Public Speaking Skills

💠လူအများရှေ့ စကားပြောဆိုခြင်း(Public Speaking)ဆိုတာ ဘာလဲ။

လူအများရှေ့ စကားပြောဆိုခြင်း(Public Speaking)ဆိုတာက လူအများကြီးရှေ့ကို ထွက်ပြီး သင်ကြားပို့ချပေးရခြင်း သို့မဟုတ် မိန့်ခွန်းပြောဆိုရတဲ့ အပြုအမူ လုပ်ရပ်တစ်ခုဖြစ်ပါတယ်၊ အချက်အလက်တွေကို နည်းလမ်းမှန်မှန်နဲ့ ချက်ကျလက်ကျ ဆက်သွယ်ပြောဆိုမှုလို့လဲ ပြောလို့ရပါတယ်။

💠ပရိသတ်အမျိုးအစား ဘယ်နှမျိုးရှိလဲ။

ပို့ချဟောပြောတဲ့သူတစ်ယောက်ဟာ ကြား နေတဲ့သူ၊ အတိုက်အခံလုပ်တဲ့သူ၊ ဘာမှမသိသေးတဲ့သူ၊ ကျွမ်းကျင်သူနဲ့ စီးပွားရေး လုပ်ငန်း လုပ်တဲ့ပရိသတ်၊ မအားတဲ့သူ ဆိုပြီး မတူညီတဲ့ ပရိသတ် (၅) မျိုးကို ကြုံတွေ့ရလေ့ရှိပါတယ်။ မတူညီတဲ့ ပရိသတ်တွေအတွက် ရည်မှန်းချက်နဲ့ ထိတွေ့ဆက်ဆံမှုပုံစံတွေကို ချိန်ညှိဖို့ အရေးကြီးပါတယ်။

  1. ကြားနေပရိသတ် (Neutral Audience)ဒီလူတွေက တိုက်ရိုက်ဖြစ်စေ သွယ်ဝိုက်၍ဖြစ်စေ စိတ်ဝင်စားကြပြီး သူတို့ကို မစော်ကားမိစေဖို့အတွက် အင်မတန် ဂရုစိုက်ဖို့ လိုအပ်ပါတယ်။
  2. ဆန့်ကျင်ဘက် (သို့) အတိုက်အခံ ပရိသတ် (Hostile Audience)ဒီလူတွေက ကိုယ့်ရဲ့ အယူအဆတွေကို သဘောမတူတတ်ကြပေမယ့် ထိတ်လန့်နေဖို့ မလိုပါဘူး။ သူတို့ရဲ့ ရပ်တည်ချက် သဘောထားအမြင်တွေကိုသာ မြင်နိုင်အောင် ကြိုးစားပါ။
  3.  ဘာမှမသိသေးတဲ့ ပရိသတ် (Uninformed Audience)ကိုယ်ပြောမယ့် အကြောင်းအရာနဲ့ မရင်းနှီးတဲ့ သူတွေဖြစ်ပါတယ်။ သူတို့ရဲ့ အဆင့်အလိုက် သင့်လျော်တဲ့  သတင်းအချက်အလက်တွေကို ပေးဆောင်ဖို့ လိုအပ်ပါတယ်။
  4. ကျွမ်းကျင်နေတဲ့ ပရိသတ် (Expert Audience)ကိုယ်ပြောမယ့် အကြောင်းအရာကို အများကြီး သိပြီးသားသူတွေပါ။ ဒါကြောင့် ကိုယ့်ရဲ့ပြောဆိုချက်တွေက သူတို့မသိသေးတဲ့ အသစ်အဆန်းတွေ ဖြစ်ရပါမယ်။
  5. အလုပ်မအားတဲ့ စီးပွားရေး လုပ်ငန်းလုပ်တဲ့ ပရိသတ် (Business Audience)သူတို့ကတော့ အလုပ်များပြီး စိတ်ရှည်သည်းခံမှုမရှိတဲ့သူတွေဖြစ်ပါတယ်။ ဒါကြောင့် ယဉ်ယဉ်ကျေးကျေး တိုတိုတုတ်တုတ် ပြောဖို့ အရေးကြီးပါတယ်။

