လူမှုခေါင်းဆောင်မှု ဆိုတာဘာလဲ။ ( What is community Leadership)
လူမှုခေါင်းဆောင်မှု ဆိုတာက ခေါင်းဆောင်မှုပြုလုပ်သူတွေ ဒါမှမဟုတ် စီမံခန့်ခွဲတတ်သူတွေဆီကနေ ပံ့ပိုးကူညီမှုများ၊ သူတို့ရဲ့ စွမ်းရည်များကို ရင်းနှီးမြုပ်နှံခြင်းနှင့်အတူ ပတ်ဝန်းကျင်တစ်ခုမှာ သူတို့ကိုယ်တိုင် တက်ကြွစွာ ပါဝင်ဆောင်ရွက်ပေးခြင်းဖြစ်ပါတယ်။
လူမှုခေါင်းဆောင်မှုဆိုတာ လူမှုရေးနဲ့ဆိုင်တဲ့ လုပ်ငန်းတွေမှာ တက်တက်ကြွကြွပါဝင်လုပ်ကိုင်ပြီး ပတ်ဝန်းကျင်တစ်ခု တိုးတက်ပြောင်းလဲဖို့အတွက် ရှေ့ကနေ ဦးဆောင်ဦးရွက် လုပ်ကိုင်ပေးခြင်း ဖြစ်ပါတယ်။ ဒီလိုလုပ်ကိုင်ရာမှာ လူမှုခေါင်းဆောင်မှုပြုသူတွေက သူတို့ရဲ့စွမ်းရည်တွေကို လိုအပ်တဲ့နေရာတွေမှာ အသုံးချဖို့အတွက် ပံ့ပိုးကူညီတတ်ကြတဲ့အပြင် ပတ်ဝန်းကျင်တစ်ခု တိုးတက်ရေးအတွက် အင်တိုက်အားတိုက် ပါဝင်ဆောင်ရွက်ကြပါတယ်။
ပတ်ဝန်းကျင်တစ်ခုမှာ ပူပေါင်းပါဝင် ဆောင်ရွက်ရခြင်းရဲ့ အဓိကသော့ချက်က တိုးတက်ပြောင်းလဲဖို့အတွက်ပဲ ဖြစ်ပါတယ်။ ယျေဘုယျအားဖြင့် ဒီလို လူမှုခေါင်းဆောင်တွေက နေထိုင်ရာ ပတ်ဝန်းကျင်တစ်ခုကနေ ပေါ်ပေါက်လာကြပြီး ရပ်ရွာလူထုကပဲ ခေါင်းဆောင်အဖြစ် ခန့်အပ်ပေးကြရပါတယ်။ သူတို့ရဲ့ ကြိုးစားဆောင်ရွက်ကြတဲ့ အရည်အသွေးတွေကို လူမှုအသိုင်းအဝိုင်း တစ်ခုလုံးက လေးစားတန်ဖိုးထားဖို့ လိုအပ်တယ်။ လူမှုအသိုင်းအဝိုင်းတစ်ခုရဲ့ အကြီးအကဲဆိုတာက အဖွဲ့တစ်ခုရဲ့ အဓိကကျတဲ့သူတွေ ဖြစ်ပါတယ်။ လူမှုခေါင်းဆောင်က အသင်းသားတွေကို စုစည်းပြီး ရပ်ရွာတစ်ခုတိုးတက်ပြောင်းလဲဖို့အတွက် ရည်မှန်းချက်နဲ့ အမျှော်အမြင်တွေအပေါ် အတူတူကြိုးစား လုပ်ကိုင်ကြပါတယ်။
