Team Building

အဖွဲ့တည်ဆောက်ခြင်း(Team Building) ဆိုတာဘာလဲ။

အဖွဲ့တည်ဆောက်ခြင်း(Team Building)ဆိုတာ အဖွဲ့အစည်းအတွင်း စဉ်ဆက်မပြတ် ဆောင်ရွက်နေရတဲ့ ဖြစ်စဉ်ဖြစ်ပြီး အုပ်စုလုပ်ငန်းတွေ ထိရောက် အောင်မြင်စေရဖို့ ကူညီပံ့ပိုးပါတယ်။ တစ်နည်းအားဖြင့် အဖွဲ့ရဲ့  ဘုံရည်မှန်းချက်(common goals)တေါ အောင်မြင်ဖို့ အဖွဲ့ဝင်များ အားလုံး ညီညီညွတ်ညွတ် ပူးပေါင်း ဆောင်ရွက်ခြင်းဖြစ်ပါတယ်။ အဖွဲ့တည်ဆောက်ခြင်းမှာ သက်ရှိသက်မဲ့ အရင်းမြစ်တွေနဲ့ အချက်အလက်တွေကို သဟဇာတဖြစ်အောင် ပေါင်းစပ်ပြီး

  • အဖွဲ့ရည်မှန်းချက်အောင်မြင်စေခြင်း၊ 
  • အဖွဲ့ဝင်အားလုံးအတွက် ဆောင်ရွက်ရမယ့် လုပ်ငန်းများ သတ်မှတ်ပေးခြင်း၊ 
  • စိန်ခေါ်မှုနှင့် အခက်အခဲ ပြဿနာတွေကို ညီညွှတ်မျှတစွာ ရင်ဆိုင်ဖြေရှင်းခြင်း နှင့်
  • တိုးတက်မှုများရရှိဖို့ စဉ်ဆက်မပြတ် ရှာဖွေနေခြင်းတွေ ပါဝင်ပါသည်။ 

ဒါ့အပြင် အဖွဲ့ဝင် တစ်ဦးချင်းစီရဲ့ ထင်မြင်ယူဆချက်တွေကို အုပ်စုအတွင်း မျှဝေခြင်း၊ တစ်ဦးပေါ်တစ်ဦး အပြန်အလှန် ယုံကြည်ပြီး ပံ့ပိုးကူညီမှုရှိခြင်း အပြင် တစ်ဦးချင်းစီရဲ့ မတူကွဲပြားမှုကိုလည်း လေးစားမှုရှိရပါမယ်။

Richard Hackman ၏  အဆိုအရ စွမ်းဆောင်ရည်မြင့်မားတဲ့ အသင်းအဖွဲ့တစ်ခုဟာ အဖွဲ့တွင်းမှာရှိတဲ့ အဖွဲ့ဝင်တွေနဲ့ ပြင်ပမှာရှိတဲ့ မိတ်ဖက်များအားလုံးကို စိတ်ကျေနပ်ပျော်ရွှင်မှုရစေပါတယ်။ အနာဂတ် ရည်မှန်းချက်အောင်မြင်စေဖို့ အဖွဲ့ရဲ့ သင်ယူလေ့လာနိုင်မှု နဲ့ စွမ်းဆောင်ရည်ကို တိုးတက်အောင် လုပ်ဆောင်နိုင်ပါတယ်။ အဖွဲ့ဝင် တစ်ဦးချင်းစီတိုင်းအတွက် မိမိနေရာ၊ မိမိအလုပ်နှင့် ပက်သက်ပြီး အဓိပ္ပါယ်ရှိတယ်ဆိုတဲ့ စိတ်ခံစားချက်ကို ရစေပါတယ်။