💠စင်ကြောက်ခြင်းအကြောင်း သိကောင်းစရာ

လူအများရှေ့ ဆွေးနွေးပို့ခြခြင်း၊ စကားပြောဆိုခြင်း(public Speaking)ကို လက်တွေ့လုပ်ဆောင်ကြတဲ့အခါ မှာ Stage Fright လို့ခေါ်တဲ့ စင်ကြောက်တဲ့စိတ်ကို ခံစားရလေ့ရှိပါတယ်၊ စင်ကြောက်တဲ့ စိတ်ဆိုတာက လူအများကြီးရဲ့ အာရုံစူးစိုက်မှုခံနေရတာ နဲ့ တစ်ယောက်တည်း ရှေ့ထွက်ပြောနေရတာကို ကြောက်တာ၊ လူအများကြီးကနေ ဝေဖန်သုံးသပ်နေကြမှာလားဆိုတာကို ကြောက်တာ၊ ပြောနေတဲ့အကြောင်းအရာတွေက မှားနေမလားဆိုတဲ့ ကျရှုံးမှုကို ကြောက်ရွံ့တာတွေ ဖြစ်ပါတယ်။ 

ကြောက်ရွံ့မှုတွေကို ပပျောက်စေဖို့ မှန်ကန်တဲ့ နည်းလမ်းတွေနဲ့  လူအများရှေ့မှာ ဆွေးနွေးပို့ချတာ စကားပြောဆိုခြင်း၊ တင်ဆက်မှုမျိုးပြုလုပ်တဲ့အခါမှာ ဘယ်လို နည်းဗျူဟာတွေ သုံးရမလဲဆိုတာကို လေ့လာကြည့်ရအောင်။

💠ပရိတ်သတ်/လူများအရှေ့ ဆွေးနွေးဟောပြောခြင်း မပြုခင် စကားမပြောခင် စစ်ဆေးရမယ့် အချက်တွေက

  1. လူအများရှေ့ စကားပြောဆိုရမယ့် ရည်ရွယ်ချက်က ဘာလဲ။
  2. နားထောင်သူ ပရိတ်သတ်က ဘယ်လိုလူမျိုးတွေပါ၀င်လဲ။ လူဦးရေ ပမာဏ ဘယ်လောက်လဲ။
  3. ပရိတ်သတ်က ကိုယ်ပြောမယ့် ခေါင်းစဉ်နဲ့ ပတ်သက်ပြီး ဘယ်လောက် ဗဟုသုတရှိနေလဲ။
  4. အချိန် အကန့်အသတ် ဘယ်လောက်ရှိလဲ။
  5. Presentation လုပ်ရမယ့် နေရာအနေအထား ဘယ်လိုရှိလဲ။
  6. ဘယ်လို အမြင်အာရုံ အထောက်အကူပြုပစ္စည်း (Visual Aids)တွေကို အသုံးပြုဖို့ သင့်တော်မလဲ။ ဆိုတာကို သိထားရပါမယ်။

💠ပရိတ်သတ်/လူများအရှေ့ ဆွေးနွေးဟောပြောခြင်းများအတွက် ကြိုတင်စဉ််းစားရမည့် အချက်များ

