Community Organizing Process

Community Organizing Process ဆိုတဲ့ ဖြစ်စဉ်ကြီးတစ်ခုဆောင်ရွက်ဖို့ ဘယ်လိုမျိုးလုပ်ငန်းစဉ်တွေ ပါဝင်သလဲဆိုတာ လေ့လာသွားကြမှာဖြစ်ပါတယ်။

Community Organizing Processမှာ အဆင့်(၅) ဆင့် ပါဝင်ပါတယ်။ ဘာတွေလဲ ဆိုတော့

အဆင့်(၁) လူထုအားချဉ်းကပ်ခြင်း (Entry Point)
အဆင့်(၂) ရပ်ရွာပတ်ဝန်းကျင်အား လှုံ့ဆော်ပေးခြင်း (Facilitation)
အဆင့်(၃) ပြောင်းလဲမှုအတွက်ဗျူဟာချမှတ်ခြင်း (Strategy)
အဆင့်(၄) စုပေါင်းလုပ်ဆောင်မှုအတွက် လှုပ်ရှားဆောင်ရွက်ခြင်း (Implementation Action [Empower])
အဆင့်(၅) စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုများပြုလုပ်ခြင်း (Sustainable Development)  ပဲဖြစ်ပါတယ်။

🔰အဆင့်(၁) လူထုအားချဉ်းကပ်ခြင်း (Entry Point)

ဒီအဆင့်ကတော့ မိမိလုပ်ရမယ့်အဆင့်ရဲ့ပထမဆုံးအဆင့်ဆိုတော့ သေချာဂရုစိုက်ပြီး လုပ်သင့်ပါတယ်။ မိမိချဉ်းကပ်လိုတဲ့အုပ်စုကို ပထမဆုံးစချဉ်းကပ်တဲ့အခါမှာပဲ မိမိကိုလူထုက စိတ်ပျက်သွားအောင် မလုပ်ဆောင်သင့်ပါ။ မိမိကလူထုကို စပြီးချဉ်းကပ်တဲ့အခါ မိမိကိုသူတို့ယုံကြည်မှု‌တွေ ရှိလာအောင် ပါးနပ်စွာ လုပ်တတ်ဖို့တော့လိုပါလိမ့်မယ်။

🔰အဆင့်(၂) ရပ်ရွာပတ်ဝန်းကျင်အား လှုံ့ဆော်ပေးခြင်း (Facilitation)

ဒီအဆင့်မှာလည်း အပေါ်က အတိုင်းပါပဲဖြစ်တယ်။ တကယ် သတိထားပြီး လုပ်သင့်တဲ့ အရေးကြီးတဲ့ အဆင့်တစ်ခုဖြစ်ပါတယ်။ မိမိကလူထုကို ချဉ်းကပ်လို့ အောင်မြင်ပြီး နောက်လုပ်ငန်းစဥ် တစ်ဆင့်တက်တော့ မယ်ဆိုရင် မိမိပြောချင်တာတွေကိုပဲ အတင်းအကျပ် စည်းရုံးသိမ်းသွင်းတာမျိုး မလုပ်ဘဲ လူထုရဲ့လိုအပ်နေတဲ့ အရာတွေ၊ လူထုလက်ခံယုံကြည်ထားတဲ့ အရာတွေကို လက်ခံလာနိုင်လောက်အောင် ပညာသားပါပါ စည်းရုံး ပြောဆိုတတ်ရမှာဖြစ်ပါတယ်။

ဥပမာအားဖြင့် – မိမိပစ်မှတ်ထားတဲ့ရွာလေးက ဘာသာတရားကို အလွန်ပဲကိုင်းရှိုင်းကြတဲ့ လူတွေဆိုရင် မိမိကသူတို့ယုံကြည်ကိုးကွယ်နေတဲ့ ဘာသာတရားနဲ့ယှဉ်ပြီး‌ မိမိလိုချင်တဲ့ဖက်ကို ရအောင်ဆွဲခေါ်ပြီး မိမိရဲ့အစီအစဉ်က ရပ်ရွာရဲ့ ယုံကြည်ကိုးကွယ်မှုကို မပျက်စီးမထိခိုက်အောင် ဆောင်ရွက်ပေးနိုင်ကြောင်း ပြောတာမျိုးကို ဆိုလိုပါတယ်။

🔰အဆင့်(၃) ပြောင်းလဲမှုအတွက် ဗျူဟာချမှတ်ခြင်း (Strategy)