လူမှုခေါင်းဆောင်သူ တစ်ယောက်အနေနဲ့ ဗဟုသုတကြွယ်ဝခြင်း၊ လေးစားသမှုရှိခြင်း နဲ့ လုပ်ပိုင်ခွင့်ရရှိခြင်းတွေ လိုအပ်ပါတယ်။ လူမှုအသိုင်းအဝိုင်းတိုင်းမှာ သူတို့ကိုယ်တိုင်ခန့်အပ်ထားတဲ့ ခေါင်းဆောင် တစ်ယောက် ဒါမှမဟုတ် အဖွဲ့စည်းတစ်ခုက အမြဲရှိနိုင်ပါတယ်။ လူမှုခေါင်းဆောင်တွေက အဖွဲ့ဝင်များနဲ့ စနစ်တကျ ချိတ်ဆက်ဆောင်ရွက်ပြီး ဆွေးနွေးချက်တွေကို အဆင်ပြေအောင် ဖော်ဆောင်ပေးဖို့ လိုအပ်ပါတယ်။ ဒီလိုလုပ်ဆောင်တဲ့အခါ လူမှုဦးဆောင်မှုတစ်တယောက်အနေနဲ့ အခွင့်အာဏာကို အသုံးပြုပြီး အဖွဲ့သားများနဲ့ ရပ်ရွာလူထုအပေါ် ခေါင်းဆောင်ပြုလုပ်ခွင့် မရှိပါဘူး။ ကောင်းမွန်တဲ့ လူမှုအသိုင်းတစ်ခုဆိုတာ ပတ်ဝန်းကျင်တစ်ခုမှာရှိတဲ့ ရပ်မိရပ်ဖများ နဲ့ အဖွဲ့ဝင်များပါဝင်ခြင်း ဖြစ်ပါတယ်။
လူမှုခေါင်းဆောင်မှု (community leadership)ဆိုင်ရာ ဥပမာအချို့ကို အောက်ပါအချက်များတွင် လေ့လာနိုင်ပါတယ်။
- နိုင်ငံသားတစ်ယောက်အနေနဲ့ မိမိရဲ့ ပတ်ဝန်းကျင် လူမှုအသိုင်းဝိုင်းမှ ပြဿနာများကို နိုင်ငံတော်အဆင့် အစည်းအဝေးထိ ဖော်ထုတ်နိုင်ပြီး ရလဒ်ကောင်းတွေ ဖော်ဆောင်နိုင်ခြင်း။
- မြို့ပြက သစ်ပင်တွေဖြတ်တောက်တာကို အိမ်နီးနားချင်းလူတစ်ချို့စုပြီး ဆန့်ကျင်ဆန္ဒပြခြင်း။
- မိသားစုဝင်တစ်ယောက် ဆေးလိပ်သောက်တာ ရပ်ဖို့အတွက် မိမိကိုယ်တိုင် သေချာရှင်းလင်းပြပြီး ကောင်းမွန်တဲ့ planနဲ့အတူ စည်းရုံးခြင်း။ ဒီလို လုပ်ဆောင်ခြင်းအားဖြင့် အခြားမိသားစုတွေကိုလည်း ပါဝင်လာအောင် အားပေးလှုံ့ဆော်ပေးနိုင်ခြင်း။
- ကလေးငယ်တစ်ယောက်က တူတူပုန်းတမ်း (hide and seek game)ကစားနည်းကို အခြားကလေးငယ်များကိုပါ စုစည်းပြီး ဆော့ကစားခြင်း။
ဒီအချက်တွေကို ပုံဖော်ကြည့်ပါ။ ဥပမာ အားလုံးမှာ လူတစ်ယောက်ချင်းဖြစ်စေ၊ အုပ်စုလိုက်ဖြစ်စေ ခေါင်းဆောင်မှုကို စတင်ဆောင်ရွက်တဲ့အခါ လိုက်ပါဆောင်ရွက်နိုင်မယ့် အဖွဲ့သားတွေ လိုအပ်သလို၊ ခေါင်းဆောင်တစ်ယောက် အနေနဲ့ ရဲရဲရင့်ရင့် ပြောဆို ထုတ်ဖော်နိုင်ရမယ်ဆိုတဲ့ ပုံရိပ်တွေရှိပါတယ်။ ဥပမာလေးတွေကို ထပ်ခါထပ်ခါ ပုံဖော်ကြည့်ပြီး ခေါင်းဆောင်တစ်ယောက်ရဲ့ ကိုယ်ရည်ကိုယ်သွေးတွေကို သိမြင်နိုင်မှာ ဖြစ်ပါတယ်။
