သဘာဝမြေသြဇာအမျိုးမျိုးပြုလုပ်ခြင်း

သဘာဝမြေဩဇာတွေက ဘာ့ကြောင့် အရေးကြီးတာလဲ

မြန်မာနိုင်ငံမှာရှိတဲ့ အချို့မြေတွေဟာ သီးနှံအထွက်တိုးရေး ဦးစားပေးပြီး ဓာတုမြေသြဇာ တွေ ဓာတုပိုးသတ်ဆေးတွေ တွင်တွင်ကျယ်ကျယ် သုံးလာကြခြင်းကြောင့် လည်းကောင်း၊ သီးနှံ အလှည့်ကြ စိုက်တာထက် စီးပွားရေးတွက်ခြေ ကိုက်တဲ့ သီးနှံတစ်မျိုးတည်းကိုပဲ အမြဲစိုက်လာကြ ခြင်းကြောင့်လည်းကောင်း၊ သဘာဝ မိခင်ကျောက်သားနဲ့ ရာသီဥတုကြောင့်လည်းကောင်း သီးနှံ၊ သစ်ပင်တွေအတွက် လိုအပ်တဲ့ အာဟာရဓါတ်တွေ လျော့နည်းနေတာကို တွေ့ရပါတယ်။ သီးနှံတွေ အထွက်တိုးဖို့ စနစ်တကျ စိုက်ရာမှာ မျိုးကောင်းမျိုးသန့် အသုံးပြုခြင်းနဲ့ ပိုးမွှား ရောဂါ ကာကွယ် တာတွေ လိုအပ်သလို မြေဆီဩဇာ ထက်သန်စေဖို့ မြေဆီလွှာ အခြေအနေကို သိရှိနားလည်ပြီး သင့်တော်တဲ့ မြေဩဇာကျွေးဖို့လဲ လိုအပ်ပါတယ်။ သဘာဝမြေဩဇာတွေက ဓာတ်မြေဩဇာများနှင့် နှိုင်းယှဉ်ရင် အာဟာရဓာတ် ပါဝင်မှု မများပေမယ့် မြေဆီလွှာ ဖွံ့ဖြိုးတိုးတက် ကောင်းမွန်စေဖို့ အတွက် မရှိမဖြစ် လိုအပ်တဲ့ ပစ္စည်းတွေ ဖြစ်ပါ တယ်။ 

အသင့်တော်ဆုံး မြေဩဇာကို ရွေးချယ် အသုံးပြုနိုင်ဖို့ ကိုယ်စိုက်တဲ့အပင်က အရွက်အခက် အပင် လား၊ အသီးအပွင့် အပင်လား၊ ပင်စည် အသုံးပြုပင်လား ဆိုတာကို ခွဲခြားသိရပါမယ်။ ဒီတော့မှ လိုအပ်တဲ့ မြေသြဇာကို လိုအပ်ချိန်မှာ ပေးမယ်ဆိုရင် အပင်အတွက်လည်း ကောင်းမယ်။ ကုန်ကျစရိတ်လည်း သက်သာမှာ ဖြစ်ပါတယ်။

အပင်စားသုံးနိုင်တဲ့ အာဟာရဓာတ်တွေထဲမှာ နိုက်ထရိုက်ဂျင် က အရွက် အညွှန့် အကိုင်းအခက်၊ အသီး အပွင့်၊ ဥနဲ့အစေ့၊ အမြစ်နဲ့ပင်စည်တွေကို အားပေးတာဖြစ်ပါတယ်။ ဖော့စဖောရပ် က အပွင့်နဲ့ အသီးကို အားပေးစေပါတယ်။ ပိုတက်စီယမ် က အမြစ်ကိုအားပေးတယ်။ ပင်စည်ဆဲလ်တွေ သန်မာစေပါတယ်။ ပင်စည်ကနေ အညွှန့်အရွက်အထိကို မြေသြဇာပို့ပေးစေပါတယ်။ အသီးကိုချိုစေပြီး အသီးအရောင်လဲ လှစေပါတယ်။

ဒါကြောင့်မို့ သစ်သီးပင် အသီးသီးဖို့ အရွယ်မရောက်ခင်မှာ အပင်သန်ဖို့ အပင်ကြီးဖို့အတွက် နိုက်ထရိုက်ဂျင် ကို အဓိကထားပေးပြီး အမြစ်သန်ဖို့ မြေသြဇာအရွက်တွေဆီရောက်အောင် ပင်စည် ကောင်းဖို့အတွက် ပိုတက်စီယမ် ကို တွဲပေးသင့်ပါတယ်။ မလိုအပ်သေးချိန်မှာ အပွင့် အသီးအတွက် မြေသြဇာကို ပေးရင် ပိုက်ဆံ ကုန်တာပဲရှိပါမယ်။ အလားတူပဲ အပွင့် ပွင့်ခါနီးအချိန်မှာ ဖော့စဖောရပ် ကိုကျွေးသင့်ပါတယ်။ တကယ်လို့ နိုက်ထရိုက်ဂျင် ပေးနေရင် အပွင့်မထွက်ပဲ အကိုင်းအခက်တွေပဲ ထွက်နေပါလိမ့်မယ်။ ပိုတက်စီယမ် မပေးရင် အသီးချိုမှာ မဟုတ်ဘူး။ ဒါကြောင့်မို့ အပင်တွေအတွက် လိုအပ်ချိန်မှာ လိုအပ်တဲ့မြေသြဇာ ပေးနိုင်ဖို့ သိရှိနားလည် လေ့လာထားဖို့ လိုအပ်ပါတယ်။

