ပြဿနာဖြေရှင်းနိုင်ခြင်း စွမ်းရည် (Problem Solving Skills)

🧩ပြဿနာဖြေရှင်းနိုင်ခြင်း စွမ်းရည်(Problem Solving Skills) သည် လူတိုင်းကျွမ်းကျင်ထားရမယ့် မရှိမဖြစ်လိုအပ်တဲ့ ကျွမ်းကျင်မှုစွမ်းရည် တစ်ခုဖြစ်ပါတယ်။ သင်ကိုယ်တိုင် သင်ကြုံတွေ့နေရတဲ့ ပြဿနာတွေကို ဖြေရှင်းခြင်းဖြင့် သင့်ရဲ့ Problem Solving Skills ကို တိုးတက်အောင်ပြုလုပ်လို့ရပါတယ်။ အသစ်သစ်သော ပြဿနာများ ကြုံတွေ့ရလေ သင်ရဲ့ Problem Solving Skills စွမ်းရည်က ပိုပြီးတိုးတက်လာလေပဲဖြစ်ပါတယ်။

🧩လူတွေက သင့်ကို အဆိုးဆုံးသော အရာတွေ ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းဖို့ သင့်ကို မျှော်လင့်နေမှာဖြစ်ပါတယ်။ လူအများနဲ့ ပြောဆို ဆက်သွယ်ရလေ သင့်အတွက် အသစ်သစ်သော ပြဿနာများ တိုးပွားလာလေပဲဖြစ်ပါသတယ်။ ဒီလို ပြဿနာများကို များများထိတွေ့ရလေလေ ပြဿနာဖြေရှင်းနိုင်သူ (Problem Solver)တစ်ယောက် ဖြစ်လာပြီး သင့်ရဲ့ တွေးခေါ်မှုစွမ်းရည်၊ တည်တည်ငြိမ်ငြိမ်သတိရှိရှိ လုပ်ဆောင်နိုင်သောစွမ်းရည်များကို လက်တွေ့ ချိတ်ဆက် အသုံးပြု နိုင်မှာ ဖြစ်ပါတယ်။ 

ပြဿနာဖြေရှင်းသူများ၏ အရည်အသွေးများနှင့် စိတ်နေသဘောထားများ

  • မှန်ကန်ခိုင်မာနေပြီးဖြစ်သော အချက်အလက်များနှင့် လက်တွေ့အခြေအနေများကြား ကွဲပြားခြားနားချက်ကို သိရှိထားခြင်း။
  • မှားယွင်းသွားခြင်း (သို့မဟုတ်) အမှားလုပ်မိခြင်းတို့အပေါ် ကြောက်ရွံ့မှု မရှိခြင်း။
  • ရရှိသော အချိန်အကန့်အသတ် အပိုင်းအခြားအတွင်း ပြီးစီးအောင် လုပ်ဆောင်ခြင်း။
  • အခြေအနေအလိုက် လိုက်လျောညီထွေမှုရှိခြင်းနှင့် ပြဿနာအတွက် အဖြေတစ်ခုထက်မကရှာဖွေတတ်ခြင်း။
  • လုပ်နိုင်သည် (I Can Do It)” ဟူသည့် စိတ်နေသဘောထားရှိခြင်း။
  • ပြဿနာတိုင်းအတွက် ပြောင်းလဲ၍ မရနိုင်သော၊ နောက်ဆုံးတစ်ခုတည်းဖြစ်သော၊ လုံးဝမှန်ကန်သော အဖြေတစ်ခုတည်းသာ ရှိနေသည်ဟု မှတ်ယူမထားခြင်း။
  • ပြဿနာဖြေရှင်းသူများသည် ၎င်းတို့၏ အတွေးအခေါ်များကို စဉ်းစားသုံးသပ်ပြီး ပြဿနာ ဖြေရှင်းသည့် နည်းလမ်းများကို ပြန်လည် သုံးသပ်တတ်ခြင်း။

Types of Problems (ပြဿနာအမျိုးအစားများ)