နယ်ပယ်အသီးသီးမှာ တရားဝင်ခန့်အပ်ထားတဲ့ လူမှုခေါင်းဆောင်မှု (community leadership)ဆိုင်ရာ ဥပမာအချို့ကို အောက်ပါအချက်များတွင် လေ့လာနိုင်ပါတယ်။
- တာဝန်ရှိသူများက လူမှုအသိုင်းဝိုင်းအတွင်း မူးယစ်ဆေးဝါး တိုက်ဖျက်ရေးကို ဦးဆောင်ပြီး အစပျိုး ဖန်တီးပေးခြင်း။
- ကျောင်းရဲ့ အရေးကိစ္စတွေကို တိုင်ပင်ဆွေးနွေးဖို့အတွက် ကျောင်းသားမိဘတွေကို ညစာစားပွဲသို့ ဖိတ်ခေါ်ခြင်း။
- ကျောင်းက ရုပ်ရှင်သရုပ်ဆောင်အသင်းအဖွဲ့ ဥက္ကဌက ဆယ်ကျော်သက် လူငယ်များအကြား ဖြစ်လေ့ရှိတဲ့ လူမျိုးရေးပဋိပက္ခများ ကိုင်တွယ်ဖြေရှင်းပုံကို ဇာတ်လမ်းတစ်ခုအနေနဲ့ သရုပ်ဖော်ဖို့ စီစဉ်ဆောင်ရွက်ခြင်း။
ဒီအချက်ကိုတွေ ပုံဖော်ကြည့်ပါ။ ဥပမာအားလုံးမှာ ခေါင်းဆောင်တိုင်းက သူ့ရရှိထားတဲ့ ရာထူးတွေအပေါ် လုပ်ဆောင်ရမယ့် အရာတွေအတွက် သူ့နေရာနဲ့သူ ဦးစီးလုပ်ဆောင်သွားတာကို ဖော်ပြထားပါတယ်။ ဥပမာလေးတွေကို ထပ်ခါထပ်ခါ ပြန်ဖတ်ပြီး ပုံဖော် ကြည့်ခြင်းအားဖြင့် ခေါင်းဆောင်တစ်ယောက်က သူတာဝန်ယူထားတဲ့ တာဝန်၊ ရာထူးတစ်ခုအပေါ်မှာ စနစ်ကျအောင် လုပ်ဆောင်နိုင်ခြင်းက ခေါင်းဆောင်တစ်ယောက်ရဲ့ အရည်းအသွေးတစ်ခုပဲဆိုတာကို မြင်တွေ့ရမှာ ဖြစ်ပါတယ်။
ခေါင်းဆောင်များ ပေါ်ထွန်းလာဖို့ ပျိုးထောင်ပြီး လူငယ်ခေါင်းဆောင်တွေကို နေရာပေးခန့်အပ်ပါ။ (RECRUIT AND TEACH OTHERS TO BECOME LEADERS)
လူမှုခေါင်းဆောင်များက သူတို့ရဲ့ အချိန်အများစုမှာ အရည်အချင်းရှိတဲ့ ခေါင်းဆောင်တွေကို မွေးထုတ်ပေးဖို့ လိုအပ်ပါတယ်။ အရည်အချင်းရှိတဲ့ ခေါင်းဆောင်တွေ ဖြစ်လာဖို့အတွက်ဆိုရင် အဖွဲ့သားတွေကို ပံ့ပိုးပေးခြင်း၊ လမ်းညွှန်မှုများပေးခြင်း၊ သင်တန်းများပို့ချခြင်း နဲ့ အရည်အချင်းပြည့်ဝတဲ့ သူတွေကို ခန့်အပ်ပေးခြင်း စတဲ့လုပ်ဆောင်ချက်တွေကို ပြုလုပ်ရမှာဖြစ်ပါတယ်။
အောက်ဖော်ပြပါ အချက်တွေက လူမှုခေါင်းဆောင် တယောက်အနေနဲ့ လုပ်ဆောင်နိုင်မယ့် အဆင့်တွေဖြစ်ပါတယ်။
