ရပ်တည်ချက်ကိုကိုင်စွဲညှိနှိုင်းခြင်း
ရပ်တည်ချက်ကို ကိုင်စွဲညှိနှိုင်းခြင်းမှာ မိမိတို့ရဲ့တောင်းဆိုချက်တွေကို ဦးစားပေးဖော်ပြပြီး ညှိနှိုင်းတာပဲဖြစ်ပါတယ်။ ရပ်တည်ချက်ကို ကိုင်စွဲညှိနှိုင်းတဲ့အခါမှာ ကျွန်တော်တို့တွေဟာ ကိုယ့်ရဲ့လိုအပ်ချက်ကိုပဲကြည့်ပြီးညှိနှိုင်းတာဖြစ်တဲ့အတွက် တစ်ခါတလေမှာ အဆင်မပြေတာတွေ၊ ပြဿနာတွေကို ပိုကြီးသွားစေနိုင်တာမျိုးတွေလည်း ဖြစ်တတ်ပါတယ်။
📝 စိတ်ဝင်စားမှုအခြေပြုစေ့စပ်ညှိနှိုင်းခြင်း
စိတ်ဝင်စားမှုအခြေပြု စေ့စပ်ညှိနှိုင်းခြင်းဆိုတာ ရပ်တည်ချက်ရဲ့နောက်က လိုအပ်ချက်နဲ့အကြောင်းအရင်းကို ဦးတည်ပြီး စေ့စပ်ညှိနှိုင်းတာပဲဖြစ်ပါတယ်။ လိုအပ်မှုေတွ၊ လိုအင်ဆန္ဒတွေ၊ စိုးရိမ်မှုနဲ့ ကြောက်ရွံ့မှုတွေကို ဦးတည်တဲ့ ပဋိပက္ခဖြေရှင်းမှုနည်းလမ်းတစ်မျိုးလည်းဖြစ်ပါတယ်။
စိတ်ဝင်စားမှုအခြေပြုစေ့စပ်ညှိနှိုင်းခြင်းကို ဘာ့ကြောင့်လုပ်သင့်တာလဲ❓
အပေါ်ယံရပ်တည်ချက်ထက် ပိုပြီးလေးနက်တဲ့ အကြောင်းအရင်းကို ဖော်ပြဆွေးနွေးတာဖြစ်လို့ ပိုမိုထိရောက်တဲ့ ပြဿနာဖြေရှင်းနိုင်သူများ ဖြစ်အောင်ပံ့ပိုးပေးနိုင်ပါတယ်။ ဥပမာ အပြင်ထွက်ခွင့်ရဖို့ မိဘဆီကခွင့်ပြုချက်တောင်းတဲ့အခါ အပြင်ထွက်ချင်လို့ဆိုတဲ့ ရပ်တည်ချက်တစ်ခုတည်းကိုပဲ ပြောပြတာထက် ဘာကြောင့်အပြင်ထွက်ချင်ပါတယ်ဆိုတဲ့ အကြောင်းအရင်းကို ပြောပြညှိနှိုင်းတာက ရလဒ်ကောင်းရရှိဖို့ ပိုမိုနီးစပ်စေပါတယ်။
📝 စိတ်ဝင်စားမှုအခြေပြု စေ့စပ်ညှိနှိုင်းခြင်းကို အသုံးပြုခြင်းအားဖြင့် ကျွန်တော်တို့တွေဟာ ပြဿနာတွေကို ကြုံတွေ့လာရတဲ့အခါ လူနဲ့ပြဿနာကို ခွဲခြားပြီး မြင်နိုင်လာပါတယ်။ ဒါ့အပြင် စိတ်ဝင်စားမှုတွေကို ဦးတည်ဖြေရှင်းနိုင်တဲ့ ရွေးချယ်စရာနည်းလမ်းတွေကိုပါ ထည့်သွင်းစဉ်းစားနိုင်တာဖြစ်လို့နှစ်ဦးနှစ်ဖက်လုံးအတွက်လည်း win-win situationကိုပါ ရရှိစေပါတယ်။
စိတ်ဝင်စားမှုအခြေပြုစေ့စပ်ညှိနှိုင်းခြင်းအကြောင်းကို သိရှိပြီးပြီဆိုတော့ ကိုယ်နဲ့ စေ့စပ်ညှိနှိုင်းမယ့် ညှိနှိုင်းဖက်ရဲ့ စိတ်ဝင်စားမှုတွေကို ဘယ်လိုဖော်ထုတ်ကြမလဲဆိုတာကို ဗွီဒီယိုလေးထဲမှာ လေ့လာလိုက်ကြရအောင်။
ဒါဆိုရင် စိတ်ဝင်စားမှုအခြေပြု စေ့စပ်ညှိနှိုင်းခြင်းနဲ့ ပတ်သက်တဲ့အကြောင်းအရာတွေကို သိရှိပြီးသွားပြီဆိုတော့ မိမိတို့ရဲ့ကြုံတွေ့နေရတဲ့ အဟန့်အတားတွေ၊ ရင်ဆိုင်တွေ့ရမယ့် ပြဿနာတွေကိုဖြေရှင်းတဲ့အခါမှာ ပိုမိုကောင်းမွန်တဲ့ရလဒ်တွေရရှိအောင် ကိုယ်တိုင်လက်တွေ့ကျကျ အသုံးချကြည့်ဖို့ကိုလည်းတိုက်တွန်းလိုက်ရပါတယ်နော်။