  1. ပါ၀င်မည့် အကြောင်းအရာတွေကို သေချာစွာ ပြင်ဆင်ပါ။ နိဒါန်းနှင့် နိဂုံးကို အချိတ် အဆက်မိအောင် ကြိုတင်ပြီး ပြင်ဆင်ထားလို့ရပါတယ်။  ပရိတ်သတ်/လူများအရှေ့ ဆွေးနွေးဟောပြောခြင်း ကိုယ့်ကို စိတ်ပူပန်မှု​ဖြစ်စေတယ်ဆိုရင် မှတ်စု(Note)လေးတွေ ဖန်တီးထားလို့ရပါတယ်။ ပြောဆိုနေရင်း ခေါင်းစဥ်တစ်ခုနဲ့ တစ်ခု အလွှဲအပြောင်းမှာ နောက်ထပ်ပြောဖို့အချက်ကို မေ့သွားရင် မှတ်စုကို ကြည့်နိုင်ပါတယ်။ သတိထားရမယ့်အချက်တစ်ခုကတော့ မှတ်စုတွေကို အာရုံစိုက်ကြည့်ပြီး တင်ဆက်နေမယ်ဆိုရင်တော့ ကိုယ့်ရဲ့ တင်ဆက်မှု က  ထိရောက်မှုမရှိပဲ  ပရိသတ်ရဲ့ စိတ်ဝင်စားမှုလည်း ရမှာမဟုတ်ပါဘူး။ ဒါကြောင့် ကိုယ်မျှဝေချင်တဲ့ အချက်တစ်ခုစီအတွက် စကားလုံးတစ်လုံး ဒါမှမဟုတ် နှစ်လုံး အချို့ကို အသုံးပြုပြီး Notes​တွေကို မှတ်သားထားလို့ရပါတယ်။ ဒီနည်းလမ်းက  ပရိသတ်ရဲ့ စိတ်ဝင်စားမှုကို မလျော့နည်းစေဘဲ ကိုယ် မျှဝေတဲ့ အကြောင်းအရာအပေါ် စီးမျောသွားအောင် ကူညီပေးမှာဖြစ်ပါတယ်။
  2. လက်တွေ့ပြောဆိုနိုင်ဖို့ ကိုယ့်ကိုယ့်ကို ယုံကြည်မှုရှိလာတဲ့အထိ ​ကြိုတင်လေ့ကျင့်ပါ။ ပရိတ်သတ်/လူများအရှေ့ ဆွေးနွေးဟောပြောခြင်းရမှာကို ကြောက်တာက အပြည့်အ၀ ပြင်ဆင်ထားတာ မရှိလို့ဖြစ်နိုင်ပါတယ်။  ကိုယ့်အနေနဲ့ မျှဝေမယ့် အကြောင်းအရာတွေကို ဗီဒီယို မှတ်တမ်းနဲ့ ဖြစ်စေ မှန်ရှေ့မှာဖြစ်စေ ပြောဆို လေ့ကျင့်ရပါမယ်။ ကိုယ်ပြောဆိုမယ့် အကြောင်းအရာတွေကို မှတ်မိနေအောင် လေ့ကျင့်ထားရာလည်း ရောက်ပါတယ်။ ဒါ့အပြင်  ကြိုတင်လေ့ကျင့်ခြင်းက ကိုယ်ဘာတွေ လိုအပ်နေလဲ ဘယ်နေရာမှာ စကားတွေ ထောက်နေလဲဆိုတာကို သိရှိနိုင်မှာ ဖြစ်ပါတယ်။
  3. စိတ်လှုပ်ရှားမှုဖြစ်တယ်ဆိုတာက လူတိုင်းအတွက် ပုံမှန်ပါပဲ။ မိမိစိတ်လှုပ်ရှားနေတာကို ပရိတ်သတ်က သတိမပြုမိနိုင်အောင် ပြင်ဆင်ထားသင့်ပါတယ်။ စိတ်လှုပ်ရှားနေတဲ့အချိန် ပြုလုပ်သင့်တဲ့ နည်းလမ်းလေးအချို့ကို ပြောပြချင်ပါတယ်။
    • အချိန်အနည်းငယ်ယူပြီး အသက်ပြင်းပြင်းရှုထုတ်ပါ။ စိတ်လှုပ်ရှားနေချိန် မှာ နှလုံးခုန်နှုန်းမြန်လာတာ ချွေးထွက်များလာတာတွေဖြစ်တတ်ပါတယ်။ ဒီလို တုံ့ပြန်မှုအားလုံးကို ထိန်းချုပ်နိုင်ဖို့ မျက်လုံးခဏမှိတ်ထားပြီး အသက်ပြင်းပြင်းရှူတာကို ရှေ့ထွက်ပြီး စကားမပြောခင် မိနစ်အနည်းငယ်အချိန်ယူသင့်ပါတယ်။
    • ကိုယ်က စိုးရိမ်ပူပန်နေရတာကို ပရိသတ်ကို ပြောပြလိုက်ပါ။ ဝန်ခံခြင်းက ကိုယ်နဲ့ ပရိသတ်ကို သက်တောင့်သက်သာဖြစ်စေဖို့ အမှန်တကယ် အထောက်အကူဖြစ်စေပါတယ်။
    • ထပ်ပြီးလုပ်လို့ရတာက ကိုယ့်အနေနဲ့ ကြောက်ရွံ့ပူပန်မှုတွေဆက်တိုက်ပေါ်လာမယ်ဆိုရင် ခန်းမထဲမှာဖြစ်စေ အွန်းလိုင်းက တင်ဆက်ရတာဖြစ်စေ တစ်နေရာရာကို လှမ်းကြည့်ပြီး ကြောက်ရွံ့စိတ်ကို အာရုံလွှဲလိုက်ခြင်းပဲဖြစ်ပါတယ်။
  4. ကိုယ့်ကိုယ်ကို ယုံကြည်မှုရှိရှိ ပြောဆိုပြီး ပရိသတ်ဆီက ချီးကျူးတဲ့ တုံ့ပြန်မှုကို နမူနာမြင်ယောင်ကြည့်လိုက်ပါ။ ဒီအချက်က စကားဆက်ပြောဖို့ ခွန်အားတစ်ခု ဖြစ်စေနိုင်ပါတယ်။