  1. ရှင်းလင်းသော ပြဿနာများ (Tame Problems)
    သာမန်ဖြစ်လေ့ဖြစ်ထရှိသော ပြဿနာများဖြစ်ပြီး ဖြေရှင်းရန်လွယ်ကူသည့် ပြဿနာမျိုးဖြစ်သည်။ ဥပမာ- နေအိမ်အခန်းများ မသန့်ရှင်းခြင်း၊ တစ်နေ့တာအတွင်း ပြီးမြောက်အောင်လုပ်ဆောင်ရမယ့် လုပ်ငန်းဆောင်တာများ၊
  2. ရှုပ်ထွေးသော ပြဿနာများ (Complex Problems)
    တသမတ်ဖြေရှင်းနည်းဖြင့်ဖြေရှင်း၍ မရလေ့ရှိသဖြင့် နားလည်ရခက်ပြီး ဖြေရှင်းနည်းမကျပါက မမျှော်လင့်ထားသော နောက်ဆက်တွဲပြဿနာများ ဖြစ်ပေါ်နိုင်သည်။ ဥပမာ-လုပ်ခလစာအပေါ် အလုပ်သမားများ ဆန္ဒပြတောင်းဆိုခြင်း၊
  3. ထောင့်စုံမြင်ရသော ပြဿနာများ (Wicked Problems)
    ဖြေရှင်းရန်အခက်ခဲဆုံး ပြဿနာများဖြစ်ပြီး ရှုပ်ထွေးသော ပြဿနာများ စုစည်းနေတတ်သည့် ပြဿနာစုအနေဖြင့် တည်ရှိတတ်ကြသည်။ ဥပမာ-ကမ္ဘာ့ရာသီဥတုဖောက်ပြန်ပြောင်းလဲခြင်း၊သဘာဝပတ်ဝန်းကျင်ပျက်စီးခြင်း။

Problem Solving Skills ကောင်းအောင် ဘယ်လို မြှင့်တင်မလဲ။

🧩သင်ဟာ ပြဿနာတွေကို ကောင်းကောင်းမွန်မွန် ဖြေရှင်းနိုင်တဲ့သူ (Good Problem Solver) လို့ လူအများစုက ယုံကြည်နေခြင်းက မမှန်ပါဘူး။ သင့်အနေနဲ့ ပြဿနာများစွာကို ဖြေရှင်းနိုင်ဖို့ အတွက် အလွန်ထက်မြက်နေဖို့ မလိုပါဘူး။ ကြုံလာရတဲ့ ပြဿနာတွေကို ဖြေရှင်းရင်းလေ့ကျင့်နေဖို့ပဲလိုတာပါ။ မတူညီတဲ့ ပြဿနာများကို အဆင့်လိုက် ဖြေရှင်းခြင်းဖြင့် သင်သည် ကြီးမားသော ပြဿနာများကိုလည်း ကောင်းစွာ ဖြေရှင်းနိုင်လာမှာ ဖြစ်ပါတယ်။

၁။ ပြဿနာပေါ်မဟုတ်ပဲ ဖြေရှင်းချက်ပေါ်ပဲ အာရုံစိုက်ပါ။ (Focus on the Solution, Not the Problem)
“သင်က ပြဿနာပေါ်မှာပဲ အာရုံစိုက်နေမယ်ဆိုရင် သင့်ရဲ့ ဦးနှောက်မှာ ဖြေရှင်းချက်ကို ရှာဖွေလို့ရမှာ မဟုတ်ပါဘူး” လို့ အာရုံကြောသိပ္ပံပညာရှင်များက ဆိုထားပါတယ်။ ဒါက ဘာကြောင့်လဲ ဆိုတော့ သင်က ပြဿနာပေါ်မှာပဲ အာရုံစိုက်ပြီး အကောင်းမမြင်တဲ့ စိတ်ခံစားချက်များကို သင့်ရဲ့ ဦးနှောက်မှာ လွှမ်းမိုးနေလို့ပဲ ဖြစ်ပါတယ်။ အဲဒီ မကောင်းမြင်စိတ်တွေက သင့်ရဲ့ ဖြေရှင်းမှု စွမ်းရည်ကို ပိတ်ဆို့လိုက်တာကြောင့် ဖြစ်ပါတယ်။ ဒီအချက်မှာ ပြဿနာကို မတွေးနဲ့ဆိုတာက ပြဿနာကို လျစ်လျူရှုပြီး ရှောင်ပြေးဖို့ မဆိုလိုပါဘူး။ စိတ်ကို တည်ငြိမ်အောင်ထားခြင်းကသာ ပြဿနာရဲ့ ဇစ်မြစ်ကို သိရန် ကူညီပေးမှာဖြစ်ပါတယ်။ “ဘယ်သူ့အမှားလဲ၊ ဘာကြောင့်မှားတာလဲ” ဆိုတာကို တွေးတောနေမယ့်အစား အဖြေကိုသာ အာရုံကို စိုက်ပါ။ 