အမျိုးအစားအားသာချက်အားနည်းချက်
အမြန်ပျော် ဓာတ်မြေဩဇာရရှိမှု မြန်ဆန်စေသည်။မြေအချဉ်ဓာတ် ဖြစ်စေသည်။ဈေးနှုန်းသက်သာသည်။များပါက အပင်လောင်နိုင်သည်။စိုစွတ်ပါက အစိုပျံတတ်သည်။နိုင်ထရိုဂျင်အလွယ်ပျော်ဝင်နိုင်သည်
အနှေးပျော် ဓာတ်မြေဩဇာအနည်းငယ်သာ ကျွေးနိုင်သည်။လောင်မှု နည်းပါးသည်။မြေဩဇာအပေါ်မူတည်၍ ပျော်ဝင်မှု ကွဲပြားသည်။တစ်ခါတစ်ရံ ပျော်ဝင်မှုအလွန်နည်းသည်။ဈေးကြီးသည်။သတ်မှတ်ချက်အတွင်း၌သာ ပျော် ဝင်နိုင်သည်။ပျော်ဝင်မှုသည်အခြား အကြောင်း အရာများပေါ်တွင်မူတည်နေသည်။
မြေဆွေး မြေဩဇာလောင်မှုဒဏ် မခံရပါ။အာဟာရဓာတ် တဖြည်းဖြည်း ပျော်ဝင်သည်။အနဲလို အာဟာရဓာတ်များ ပါဝင်သည်။မြေချဉ်များတွင် အသုံးပြု၍ သင့်တော် သည်။ဈေးကြီးသည်။အချို့တွင် ဆားများ ပါဝင်မှု အန္တရာယ် ပေးနိုင်သည်။သယ်ယူရ ခက်ခဲသည်။ပေါင်းမြက်များ ထူထပ်နိုင်သည်။အဆိပ်သင့်သတ္တုဓာတ်များ ပါဝင်နိုင်သည်။
ပေါင်းသတ်ဆေး ပါဝင်သည့် ဓာတ်မြေဩဇာသုံးစွဲရ လွယ်ကူသည်။ဈေးကြီးသည်။ပေါင်းသတ်ဆေးသုံးရန် နှင့် မြေဩဇာသုံးရန်အချိန် မတူနိုင်ပါ။
သီးသန့် မြေဩဇာသုံးစွဲရ လွယ်ကူသည်။ထူးခြား/သီးသန့်အခြေအနေများတွင် အသုံးပြု နိုင်သည်။ဈေးကြီးသည်။သတ်မှတ်ထားသည့် အတိုင်းသာ အသုံးပြုနိုင်သည်။

သဘာဝမြေဆွေးမြေသြဇာသုံးရင် ဘာကောင်းကျိုးတွေရမလဲ 

မည်သည့်မြေ၊ မည်သည့်သီးနှံ သစ်ပင်မျိုးအတွက်မဆို အသုံးပြုနိုင်ခြင်း၊ သီးနှံပင်များ၏ အာဟာရ လိုအပ်ချက်ပေါ်မူတည်ပြီး ဓါတ်မြေသြဇာများနှင့်အတူ ရောစပ်၍ လည်း အသုံးပြုနိုင်ခြင်း၊ အာဟာရဓါတ်တိုးခြင်း၊ လျင်မြန်စွာ ကုန်ဆုံးမသွားစေခြင်းနှင့် အပင်မှ အလွယ်တကူစုပ်ယူ ရရှိစေနိုင်ခြင်း၊ အပင်အတွက် လိုအပ်သော အာဟာရဓါတ် များစွာပါဝင်ခြင်း၊ (နိုက်ထရိုဂျင် (၁.ဝ – ၃.၅) %၊ ဖော့စဖောရပ်ဓာတ် (ဝ.၅ – ၂) %၊ ပိုတက်စီယမ်ဓာတ် (ဝ.၅ – ၁.၅) %၊ ကယ်လ်စီယမ်ဓာတ် (၂ – ၄) %၊ မဂ္ဂနီစီယမ်ဓာတ် (၁ – ၁.၅) %၊ ဆာလဖာ (၁.၅ – ၄) %)၊ မြေ၏အရောင်ကို မဲနက်စေ ခြင်းအားဖြင့် အပူချိန်ကို ပိုမိုစုပ်ယူစေနိုင်ပြီး အပင် ကြီးထွားမှုကို အထောက်အကူပြုစေခြင်း၊ မြေသားတည်ဆောက်မှု (မြေလုံးမြေခဲများ) ကောင်းမွန်စေခြင်း၊ (စေးသော မြေကို ဖွယ်စေ၍ သဲဆန် သောမြေကို သမစေခြင်းတို့ကြောင့် အပင်အတွက် ရေနှင့်လေ တို့ကို အလွယ်တကူ ရရှိစေကာ ထွန်ယက်ရာတွင်လည်း လွယ်ကူစေခြင်း။) မြေအစိုဓါတ်ကို ပိုမို ထိန်းသိမ်းထားနိုင်ခြင်း၊ အပူအအေး ပြောင်းလဲမှုဒါဏ်ကို လျော့ပါးစေခြင်း၊