💠ကောင်းကောင်းမွန်မွန် ပြောဆိုနိုင်ဖို့အတွက် ချိန်ညှိခြင်း နည်းလမ်းကောင်များ

  • Pitch (အသံနေ အသံထား)
    • အတက်အကျမပါတဲ့ monotone အသံမျိုးကို ရှောင်ပါ။ အနိမ့်အမြင့်အတက်အကျမရှိတဲ့ အသံက ပရိသတ်ကို ငြီးငွေ့လာစေပါတယ်။
  • Pauses (အဖြတ်အတောက်)
    • အကြောင်းအရာတွေကို ပြောပြနေတုန်း တစ်ခုခု မေ့သွားတဲ့ အချိန်မှာ စကားဆက်တွေဖြစ်တဲ့ အမ် အင် အင်း စတဲ့ အသုံးအနှုန်းတွေကိုအတတ်နိုင်ဆုံး ရှောင်​ကြဥ်ရပါမယ်။ ဒီစကားဆက်တွေက ကိုယ့်ရဲ့ ပရိသတ်တွေကို အကြီးမားဆုံး စိတ်အာရုံနှောင့်ယှက်မှုတစ်ခုပဲဖြစ်ပါတယ်။ ဒါကြောင့် နားနားပြီး အဖြတ်အတောက်တွေနဲ့ ပြောဆိုသင့်ပါတယ်။
  • Body Language (ခန္ဓာကိုယ်အနေအထား)
    • လက်ဟန်အမူအရာနဲ့ကိုယ်ခန္ဓာလှုပ်ရှားမှုတွေ အလွန်အကျွံသုံးတာကိုရှောင်ပါ။ ပရိသတ်နဲ့ မျက်လုံးချင်းဆုံပြီး စကားပြောပါ။

💠ပရိသတ်ရဲ့မေးခွန်းတွေကို ဖြေဆိုတဲ့အခါ ဘာတွေလုပ်ဖို့လိုမလဲ။

  • မေးလာနိုင်တဲ့မေးခွန်းတွေအတွက် အဖြေ​တွေကို ကြိုတင်စဉ်းစားထားပါ။
  • ​မေးခွန်း​တွေကို ဂရုတစိုက်နားထောင်ပြီး အပြုသဘောဆောင်တဲ့ နည်းလမ်းတွေနဲ့ ချဉ်းကပ်ပါ။
  • တစ်ယောက်တည်းအတွက် ကွက်ပြီး မဖြေဘဲ ပရိတ်သတ်အားလုံးအတွက် တိုက်ရိုက်အဖြေတွေကို ပြောပြပေးပါ။

ဒါကြောင့် ကြောက်ရွံ့မှုရှိနေလို့ ကိုယ့်ရဲ့ တန်ဖိုးရှိလှတဲ့ စကားပြောခြင်းတွေကို ရပ်တန့်ဖို့ မလိုအပ်ပါဘူး။ ကိုယ့်ပရိသတ်နဲ့ အချိတ်အဆက်မိပြီး စင်ပေါ်မှာေအးအေးဆေးဆေး တည်တည်ငြိမ်ငြိမ် တင်ဆက်ခြင်းကသာ ကောင်းမွန်တဲ့ Public Speaker တစ်ယောက် ဖြစ်အောင် ဖန်တီးပေးမှာဖြစ်ပါတယ်။