ငရုတ် စိုက်ပျိုးခြင်းဆိုင်ရာ အချက်အလက်များ

ရာသီဥတု။ အပူချိန် ၁၅-၃၅ ဒီဂရီစင်တီဂရိတ် ရှိပြီး ရက် ၁၃၀-၁၅၀ အတွင်း နှင်းခါးကျရောက်မှု ကင်းရင် ငရုတ်စိုက်ပျိုးဖို့ သင့်တော်ပါတယ်။ မြေကြီးအပူချိန် ၁၀ ဒီဂရီစင်တီဂရိတ်နှင့် အောက်လျော့နည်းရင် အပင်ကြီးထွားမှုကို တုံ့နှေးစေပါတယ်။ ၄၀ ဒီဂရီစင်တီဂရိတ်အထက် ကျော်ရင် အသီးတင်မှု ညံ့ရုံသာမက ဆိုးဆိုးဝါးဝါး အသီးကြွေကျမှု ကိုလည်းဖြစ်စေပါတယ်။ 

မြေအမျိုးအစား။ မြေအမျိုးအစား အမျိုးမျိုးမှာ စိုက်ပျိုးနိုင်ပေမယ့် အသင့်တော်ဆုံးက ရေစီးရေလာ ကောင်းပြီး မြေသြဇာထက်သန် ပေါကြွယ်ဝနေသော သဲနုန်းမြေ ဖြစ်ပါတယ်။ မြေချဉ်ငံဓါတ် ၅.၅-၆.၅ သင့်တော်ပြီး  ၅-၅.၇ က အကောင်းဆုံးပါ။ ရေဝပ်မှုဒဏ်ကို ခံနိုင်ရည်မရှိတဲ့ အပင်ဖြစ်ပါတယ်။

မျိုးရွေးချယ်ခြင်း။ ဈေးကွက်လိုအပ်ချက်၊ ဒေသ ရေ၊ မြေ၊ ရာသီဥတု စသည်တို့နဲ့ ကိုက်ညီပြီး ပိုးမွှား ရောဂါကင်းစင်တဲ့ အရည်အသွေးကောင်းမျိုး၊ ဖလံဖြူကင်းပြီး အရောင်လှပတဲ့ အသီးက မျိုးစေ့တွေကို ရွေးချယ်စိုက်ပျိုးနိုင်ပါတယ်။ မြန်မာနိုင်ငံမှာ မိုးထောင်မျိုး၊ အောက်စိုက်မျိုး၊ မိသားစုမျိုး၊ ငရုတ်ပွမျိုး နဲ့ အတောင့်ရှည်မျိုးတို့ကို အစိုက်များပါတယ်။ စိုက်ပျိုးတဲ့ စနစ်ပေါ် မူတည်ပြီး တစ်ဧကကို မျိုးစေ့ ၅၀-၇၀ ဂရမ် လိုအပ်ပါတယ်။ 

ပျိုးထောင်ခြင်း။ ပျိုးထောင်ဖို့ ရွေးချယ်ထားတဲ့ မြေနေရာကို မြေအောင်းပိုးမွှားများနဲ့ ရောဂါတွေ ကင်းအောင် ကောက်ရိုး၊ မြက်ခြောက်နဲ့ အမှိုက်တွေဖုံးပြီး မီးရှို့ခြင်း၊ မျိုးစေ့ကို စီဗင်ဆေးမှုန့် လူးနယ်ခြင်းတို့ကို ပြုလုပ်ပေးသင့်ပါတယ်။ ပူပြင်းသောရာသီမှာ ပျိုးဘောင်ကို အမိုး ပြုလုပ် ပေးသင့်ပြီး ပျိုးခင်း အစိုဓာတ် မပြတ်အောင် ရေမှန်မှန် လောင်းပေးသင့်ပါတယ်။ အပူချိန် ၂၅ ဒီဂရီစင်တီဂရိတ်နဲ့အထက်ရှိရင် ၇-၈ ရက်ခန့်မှာအပင်ပေါက်ပြီး အေးသောရာသီဥတုမှာ အပင်ပေါက်ဖို့ ၁၅ ရက်နဲ့အထက် ကြာနိုင်ပါတယ်။ ပျိုးပင်ငယ်တွေ ပေါက်လာပြီးရင် နေလောင်ခြင်းနဲ့ နှင်းခါးရိုက်ခြင်းမှ ကာကွယ်ဖို့ အရိပ်စင် ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။ ပျိုးပင်သက်တမ်း ၁၅ ရက်ခန့်မှာ စိုက်ခင်းကို ရွှေ့ပြောင်း စိုက်ပျိုးသင့်ပါတယ်။ 