၂။ ပြဿနာကို ရှင်းရှင်းလင်းလင်း သတ်မှတ်ရန် 5 WHYs ကို သိအောင်လုပ်ပါ။
“5 WHYs” သည် ပြဿနာတစ်ခု၏ အရင်းခံကို သိရှိအောင်ကူညီပေးသည့် ပြဿနာဖြေရှင်းရေး မူဘောင်တစ်ခုဖြစ်ပါတယ်။ ပြဿနာတစ်ခုအတွက် “ဘာကြောင့်လဲ” ဆိုတဲ့မေးခွန်းကို ထပ်ခါတလဲလဲမေးရင်း၊ အကြောင်းရင်းကို ရှာဖွေနိုင်ပါတယ်။ ဒီပြဿနာက ဘာကြောင့်လဲဆိုတဲ့ ‘Why’မေးခွန်းကို ထပ်ခါထပ်ခါ မေးခြင်းအားဖြင့် အကြောင်းအရင်းကို သင်ရှာဖွေနိုင်ပါတယ်။ ဒီနည်းလမ်းက ပြဿနာတစ်ခုကို အကောင်းဆုံးဖြေရှင်းနည်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် ‘Why’ ဆိုတဲ့မေးခွန်းနဲ့ပတ်သတ်တဲ့ အကြောင်းအရာတွေကို  ငါးကြိမ်လောက် မေးမြန်းခြင်းအားဖြင့် ပြဿနာအရင်းခံကို နက်နက်နဲနဲရှာဖွေနိုင်ပါတယ်။

ဥပမာ- ပြဿနာက “အိပ်ယာထနောက်ကျပြီး အမြဲတမ်းအလုပ်နောက်ကျတယ်” ဆိုရင်

  1. ငါဘာလို့ အလုပ်အမြဲနောက်ကျတာလဲ။
    အိပ်ယာထနောက်ကျလို့ ဖြစ်တယ်။
  2. ငါဘာလို့ အိပ်ချင်‌နေရတာလဲ။
    မနက်ခင်းမှာ  ငါအရမ်းပင်ပန်းသလို ခံစားရလို့ ဖြစ်တယ်။
  3. မနက်ခင်းမှာ ငါဘာလို့ ပင်ပန်းနေရတာလဲ။
    ငါမနေ့ညက ညဉ့်နက် မှ အိပ်ခဲ့တာကြောင့်ဖြစ်တယ်။
  4. ငါဘာလို့ ညဉ့်နက် မှ အိပ်ခဲ့တာလဲ။
    ကော်ဖီသောက်ပြီး အိပ်မပျော်လို့ facebook ကို ဖွင့်ပြီး New feedမှာ ဟိုကြည့်ဒီကြည် လုပ်ရင်း အချိန်ကုန်မှန်း မသိအောင် သုံးမိခဲ့တာကြောင့်ဖြစ်တယ်။
  5. ငါဘာလို့ ကော်ဖီသောက်ခဲ့တာလဲ။
    နေ့လည်ပိုင်းတုန်းက အလုပ်မှာ  အိပ်ငိုက်နေလို့ ကော်ဖီ သောက်ခဲ့မိတာကြောင့် ဖြစ်တယ်။