- အလားအလာရှိတဲ့ ခေါင်းဆောင်မှု ရှိသူတွေကို ရှာဖွေပါ။ ပတ်ဝန်းကျင်မှာ တစ်ခုခုကိုဦးဆောင်ပြီး လုပ်ဆောင်ချင်စိတ် ရှိသူတွေ အများပြားရှိပါတယ်။ ဒါပေမယ့် ခေါင်းဆောင်မှု စိတ်ဓာတ်ရှိသူကို ရှာဖွေဖို့ လိုအပ်ပါတယ်။
- လူတိုင်းက ခေါင်းဆောင်တွေ ဖြစ်တယ်ဆိုတာကို သူတို့ကိုယ်တိုင် သိလာအောင် ကူညီဆောင်ရွက်ပါ။ တစ်ခါတစ်ရံ သူတို့ဘဝရဲ့ နေထိုင်မှုဖြစ်စဉ်တစ်လျှောက်မှာ သူတို့ကိုယ်တိုင် ဦးဆောင်နေတယ် ဆိုတာကို သတိမထားမိဘဲ အမှုမဲ့အမှတ်မဲ့ နေတတ်ကြပါတယ်။ ဒါပေမယ့် ဒီအချက်ကပဲ သူတို့ရဲ့ခေါင်းဆောင်မှုက ဘာလဲဆိုတာကို သိအောင် ဖော်ပြပေးပါလိမ့်မယ်။ ဥပမာ ၊ မိဘနေရာကို တာဝန်ယူသူတွေဆိုရင် ခေါင်းဆောင်မှုနေရာကို ယူ ပြီးပြီပဲဖြစ်ပါတယ်။
- လူတွေကို သူတို့ ကိုယ်တိုင် ဘယ်အရာတွေမှာ ဦးဆောင်ပြီး လုပ်ဆောင်ချင်လဲဆိုတာကို ထုတ်ဖော်ပြနိုင်ဖို့ ကူညီပါ။ ဘယ်လိုအရာတွေက သူတို့အတွက်အရေးကြီးတဲ့အရာနဲ့ ပြောင်းလဲချင်တဲ့အရာတွေဖြစ်ကြောင်း ပြောပြလာတဲ့အခါ ဂရုတစိုက် နားထောင်ပါ။
- ခေါင်းဆောင်မှုပန်းတိုင်ကို ရွေးချယ်တတ်စေဖို့နဲ့ သူတို့ရဲ့ ယုံကြည်မှုကို တည်ဆောက်နိုင်စေဖို့ ကူညီပါ။
- သူတို့ရဲ့ ပန်းတိုင်ရောက်အောင် လုပ်ဆောင်နေချိန်မှာ ပံ့ပိုးကူညီပါ။ သူတို့ရဲ့ အောင်မြင်မှုတွေကို အသိမှတ်ပြုပါ။ တကယ်လို့ စိတ်ဓာတ်ကျတဲ့ခံစားချက်တွေအကြောင်း ပြောလာတဲ့အခါ ဂရုတစိုက် နားထောင်ပြီး ရှေ့ဆက်ဖို့ တွန်းအားပေးပါ။
- အမှားတွေ လုပ်မိတဲ့အခါ မှာလည်း လမ်းကြောင်းမှန်ပေါ် ပြန်ရောက်အောင် ပံ့ပိုးကူညီပါ။
- နောက်ထပ်တစ်ဆင့် ထပ်ဆက်လျှောက်နိုင်ဖို့ စိန်ခေါ်မှုတွေကို ဖန်တီးပေးပါ။ ( ဥပမာ- MYEOမှာဆိုရင် စိန်ခေါ်မှုများစွာ ဖန်တီးပြီး ဒီစိန်ခေါ်မှုတွေကို ဖြတ်ကျော်နိုင်အောင်လည်း တွန်းအားမျိုးစုံရှိပြီး တစ်ဆင့်ပြီး တစ်ဆင့် ကျော်လွှားနိုင်လာပါတယ်။)