ဒီအဆင့်မှာတော့ မိမိကသူတို့ကိုစည်းရုံးလှုံ့ဆော်လို့ အနည်းအကျဉ်းအောင်မြင်လာပြီဆိုရင် မိမိဆီပါလာတဲ့ ရပ်ရွာက လူတွေနဲ့အသင်း၊ ကော်မတီတွေဖွဲ့သင့်ရင် အလျဥ်းသင့်သလိုဖွဲ့ပြီး ဘယ်လိုမျိုး ဆက်ပြီး အလုပ်လုပ်သွားကြမလဲဆိုတာ အစီအစဉ်တွေ ရေးဆွဲဖို့လုပ်ရပါမယ်။ မိမိဖြစ်ချင်တဲ့ အစီအစဉ်တွေကိုပဲ ဦးဆောင်ပြီး ပြောသွားတာမျိုးမဟုတ်ဘဲ ပါဝင်လာတဲ့ဒေသခံတွေရဲ့အသံကို အဓိကထား နားထောင်ပြီး ရေးဆွဲရမယ့်အစီအစဉ်တွေကို ရပ်ရွာလူထုနဲ့အတူ အသင့်တော်ဆုံးဖြစ်အောင် ရေးဆွဲရပါမယ်။

🔰အဆင့်(၄) စုပေါင်းလုပ်ဆောင်မှုအတွက် လှုပ်ရှားဆောင်ရွက်ခြင်း (Implementation Action [Empower])

ဒီအဆင့်မှာဖွဲ့စည်းထားတဲ့ အသင်းဝင်တွေ၊ ကော်မတီဝင်တွေနဲ့ အတူချမှတ်ထားတဲ့ အစီအစဉ်တွေကို အားတက်သရော လုပ်ဆောင်ခြင်းပဲဖြစ်ပါတယ်။ အဲ့ဒီလိုအုပ်စုတစ်စုက သတ်သတ်မှတ်မှတ်နဲ့ လှုပ်ရှားတဲ့အခါ တခြားသူတွေကလည်း စိတ်ပါဝင်စားလာပြီးတဖြည်းဖြည်းဆွဲခေါ်ကာ အစီအစဉ်တွေကို ဆောင်ရွက်လာနိုင် မှာပါ။ ဒီအဆင့်မှာတော့ မိမိအဖွဲ့ရဲ့လုပ်နိုင်စွမ်းကိုချပြဖို့အတွက် လူထုဆီက မိမိအစီအစဥ်အပေါ် ယုံကြည်မှုတွေ တိုးပွားလာအောင်နဲ့ အားလုံးပူးပေါင်းပါဝင်လာအောင် လုပ်ဖို့အတွက်က မိမိလက်ထဲမှာပဲ ရှိပါတယ်။

🔰အဆင့်(၅) စဉ်ဆက်မပြတ် ဖွံ့ဖြိုးတိုးတက်မှုများပြုလုပ်ခြင်း(Sustainable Development)

Community Organizing Process ရဲ့ နောက်ဆုံးအဆင့်ကိုဆက်ပြီး လေ့လာကြရအောင်။

ဒီအဆင့်မှာဆိုရင် ရှေ့ကအဆင့်လေးဆင့်မှာ လုပ်ခဲ့သမျှကို လူထုအတွက် အကျိုးရှိပြီး ရေရှည်တည်တံ့ တဲ့ လုပ်ငန်းစဉ်ကြီး တစ်ခုအနေနဲ့ ဆက်ပြီးတည်ရှိသွားအောင် ပြုလုပ်ထားရမှာပဲဖြစ်ပါတယ်။ ဒီလုပ်ငန်းစဉ်ကြီး ဖြစ်လာအောင် စပြီးပုံဖော်ကြိုးစားလုပ်ဆောင်ခဲ့တဲ့သူကိုယ်တိုင် ပါဝင်စရာမလိုတော့ဘဲ ကျန်တဲ့လူတွေက ပြန်လည်လက်လွှဲယူ ပြီး ဒီလူထုအတွက်၊ ဒီပတ်ဝန်းကျင်အတွက် အကျိုးပြုပေးနိုင်တဲ့ လုပ်ငန်းစဉ်ကြီး တစ်ရပ်အနေနဲ့ ရှေ့ဆက် ရှိနေဖို့အဖွဲ့အစည်းတွေ၊ ကော်မတီတွေကို တည်တည်တံ့တံ့ ဖြစ်အောင် ဖွဲ့စည်းထားဖို့လိုပါတယ်။ ခဏတဖြုတ် ပြိုလဲသွားမယ့် အဖွဲ့အစည်းတွေ၊ အသင်းအဖွဲ့တွေမဟုတ်ဘဲ လူထုအကျိုးအတွက် ခေတ်နဲ့တပြေးညီ အဖွဲ့ အစည်းရဲ့လုပ်ငန်းစဉ်တွေကို ဆောင်ရွက်နေမယ့်အဖွဲ့အစည်းဖြစ်ဖို့ လိုပါလိမ့်မယ်။

အထက်မှာ ရှင်းပြခဲ့တဲ့အချက်တွေကတော့ Community Organizing Process (လူထုစည်းရုံးလှုံ့ဆော်မှုဖြစ်စဉ်) အတွက် လုပ်ဆောင်ရမယ့်အဆင့်ငါးဆင့်ပဲဖြစ်ပါတယ်။