ဒီအချက်တွေ သင်တွေးလိုက်ခြင်းက “သင်ဘာကြောင့်အလုပ်နောက်ကျလဲ” ဆိုတာရဲ့ အဖြေကိုရှာနိုင်ပါတယ်။ ရုံးမှာဘာကြောင့် နေ့လည်ဘက်ကော်ဖီသောက်မိတာလဲ ဆိုတဲ့ အရင်းမြစ်ခံကတော့  မနေ့ညက Facebook သုံးပြီး ညဉ့်နက်မှအိပ်ခဲ့တာကြောင့်ဖြစ်တယ်။ Social Mediaတွေကို အလွန်အကျွံသုံးမိတဲ့အခါ သင့်ရဲ့စိတ်ကျန်းမာရေး ကိုယ်ကျန်းမာရေးကို ထိခိုက်စေပြီး အဓိက ပြဿနာအရင်းမြစ်တစ်ခု ဖြစ်လာပါတယ်။
ဒါကြောင့် ပြသနာတစ်စုံတစ်ခုဖြစ်လာရင် 5 WHYs ကို လေ့ကျင့်သင့်ပါတယ်။

၃။ ပြဿနာတွေကို ရိုးရှင်းအောင်ပြုလုပ်ပါ။ ( Simplify Things)
လူသားများသည် လိုအပ်တဲ့ အရာများကို လိုအပ်သည်ထက် ပိုမို ရှုပ်ထွေးအောင် ပြုလုပ်တတ်ကြသည်မှာ ဓမ္မတာပါပဲ။ ဒါကြောင့် ကိုယ့်ရဲ့ ပြဿနာတွေကို ယေဘုယျဆန်ဆန် ရှုမြင်ပြီး ရိုးရိုးရှင်းရှင်း မြင်ယောင်ကြည့်ပါ။ အသေးစိတ်တွေးတောမှုကို ဖယ်ထုတ်ပြီး ပြဿနာအရင်းခံက ဘယ်ကစလဲဆိုတာကို ပြန်လည်ရှာဖွေပါ။ အလွယ်ကူဆုံးနဲ့ သိသာထင်ရှားတဲ့ ပြဿနာဖြေရှင်းနည်းကို ရှာဖွေစဉ်းစားခြင်းအားဖြင့် သင်ရရှိလာမယ့် ရလဒ်က သင့်ကို အံ့အားသင့်စေပါလိမ့်မယ်။ အရိုးရှင်းဆုံး လုပ်ဆောင်ချက်တွေကပဲ အကောင်းဆုံး ရလဒ်တွေ ပေးတယ်ဆိုတာကို သိထားသင့်ပါတယ်။

၄။ ဖြစ်နိုင်တဲ့ ဖြေရှင်းချက်တွေကို စာရင်းပြုစုပါ။ (List out as Many Solutions as Possible)
ပြဿနာတစ်ခုက ဘယ်လောက်ပဲ ရှုပ်ထွေးနေသည်ဖြစ်စေ ဖြစ်လာနိုင်တဲ့ ဖြေရှင်းချက်တွေ ပေါ်ပေါက်လာအောင် လုပ်ဆောင်ပါ။ ဒီအချက်က သင့်ရဲ့ အတွေးတွေကို ပွင့်လင်းစေပြီး ဝေဖန်ပိုင်းခြားတွေးခေါ်ခြင်းစွမ်းရည် (Critical Thinking Skills) ကို မြှင့်တင်ပေးတာကြောင့် အရေးပါသည့် အချက်တစ်ခု ဖြစ်တဲ့အပြင် အလားအလာရှိတဲ့ ဖြေရှင်းချက်တွေကိုလည်း အစပျိုးပေးပါတယ်။
သင်ဘာလုပ်လုပ် ‘ပေါကြောင်ကြောင်ဖြေရှင်းနည်း(stupid solutions)’ တွေက ပေါ်ပေါက်လာနိုင်တာမို့ ကိုယ့်ကိုကိုယ် အသုံးမကျတဲ့ လူတစ်ယောက်အဖြစ် လှောင်ပြောင်တာမျိုး မလုပ်ပဲ ရူးရူးသွပ်သွပ် တွေးခေါ်စဉ်းစားပြီး အလားအလာရှိတဲ့ ဖြေရှင်းချက်တွေကို ရှာဖွေသင့်ပါတယ်။

