နိဒါန်း။ ပဲတီစိမ်းကို အပူပိုင်း အာရှနိုင်ငံအများအပြားမှာ စိုက်ပျိုးကြပါတယ်။ မြန်မာနိုင်ငံပြည်တွင်း မှာပဲတီစိမ်းကို အသင့်အတင့်သာစားသုံးပြီး ပြည်ပနိုင်ငံတွေကို အဓိကတင်ပို့လျက်ရှိပါတယ်။ အဓိကအားဖြင့် အိန္ဒိယ၊ တရုတ်နဲ့ ဥရောပနိုင်ငံတွေကို တင်ပို့ရောင်းချပေးလျက်ရှိနေပြီး နိုင်ငံခြားဝင်ငွေ ရှာဖွေပေးနေသော သီးနှံဖြစ်ပါတယ်။ သီးထပ်၊ သီးညှပ် စိုက်ပျိုးနိုင်ပြီး ရေ သွင်းနိုင်တဲ့ဒေသတွေမှာ မိုးကြိုသီးနှံ၊ အထက်မြန်မာပြည်မှာ မိုးရေသောက်သီးနှံ စသည်ဖြင့် မိုးဦး/မိုးလယ်မှာ သီးသန့် (သို့) ဝါ၊ ပဲစင်းငုံတို့နဲ့ သီးညှပ်အနေနဲ့ အောက်မြန်မာပြည်မှာ မိုးစပါးအပြီး သီးထပ်အနေနဲ့ စိုက်ပျိုးကြပါတယ်။ အဓိကစိုက်တဲ့နေရာတွေက အထက် မြန်မာပြည်မှာ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း နဲ့ မန္တလေးတိုင်းတို့ဖြစ်ပြီး အောက်မြန်မာပြည်မှာ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း နဲ့ ဧရာဝတီတိုင်း တို့ ဖြစ်ပါတယ်။
ရာသီဥတု။ ပူနွေးခြောက်သွေ့သော ရာသီဥတုကို ကြိုက်နှစ်သက်ပြီး အပူချိန် ၃၀-၃၆ ဒီဂရီ စင်တီဂရိတ် လိုအပ်ပါတယ်။ မိုးရွာသွန်းမှုညီမျှပြီး တစ်နှစ် ပျမ်းမျှမိုးရေချိန် ၃၀-၃၆ လက်မ အတွင်းရှိရန် လိုအပ်ပါတယ်။ မိုးပဲတီစိမ်းကို စက်တင်ဘာလ နောက်ဆုံးထားပြီး စိုက်ပျိုး သင့်ပြီး ဆောင်းရာသီမှာ စိုက်ပျိုးရင် အောက်တိုဘာလက ဒီဇင်ဘာလလယ်အထိ စိုက်ပျိုး နိုင်ပါတယ်။ ပင်လယ်ရေမျက်နှာပြင်အထက် ပေ ၆၀၀၀ အထိစိုက်ပျိုးနိုင်ပါတယ်။
မြေအမျိုးအစား။ သဲမြေ၊ သဲနှုန်းမြေမှ မြေနက်စေး၊ မြေနီစေးအထိ အားလုံးသောမြေမျိုး၊ ရေစီး ရေလာကောင်းတဲ့ ဘယ်လိုမြေအမျိုးအစားမှာမဆို စိုက်ပျိုးနိုင်ပေမယ့် ရေဝပ်ဒဏ် ခံနိုင်ရည် မရှိပါဘူး။ မြေအချဉ်အငံ ၅.၁-၆.၅ အတွင်း စိုက်ပျိုးဖြစ်ထွန်းပြီး ၅.၅ ထက် လျော့နည်းရင် အပင်ဖြစ်ထွန်းမှု ညံ့နိုင်ပါတယ်။
စိုက်ပျိုးခြင်းနည်းစနစ်။ စိုက်ခင်းမြေပြုပြင်ရာမှာ ထယ်ရေး၊ ထွန်ရေးနက်နက်နဲ့ ညီညာနေတဲ့ ထွန်ရေးရအောင် ဆောင်ရွက်ရပါမယ်။ မြေခံအဖြစ် နွားချေး တင်း ၁၀၀ မှ ၁၅၀ အထိ၊ နိုင်ထရိုဂျင်၊ ဖော့စဖောရပ်၊ ပိုတက်ဆီယမ် ၁၅:၁၅:၁၅ ပါဝင်သော ကွန်ပေါင်းဓာတ်မြေသြဇာ တစ်ဧက တစ်အိတ်နှုန်း နေရာအနှံ့ရောက်အောင် ထည့်ပေးပါ။ စိုက်မယ့်မြေကို ကြိုတင် မြေပြင်ထားရှိပြီး အမှိုက်တွေနဲ့ ပေါင်းမြက်များကို ကင်းစင်အောင် လုပ်ထားရပါမယ်။ အပင် ပေါက်ကောင်းပြီး အပင်ပေါက် ညီညာစေဖို့ ပဲတီစိမ်းမျိုးများကို နာရီဝက်ခန့် ရေစိမ်ပြီး ရိုက်ဆိုဗီယမ် (ပဲမြစ်ဖုဇီဝ) မြေသြဇာနဲ့ သမအောင် လူးနယ်ပြီးဖြစ်စေ၊ မှိုရောဂါတွေကို ကာကွယ်နိုင်ဖို့ ဟိုမှိုင်းမှိုသတ်ဆေးနဲ့ဖြစ်စေ လူးနယ် စိုက်ပျိုးသင့်ပါတယ်။