 Team Building မှာ အဖွဲ့ခေါင်းဆောင်ရဲ့ အလုပ်တွေကဘာလဲ။

အသင်းအဖွဲ့တစ်ခုမှာ လုပ်ငန်းတွေကို အဖွဲ့ဝင်များအားလုံး တာဝန်ကိုယ်စီနဲ့ ပုံမှန်လည်ပတ်နေတုန်း အဖွဲ့ခေါင်းဆောင်အနေနဲ့ အဖွဲ့ရဲ့လုပ်ငန်းတွေကို ပုံမှန်စစ်ဆေးခြင်း၊ လိုအပ်တာတွေကို သင်ပြညွှန်ကြား ပေးခြင်း နဲ့ အောင်မြင်စွာ ဆက်လက်လည်ပတ်နိုင်ဖို့ ထိန်းညှိပေးခြင်းများ ဆောင်ရွက်နိုင်ပါတယ်။ ဒါမှသာ အုပ်စုခေါင်းဆောင်နဲ့ အဖွဲ့ဝင်များကြား အပြန်အလှန် ဆက်သွယ်မှု အားကောင်းပြီး အဖွဲ့ဝင်တစ်ဦးချင်းစီထံမှ အကြံပြုသုံးသပ်ချက်တွေ၊ လိုအပ်ချက်တွေကို ထိရောက်စွာ ရရှိနိုင်ပါတယ်။ 

Team Development အားကောင်းစေရန်အတွက် ပြုလုပ်သင့်သော အဆင့်များ

  1. Forming 
    အသင်းအဖွဲ့ကို စတင်ဖွဲ့စည်းခြင်း အဆင့်တွင် အဖွဲ့ဝင်အချင်းချင်း ရင်းနှီးမှု မရှိသေးပေ။ တစ်ဦးကိုတစ်ဦး မိတ်ဆက်ခြင်း၊ အဖွဲ့၏လုပ်ငန်းများစီစဉ်ခြင်း၊ မျှော်မှန်းချက်နှင့် အခြေခံစည်းမျဉ်းများ စတင်ချမှတ်ခြင်းများ လုပ်ဆောင်ရသော အဆင့်ဖြစ်သည်။ ဤအဆင့်တွင် အဖွဲ့ခေါင်းဆောင်သည် အဖွဲ့ဝင်များ သိရှိလိုက်နာရမည့် အချက်များ၊ ဆောင်ရွက်ရမည့်လုပ်ငန်းတာဝန်များကို ညွှန်ကြားသူ(director) အဖြစ် ဆောင်ရွက်သည်။
  1. Storming 
    အဖွဲ့၏ ရည်မှန်းချက်(Vision), ရည်ရွယ်ချက် (Mission) များ ချမှတ်ခြင်း၊ ဆောင်ရွက်မည့် လုပ်ငန်းများ ချမှတ်ခြင်း၊ သဘောတူညီမှု သဘောမတူညီမှု အ‌ခြေအနေများကို အပြန်အလှန် ဆွေးနွေးညှိနှိုင်းခြင်းများ လုပ်ဆောင်ခြင်းဖြင့် အဖွဲ့ဝင်များအချင်းချင်း သိကျွမ်းရင်းနှီးလာသည့် အဆင့်ဖြစ်သည်။ ဤအဆင့်တွင် အဖွဲ့ခေါင်းဆောင်သည် ဆွဲဆောင်စည်းရုံးသူ (Persuader) နေရာတွင် ဆောင်ရွက်သည်။ အားပေးစကားပြောခြင်း၊ အဖွဲ့ဝင်များ၏ လုပ်ငန်းတာဝန်များကို ကြီးကြပ်ခြင်း၊ အခက်အခဲပြဿနာများကို ကူညီဖြေရှင်းခြင်းများကို ဆောင်ရွက်သည်။ 
  1. Norming 
    အဖွဲ့ဝင်များကြား အပြန်အလှန် ခင်မင်ရင်းနှီးသော ဆက်ဆံရေးဖြင့် ကြုံတွေ့ရသော အခက်အခဲ ပြဿနာများကို အတူတူပူးပေါင်းဖြေရှင်းခြင်းဖြစ်ပြီး အသင်းအဖွဲ့၏ ပူးပေါင်းဆောင်ရွက်မှုကို ပေါ်လွင်စေသော အဆင့်ဖြစ်သည်။ အုပ်စုခေါင်းဆောင်သည် ဤအဆင့်တွင် ပူးပေါင်းပါဝင်ဆောင်ရွက်သူ၊ လိုအပ်သည်များကို ပံ့ပိုးပေးသူ  (Supporter ) အဖြစ်ဆောင်ရွက်သည်။ 
  1. Performing 
    အဖွဲ့၏ လုပ်ငန်းများ အောင်မြင်စေရန် အဖွဲ့ဝင်များအားလုံး တာဝန်ကိုယ်စီယူ၍ အပြန်အလှန် ယုံကြည်မှုဖြင့် အဖွဲ့၏လုပ်ငန်းများကို သတ်မှတ်ထားသော အချိန်အတွင်း ပြီးစီးအောင်မြင်အောင် ပူးပေါင်း ဆောင်ရွက်ကြသည့် အဆင့်ဖြစ်သည်။ ဤအဆင့်တွင် အုပ်စုခေါင်းဆောင်သည် အဖွဲ့ဝင်များကို တာဝန်နှင့် လုပ်ပိုင်ခွင့်ပေးသူ (delegator) အဖြစ် ဆောင်ရွက်သည်။ 