၅။ သွယ်ဝိုက်တွေးခေါ်ပြီး ဖြေရှင်းပါ။ (Think Laterally)
သွယ်ဝိုက်တွေးခေါ်ခြင်းဖြင့် သင့်အတွေး၏ ‘ဦးတည်ချက်’ ကို ပြောင်းလဲပါ။
You cannot dig a hole in a different place by digging it deeper.” ဆိုလိုချင်တာက အခက်အခဲ ပြဿနာနဲ့ ကြုံလာရင် ဖြေရှင်းစရာ နည်းတွေအမျိုးမျိုးရှိနိုင်တယ်။ နည်းလမ်းတစ်မျိုးတည်းကိုပဲ တစ်ချိန်လုံး တွေးနေရင်တော့ အဆင်ပြေမှာ မဟုတ်ပါဘူး။ ဒါကြောင့်မိမိတွေးတောမှု ပုံစံ၊ ဖြေရှင်းနည်းပုံစံတွေကို ပြောင်းလဲပါ။ ဘက်ပေါင်းစုံ၊ ရှုထောင့်ပေါင်းစုံ ကနေ အဖြေရှာကြည့်ဖို့ လိုအပ်ပါတယ်။

၆။ ဖြစ်နိုင်ခြေရှိတဲ့ စကားလုံးများကိုသုံးပြီး ဖြေရှင်းပါ။
“တကယ်လို့သာ (What if…)” နှင့် “ဒီလိုဖြစ်ခဲ့မယ်ဆိုရင်(‘Imagine if…)” ဟူသော စကားစုများဖြင့် စဉ်းစားတွေးခေါ်တာကို စတင်လုပ်ဆောင်ပါ။ ဒီလို လုပ်ဆောင်ခြင်းက ဦးနှောက်ကို တီထွင်ဖန်တီးမှုရှိသော တွေးခေါ်မှုနှင့် ဖြေရှင်းချက်များ လုပ်ဆောင်ရန် လှုံ့ဆော်ပေးပါတယ်။ သို့ပေမယ့် ရေငုံနှုတ်ပိတ်နေခြင်း၊ အဆိုးမြင် စကားလုံးများဖြစ်တဲ့  “ဖြစ်နိုင်မယ်မထင်ဘူး (I don’t think)” သို့မဟုတ် “ဒီနည်းလမ်းက မမှန်နိုင်ဘူး (But this is not right)” ဆိုတဲ့ အတွေးတွေကို မတွေးသင့်ပါဘူး။

၇။ ဆက်သွယ်ပြောဆို လုပ်ဆောင်ပါ။ 
သင့်ဖြေရှင်းချက်နည်းလမ်းတွေက မည်သို့ အလုပ်ဖြစ်တယ်ဆိုတာကို အခြားသူများနှင့်မျှဝေပါ။ အကယ်၍ လူအများကြိုက်နှစ်သက်မှု မရှိသည့် ဆုံးဖြတ်ချက်မျိုးကို ချမိလိုက်ပါက ဘာကြောင့် ဤနည်းလမ်းကို ရွေးချယ်ရသည်ကို နားလည်အောင် ရှင်းပြပါ။ သင့်အစီအစဉ်ဖြစ်မြောက်အောင်မြင်အောင် ပူးပေါင်း ကူညီပေးခဲ့သူများကိုလည်း ကျေးဇူးတင်ပါ။ 

ပြသနာဖြေရှင်းရန် သတိပြုရမည့် အချက် (The Bottom Line)