အောင်မြင်တဲ့ လူမှုခေါင်းဆောင်တွေရဲ့ အရည်အသွေးတွေကဘယ်အရာတွေလဲ။
အောင်မြင်တဲ့ လူမှုခေါင်းဆောင်တွေ မကြာခဏတွေ့ရတဲ့ ဝိသေသလက္ခဏာတွေကတော့
- ရိုးသားဖြောင့်မတ်ခြင်း (Integrity) : လူတွေဆီက ယုံကြည်မှုရဖို့ သင်ကိုယ်တိုင်က ဘယ်အရာတွေကို ရိုးသားဖြောင့်မတ်စွာနဲ့ ဆက်တိုက် ဆောင်ရွက်နေလဲဆိုတာကို လူတွေသိအောင် ပြောပြနိုင်ခြင်း၊ လူတွေက သင့်ရဲ့ ရိုးသားဖြောင့်မတ်မှုကို ယုံကြည်လာတဲ့အခါ သက်ဆုံးတိုင်အောင် သင့်ရဲ့ ခေါင်းဆောင်မှုတွေအောက် လိုက်နာဆောင်ရွက်မှာ ဖြစ်ပါတယ်။
- သတ္တိရှိခြင်း (Courage) : အခက်ခဲတွေ ဒါမှမဟုတ် အန္တရာယ်ကို ထိန်းချုပ်ပြီး ကျော်ဖြတ်နိုင်ခြင်း။ ခေါင်းဆောင်မှုဆိုတာ သင်ကိုယ်တိုင် ညအမှောင်မှာ ကြောက်စရာကောင်းတဲ့ တောအုပ်ကို ဖြတ်ကျော်ပြီး အခြားသူများကို လမ်းပြပေးခြင်းဖြစ်တယ်။ အမှန်တရားကို ကိုင်စွဲပြီး လူတွေကြိုက်သည်ဖြစ်စေ မကြိုက်သည်ဖြစ်စေ အမှန်အတိုင်းပြောပါ။
- အခြားသူများကို ဂရုစိုက်ခြင်း (Ability to care about others) : လူအများစုကို သင်က ဂရုတစိုက်ပေးမယ်၊ သူတို့အကြောင်းအရာတွေအပေါ် နွေးထွေးတဲ့ တုန့်ပြန်ချက်တွေ ပေးမယ်ဆိုရင် သင့်ဆီ ရောက်လာမှာပဲဖြစ်တယ်။ သူတို့အပေါ် ပိုပြီး နားလည်ပေးလေလေ သင့်အပေါ် ယုံကြည်မှု ပိုရှိလေလေပါပဲ။
- တီထွင်ဖန်တီးနိုင်ခြင်းနှင့် လိုက်လျောညီထွေစွာပြုမူဆောင်ရွက်နိုင်ခြင်း (Creativity and flexibility) : မတူညီတဲ့ တုံ့ပြန်ချက်တွေက အခြေအနေအရပ်ရပ်တိုင်းမှာ ရှိစမြဲပါ။ ဒါကြောင့် ဒီအခြေနေတွေကို ကျော်ဖြတ်နိုင်ဖို့ ဖြေရှင်းချက်တွေကို အသင့်ပြင်ထားပြီး တီထွင်ဖန်တီးနိုင်ခြင်း နဲ့ လိုက်လျောညီထွေစွာ ပြုမူဆောင်ရွက်နိုင်ဖို့ လိုအပ်ပါလိမ့်မယ်။
Video Link – https://www.youtube.com/watch?v=y4nXaY6q3jE
ကိုးကားချက်:
https://ctb.ku.edu/en/table-of-contents/leadership/leadership-functions/become-community-leader/main