စိုက်ပျိုးနည်းစနစ်။ မြေကို ထယ်ရေးနက်နက် နှင့် ညက်ညက် ထွန်ပြီး ရေသွင်း ရေထုတ် မြောင်းများ စနစ်တကျ ဖော်ပြီး ဆောင်ရွက်ရပါမယ်။ ရွှေ့ပြောင်းစိုက်ပျိုးချိန်မှာ စိုက်ခင်းမှာ အစိုဓာတ် မပြတ်စေဖို့ အထူးဂရုပြုသင့်ပါတယ်။ ရေနည်းလွန်းရင် အသီးတွေကြွေကျပြီး အထွက်နှုန်း လျော့နိုင်ခြင်း၊ အစာချက်နိုင်မှု အားနည်းခြင်း၊ အပင်ကြီးထွားမှုနှေးနိုင်ခြင်း၊ ပန်းမပွင့်နိုင် ခြင်း၊ အရည်အသွေးညံ့ခြင်းနဲ့ ပန်းပွင့်များ ကြွေကျခြင်းတို့ ဖြစ်စေနိုင်ပါတယ်။ ရေများလွန်း ရင် မြေတွင် အောက်ဆီဂျင်ရရှိမှု မလုံလောက်ခြင်း၊ အပင်ညှိုးနွမ်းလာစေခြင်း၊ အမြစ်မှာ ရောဂါကျရောက်မှုဖြစ်နိုင်ခြင်းနဲ့ အပင်ဖြစ်ထွန်းမှု နှေးကွေးစေခြင်း စသည်တို့ကို ဖြစ်စေ နိုင်ပါတယ်။ သဲဆန်သောမြေဖြစ်ရင် ရေနည်းနည်းနဲ့ အကြိမ်ရေများများ သွင်းပေးရန် လိုအပ် ပြီး မြေစေးဖြစ်ရင် ရေများများကို အကြိမ်ရေနည်းနည်းနဲ့ သွင်းဖို့လိုအပ်ပါတယ်။  

လိုအပ်လာရင် သဘာဝမြေဩဇာနဲ့ ဓာတ်မြေဩဇာကို စနစ်တကျထည့်သွင်း အသုံး ပြုနိုင်ပြီး သဘာဝမြေဩဇာကို ကောင်းစွာဆွေးမြေ့စေပြီးမှ အသုံးပြုသင့်ပါတယ်။ ရွှေ့စိုက် ပြီး ၂၀ ရက်သားမှာ ပေါင်းလိုက်ခြင်း၊ စိုက်ပြီး တစ်လသားမှာ ယူရီးယားအိတ်ဝက် ထည့်ပြီး မြေတောင်မြှောက်ခြင်း၊ ခေါင်နှိမ်ခြင်း၊ ကိုင်းရွေးချယ်ခြင်း၊ ရက် ၆၀ သားမှာ ယူရီးယား အိတ်ဝက် ထပ်မံထည့်ပြီး မြေတောင်မြှောက်ပေးခြင်း စသည်တို့ကို ဆောင်ရွက်ပေးသင့် ပါတယ်။