🧩သင်အနေနဲ့ ပြဿနာတစ်ခုကို စတင်ရင်ဆိုင်တဲ့အခါမှာ ထိတ်လန့်ကြောက်ရွံ့နေစရာမလိုဘူး ဆိုတာကို သတိပြုစေချင်ပါတယ်။
🧩ပြဿနာတွေကို ကြောက်စရာတစ်ခုလို မရှုမြင်လိုက်ပါနဲ့။
🧩တကယ့်ပြဿနာလို့ တွေးမြင်လိုက်မယ်ဆိုရင် သင့်ရဲ့ လက်ရှိအခြေအနေပေါ်မှာ တုံ့ပြန်ချက်တစ်ခုသာသာပါပဲ။
🧩တစ်စုံတစ်ခုကြောင့် အလုပ်မဖြစ်ပဲ ခက်ခဲနေတာကို  ပြဿနာလို့ ဆိုနိုင်ပြီး အဲဒီ ပြဿနာတွေကို ပြေလည်သွားစေမယ့် နည်းလမ်းများနဲ့ ဖြေရှင်းဖို့ ကြိုးစားပါ။
🧩ဝေဖန်အကဲဖြတ်တာတွေ မလုပ်ဘဲ ပြဿနာတွေကို ပြတ်ပြတ်သားသား ချဉ်းကပ်နိုင်ဖို့ ကြိုးစားပါ။
🧩ပြဿနာတစ်ခုလုံးကို အရမ်းရှုပ်ထွေးအောင် မလုပ်ဘဲ ဖြေရှင်းချက်ထုတ်ဖို့ကိုသာ အာရုံစိုက်ပြီး စိတ်အေးအေးထား ဖြေရှင်းတတ်အောင် လေ့ကျင့်ပါ။ 

လေ့ကျင့်ရန်မေးခွန်းများ

၁။ သင်ပြဿနာကြုံတွေ့ရသည့် အချိန်ကို ပြန်လည်စဉ်းစားကြည့်ပြီး ပြဿနာများကို သင်မည်သို့ ဖြေရှင်းလေ့ရှိသနည်း။ ပြန်လည်တွေးကြည့်ပါ။ တစ်ဦးချင်းစီ စဉ်းစားပြီး အတန်းဖော်များနှင့် ပြန်လည်ဝေငှပြောဆိုပါ။ 

၂။ သင့်ဘဝတွင် (သို့မဟုတ်) အလုပ်တွင် မျှော်လင့်မထားသော အခက်အခဲများနှင့် ရင်ဆိုင်ရချိန်တွင် သင်မည်ကဲ့သို့ အောင်မြင်အောင် ဖြေရှင်းဆောင်ရွက်ခဲ့ဖူးပါသနည်း။ လက်ရှိကာလတွင် အလားတူ အခက်အခဲများ ထပ်မံကြုံတွေ့လာလျှင် သင် မည်သို့ ဖြေရှင်းမည်နည်း။

၃။ သင့်ဘဝတွင် သင့်မိသားစုအတွင်းတွင်သော်လည်းကောင်း၊ သူငယ်ချင်းများနှင့် ပက်သက်၍ သော်လည်းကောင်း၊ ရပ်ရွာတိုးတက်ရေး လုပ်ငန်းများဆောင်ရွက်ရာတွင်လည်းကောင်း ပြဿနာ အခက်များကြုံခဲ့ရဖူးပါသလား။ ၎င်းတို့ကို သင်မည်ကဲ့သို့ ဖြေရှင်းကူညီဆောင်ရွက်ခဲ့ပါသနည်း။ 

၄။ ပြဿနာဖြေရှင်းရန် ဆုံးဖြတ်ချက်မချမီ သင်မည်သည့်အဆင့်များကို အရင်ဆောင်ရွက်ပါသနည်း။သင် ဘာကြောင့် ထိုအဆင့်များကို အရင်ဆုံးဆောင်ရွက်ရပါသနည်း။(သင့်ဘဝအတွေ့အကြုံနှင့် ဆွေးနွေးနိုင်ပါသည်)။

၅။ သင့် သူငယ်ချင်းသော်လည်းကောင်း၊ သင့်အလုပ်မှလုပ်ဖော်ကိုင်ဖက်လည်းကောင်း မလုပ်သင့်သောအမှားတစ်ခုခုကို လုပ်ဆောင်နေကြောင်း သင်သိခဲ့လျှင် ထိုအခြေအနေကိုသင်မည်ကဲ့သို့ ဖြေရှင်းမည်နည်း။ သင်ရွေးချယ်သည့် နည်းလမ်းတွင် မထင်မှတ်ဘဲ အခက်အခဲကြုံရလျှင် မည်သို့ဆောင်ရွက်မည်နည်း။

Resource

Now let’s watch a video about Problem Solving Strategy : https://youtu.be/QTzDL_RjQ9U

how to solve a problem in four steps

Find Problem, Solve Problem | Ariana Glantz | TEDxMemphis