အောင်မြင်သော အသင်းအဖွဲ့ တည်ဆောက်ရန် အရေးကြီးသောအချက်များ

သုတေသနအများစု၏ တွေ့ရှိချက်များအရ ထိရောက် အောင်မြင်သော အသင်းအဖွဲ့  ဖွဲ့စည်းနိုင်ရန် အောက်ပါအချက်များနှင့်ပြည့်စုံရန်လိုသည်။

  1. Clarity of Expectation and Objectives (ရှင်းလင်း တိကျပြတ်သား၍ တိုင်းတာနိုင်သော၊ အောင်မြင်နိုင်သော၊ လုပ်ငန်းနှင့်ကိုက်ညီဆီလျော်မှုရှိသော ရည်မှန်းချက်၊ မျှော်မှန်းချက်များ ထားရှိ ဆောင်ရွက်ခြင်း)
  2. Dedication (အဖွဲ့ဝင်အားလုံး၏ လုပ်ငန်းအပေါ် စိတ်ဝင်တစားရှိမှု၊ စူးစိုက်မြှုပ်နှံ ဆောင်ရွက်မှုရှိခြင်း) 
  3. Capability (အဖွဲ့ဝင်များတွင် လုပ်ငန်းရည်ရွယ်ချက်ကို အောင်မြင်အောင် ဆောင်ရွက်နိုင်သော၊ လိုအပ်သော အသိပညာ ကျွမ်းကျင်မှုများနှင့် ပြည့်စုံခြင်း )
  4. Resources ( လုပ်ငန်းဆောင်ရွက်နိုင်ရန် လိုအပ်သော ရင်းမြစ်များ ပြည့်စုံခြင်း ဥပမာ-လူသား ရင်းမြစ်၊  ငွေကြေး၊ အချိန် နည်းပညာ နှင့် အခြားရင်းမြစ်များ)
  5. Power (လုပ်ပိုင်ခွင့် – အဖွဲ့ဝင်များအား ကိုယ်ပိုင်အတွေးအခေါ်များ၊ ဆုံးဖြတ်ချက်များ ချမှတ်နိုင်ရန် နှင့် ထိရောက်စွာ ဆောင်ရွက်နိုင်ရန် သင့်တော်သောလုပ်ပိုင်ခွင့်များပေးခြင်း)
  6. Cooperation (အဖွဲ့၏ ပန်းတိုင်ရောက်ရှိရန် စည်းလုံးညီညွှတ်စွာ အတူပူးပေါင်း၍ ဝိုင်းဝန်းကြိုးစား ဆောင်ရွက်ခြင်း) 
  7. Communication (အဖွဲ့ဝင်များအချင်းချင်း ကောင်းမွန်သောဆက်ဆံရေးရှိခြင်း၊ အပြန်အလှန် ယုံကြည်မှု၊ လေးစားမှု၊ ပံ့ပိုးမှု ရှိခြင်း)
  8. Creative Improvement (အဖွဲ့လုပ်ငန်းများ ပို၍ တိုးတက်ကောင်းမွန်အောင် အသိပညာ၊ ကျွမ်းကျင်မှု၊ နည်းပညာ  နှင့် နည်းဗျူဟာများကို ဆန်းသစ်တီထွင်ကြံဆခြင်း) 
  9. Responsibility and Accountability (လုပ်ငန်းတာဝန်များအပေါ် တာဝန်ယူမှု၊ လုပ်ဆောင်ချက် များ၏ ရလဒ်များအပေါ် တာဝန်ယူမှု ၊ တာဝန်ခံမှု ရှိခြင်း)
  10. Harmonization (အဖွဲ့ခေါင်းဆောင်နှင့် အဖွဲ့ဝင်များကြား ဆက်သွယ်ပြောဆိုမှု၊ တာဝန်ခွဲဝေမှု၊ အဖွဲ့ဝင်များအချင်းချင်း အပြန်အလှန် ပူးပေါင်းဆောင်ရွက်မှု၊ တစ်ဦးချင်း၏ လုပ်ငန်းတာဝန်နှင့် ကျွမ်းကျင်မှုအားလုံး သဟဇာတဖြစ်ပြီး လိုက်ဖက်ကိုက်ညီခြင်း) 