ခူးဆွတ်ခြင်း။ ငရုတ်ကို နံနက်စောစော ရာသီဥတု အေးတဲ့အချိန်မှာ ခူးဆွတ်သင့်ပြီး  မိုးရွာချိန်နဲ့ မိုး ရွာပြီးစ စိုစွတ်ချိန်တွေမှာ ခူးဆွတ်ခြင်း မပြုသင့်ပါဘူး။ အသီးညှာကို ရှည်ရှည် ခူးယူသင့်ပြီး အညှာရင်းမှ ခူးယူခြင်းမပြုရဘူး။ ငရုတ်ခြောက် အရည်အသွေးကောင်း ရရှိစေဖို့အတွက် ပန်းပွင့်ပြီး ၆-၈ ပတ်အကြာမှာ ကောင်းစွာရင့်မှည့်ပြီး အနီရောင်သန်းလာတဲ့ ငရုတ်သီးများ ကိုသာ ဆွတ်ခူးပါ။ မမှည့်သေးတဲ့အသီးတွေ၊ အမှည့်လွန်တဲ့အသီးတွေ မပါစေရ။ အစိမ်း အဖြစ် ခူးမည်ဆိုပါက အသီးအရွယ်ရောက်ပြီး အစိမ်းရင့်ချိန် (သို့) အရောင်ပြောင်းစ အချိန်မှာခူးပါ။ အသီးတွေကို ၅ ရက်တစ်ကြိမ် ခူးဖို့လိုအပ်ပါတယ်။ မကြာခဏ ဆွတ်ခူးခြင်း အားဖြင့် အသီးအထွက်ကောင်းပြီး အပင်သက်တမ်း ပိုရှည်စေပါတယ်။ အသီးမှည့်တဲ့အထိ ထားရင် အထွက်နည်းပြီး အပင်သက်တမ်းတိုစေပါတယ်။ သိုလှောင်ခြင်း။ ငရုတ်သီးလှန်းစင်နဲ့ အောက်ခံအခင်းကို မှိုရောဂါကျရောက်မှု ကင်းဝေးအောင် ပိုး သတ်ဆေး၊ မှိုသတ်ဆေးများ ကြိုတင်ဖျန်းပေးရပါမယ်။ ဓာတုဆေးအသုံးပြုပါက အသီး မခူးမီ ၂ ပတ်အတွင်း ဆေးမဖျန်းမရ။ အရောင်လှစေရန်၊ မှိုတက်မှုကာကွယ်ရန်၊ ဖလံဖြူမှ လျှော့ချရန် ၆၀ ဒီဂရီစင်တီဂရိတ်ခန့်ရှိသော ရေနွေးမှာ ၃-၅ မိနစ်ခန့်အထိ စိမ်၍ ရေစစ်ပြီး နေလှန်းပါ။ ခူးဆွတ်ပြီး ငရုတ်သီးစိမ်းများနဲ့ အခြောက်လှန်းပြီးသော ငရုတ်ခြောက်များကို မြေကြီး (သို့) ကိုင်တွယ်ထုပ်ပိုးသည့်ကြမ်းပြင် (သို့) သိုလှောင်တဲ့နေရာကြမ်းခင်းနဲ့ တိုက် ရိုက်ထိတွေ့ခြင်း မရှိအောင် သန့်ရှင်းတဲ့ အခင်း/ခုံများပေါ်မှာ ထားရှိရပါမယ်။ အသီးစိမ်းကို သိုလှောင်ရင် အသီးခူးပြီး ၇-၁၀ ဒီဂရီစင်တီဂရိတ်မှာ သိုလှောင်သင့်ပါတယ်။ အပူချိန် ၇ ဒီဂရီစင်တီဂရိတ်အောက် ရောက်ရင် အေးခဲနာများ၊ ရေစိုကွက်များ ဖြစ်ပေါ်နိုင်ပါတယ်။ အသီးခြောက်ကို သိုလှောင်မယ်ဆို အစိုဓာတ် ၁၀ % မှာ လေလုံပြီး အေးမြေ ခြောက်သွေ့တဲ့ နေရာမှာ သိမ်းဆည်းထားသင့်ပါတယ်။