မိုးကြို၊ မိုးနှောင်း ရာသီတွေမှာတန်းကြား ၁၂ လက်မ၊ ပင်ကြား ၄ လက်မနဲ့ တစ်ဧက ကို အပင်ပေါင်း ၁၃၀,၀၀၀ ရရှိအောင် မျိုးစေ့နှုန်း တစ်ဧက ၆-၈ ပြည်အထိ အသုံးပြုပါ။ မိုး ရာသီမှာ တန်းကြား ၁၈ လက်မ၊ ပင်ကြား ၄ လက်မဖြင့် မျိုးစေ့ ၄-၆ ပြည် အထိ အသုံးပြုပါ။ စိုက်ပျိုးပြီး ရက်ပေါင်း ၃၀ အတွင်းမှာ ပေါင်းမြက်ကင်းစင်အောင် ဆောင်ရွက်ပေးရပါမယ်။
အပင်ငယ်စဉ်မှာ ပျ၊ ဖြုတ်စိမ်း၊ ပင့်ကူနီ၊ ပင်စည်ထိုးယင် ကျရောက်တတ်လို့ လိုအပ် ရင် ထိသေ၊ စားသေ ပိုးသတ်ဆေးတစ်မျိုးနဲ့ ပက်ဖျန်းကာကွယ် သင့်ပါတယ်။ အပင် သက်တမ်း ၁၅-၆၀ ရက်အတွင်း ရွက်စားပိုး၊ ငမြောင်တောင်၊ ပင်စည်ထိုးယင်၊ ထွာကောင် စိမ်း ရွက်စုံစားခူဝါ၊ ပွင့်ထွေးရွက်ကပ်ပိုး၊ သီးလုံးဖောက်ပိုးများနဲ့ ယင်ဖြူတို့ကြောင့်ဖြစ်တဲ့ အဝါရောင်မှိုစေ့၊ ဗိုင်းရပ်စ်ရောဂါများ မကျရောက်စေဖို့ သင့်တော်တဲ့ ပိုးသတ်ဆေးတစ်မျိုးနဲ့ တစ်ကြိမ် ပက်ဖျန်းကာကွယ်ပေးသင့်ပါတယ်။
ရက်ပေါင်း ၃၀ ခန့်မှာ သီးကိုင်းနဲ့ ပန်းဖူး ကလေးတွေ စတင် နိုးကြားလာလို့ အစိုဓာတ် မပြတ်စေဖို့၊ အာဟာရဓာတ်တွေ မချို့တဲ့စေဖို့၊ ပိုးနဲ့ရောဂါတွေ မကျရောက်စေဖို့ ဆောင်ရွက်ပေးရပါမယ်။ ၄၅ ရက်သားမှ စတင်ပြီး ပန်းပွင့်ပြီး အသီး၊ အတောင့်များနဲ့အတူ အစေ့အဆန်တွေ အားကောင်းစေဖို့ ဖော့စဖောရပ် နဲ့ ပိုတက်ဆီယမ် ရာခိုင်နှုန်းများတဲ့ အရွက်ဖျန်းမြေသြဇာအရည်ကို ၁၅ ရက်ခြားနှစ်ကြိမ်ဖျန်းပေးသင့်ပါတယ်။ အသီးတောင့်များ ဖြစ်ထွန်းချိန်၊ အစေ့အဆန်တည်ချိန်တွေမှာ သီးလုံးဖောက်ပိုးတွေ ကျရောက်တတ်ပါတယ်။
ရိတ်သိမ်းခြင်း။ စိုက်ပျိုးတဲ့မျိုး၊ ပတ်ဝန်းကျင်ရာသီဥတု အခြေအနေများအပေါ် မူတည်ပြီးတော့ ၆၅ ရက်သားအတွင်း သီးတောင့်များ ရင့်မှည့်လေ့ရှိကြပါတယ်။ အသီးတောင့်များ (၇၅-၈၅) % အနက်ရောင်ကို ပြောင်းပြီး ခြောက်သွေ့နေချိန်မှာ ခူးဆွတ်ရိတ်သိမ်းပြီး ၂-၃ နေလှန်းပြီး ချွေလှေ့ သန့်စင်ပါ။ ပဲတီစိမ်းကို အချိန်ကာလကိုကြည့်ပြီး ခူးဆွတ်ရိတ်သိမ်းရပါတယ်။ မျိုးအဖြစ်ထားမယ်ဆိုရင် အစိုဓာတ် ၉% အထိ အခြောက်ခံပြီး သိုလှောင်သိမ်းဆည်းနိုင်ပါ တယ်။ တစ်ကြိမ်ခူးဆွတ်ရိတ်သိမ်းပြီး နောက်ထပ် ပန်းဖူး နဲ့ အသီးကင်းများ အောင်မြင်စေဖို့ အပင်အားဆေးများ၊ ရွက်ဖျန်းအားဆေးများကို ပက်ဖျန်းပြီး ပြုစုစောင့်ရှောက်ရန် လိုအပ်ပါ တယ်။