 Challenges to Teamwork (အုပ်စုလုပ်ငန်းအတွက်စိန်ခေါ်မှုများ) 

အုပ်စုဖွဲ့ပြီး အလုပ်လုပ်ဆောင်တဲ့အခါမှာ အောက်မှာ ဖော်ပြထားတဲ့ စိန်ခေါ်မှုတွေနဲ့ ကြုံတွေ့ရလေ့ရှိပါတယ်။

(၁) အဖွဲ့ဝင်များတွင် အဖွဲ့၏ ရည်ရွယ်ချက်၊ လုပ်ငန်းနှင့် ကိုက်ညီဆီလျော်သော အသိပညာကျွမ်းကျင်မှုများ ရှိရန်လိုအပ်ခြင်း။
(၂) လိုအပ်သော ကျွမ်းကျင်မှုများကို လေ့ကျင့်သင်တန်းပေးရန်လိုအပ်ခြင်း။
(၃) အဖွဲ့ဝင်အချင်းချင်းအပြန်အလှန် နားလည်မှု၊ ချိတ်ဆက်ဆောင်ရွက်မှု ရှိခြင်း။
(၄) အဖွဲ့ဝင်တစ်ဦးချင်း၏ လုပ်ပိုင်ခွင့်ရရှိမှု၊ ownership စိတ်ဓာတ်ရှိရန်လိုအပ်ခြင်း။
(၅) အုပ်စုခေါင်းဆောင်အနေဖြင့် အဖွဲ့ဝင်များ၏ ဆောင်ရွက်ရန် လုပ်ငန်းများကို တာဝန်ပေးခိုင်းစေခြင်းထက် ၎င်းတို့၏ ဆုံးဖြတ်ချက်များ၊ ထင်မြင်ယူဆချက်များကို ရယူ၍ ပူးပေါင်းဆောင်ရွက်ခြင်း။
(၆) အလုပ်နှင့် ဘဝ ညီမျှမှု (work-life Balance)  ဖြစ်ရန် လိုအပ်ခြင်း၊ လုံလောက်သော အနားယူမှု၊ မိသားစုအပေါ်  အချိန်ပေးနိုင်မှု ရှိရန်လိုအပ်ခြင်း။

 Resources 
https://www.researchgate.net/publication/258344173_Towards_Effective_Team_Building_in_the_Workplace
https://hr.berkeley.edu/hr-network/central-guide-managing-hr/managing-hr/interaction/team-building/introduction
https://www.researchgate.net/publication/258344173_Towards_Effective_Team_Building_in_the_Workplace
Team building activities
Golden Rules for team building
Qualities of an effective team member