အမြန် ဆွေးမြေ့စေနိုင်တဲ့ နည်းလမ်းကို စနစ်တကျသုံးပြီး ရလာတဲ့ သစ်ရွက်ဆွေးမြေသြဇာ သုံးရင် ရော ဘာကောင်းကျိုးတွေ ရမလဲ 

မြေဆီလွှာ၏ ရုပ်ဂုဏ်သတ္တိ၊ ဓါတ်ဂုဏ်သတ္တိနှင့် ဇီဝဂုဏ်သတ္တိများ တိုးတက်လာပြီး မြေ၏ ဖွဲ့စည်းမှုကောင်းမွန်လာစေခြင်း။ မြေဆီလွှာအတွင်းရှိ အကျိုးပြုအဏုဇီဝများ၏ လှုပ်ရှားမှု၊ ပေါက် ပွားမှုများ တိုးတက်လာစေခြင်း။ သီးနှံအရည်အသွေး ကောင်းမွန်လာစေခြင်း၊ စပါးစိုက်ခင်းများတွင် ကောက်လှန်းရက်စောခြင်း၊ အပင်ကြီးထွားမှုကောင်းမွန်စေခြင်း၊ မြေဆွေးဓါတ်၏ အကျိုးသက် ရောက်မှုကို တိုးမြှင့်စေခြင်း၊ သီးနှံပင်များ၏ အစာချက်လုပ်စွမ်းအားကို အားဖြည့်ပေးခြင်း၊

သဘာဝသစ်ရွက်ဆွေးမြေသြဇာပြုလုပ်နည်း

လိုအပ်သောပစ္စည်းများ

သစ်ရွက်များ (မိမိပတ်ဝန်းကျင်မှာ ရနိုင်တဲ့ သီးပင်စားပင် သစ်ပင်များအားလုံးရဲ့ အစိတ် အပိုင်း အားလုံး (ဥပမာ- ပဲရိုး၊ ပဲမှော်၊ နှမ်းရိုး၊ ကောက်ရိုး စတဲ့ သီးနှံပင်တွေရဲ့ အကြွင်းအကျန်များ၊ ကုက္ကို၊ မန်ကျီး စတဲ့ သစ်ပင်တွေက ရတဲ့ အကိုင်း အခက် အရွက်များ၊ ကိုင်း၊ မြက်၊ ဗေဒါ စတဲ့ ပေါင်းပင်များ၊ သစ်တောစိုက်ခင်းများ ရှင်းလင်းခြင်းမှ ရတဲ့ သစ်ရွက် နဲ့ သစ်ကိုင်းများ)။ လတ်ဆတ် တဲ့အရွက်က ခြောက်သွေ့တဲ့ အရွက်ထက် လျင်မြန်စွာ ဆွေးမြှေ့စေပါတယ်။ နွားချေး (နွားသေးရည် ပါရရှိက ပိုကောင်းပါတယ်)။ ထုံး (မဖောက်ထုံးမှုန့်)

နေရာရွေးချယ်ခြင်း

သစ်ပင်ရိပ်အောက်၊ စင်များအောက်၊ အရိပ်ရှိသောနေရာ၊ နေမပူသောနေရာ၊  အလွယ်တကူ ရေ သယ်ယူ ဖြန်းနိုင်သော နေရာဖြစ်ပါက ပိုမို သင့်လျော်ပါတယ်။  

ပြုလုပ်နည်း

အလျား ၆ ပေ၊ အနံ ၅ ပေ၊ အမြင့် ၄ ပေ ရရှိအောင် ခန့်မှန်းပြီး ပန္နက်ဘောင် ဖော်ထားပါ။ (သို့) ဖော်ပြပါအရွယ်အစားအတိုင်း ကျင်းတူးပြီးလည်း လုပ်လို့ရပါတယ်။ (ဒီအချိုးအတိုင်း အရွယ် အစားကို လိုအပ်သလို ပြုပြင်နိုင်ပါ သည်။) ပထမအလွှာကို သစ်ရွက်များဖြင့် ၁ ပေ ခန့် အမြင့် ပုံပေးပါ။ ပြီးရင် မြေကြီးလက်မဝက်ခန့် ပါးပါးဖြူးပေးပါ။  ပြီးရင်နွားချေးအရည်ပြစ်ပြစ် (နဲ့ နွားသေး တို့) ကို ညီညာစွာ ရွှဲအောင် လောင်းပေးပါ။ ပြီးရင် ထုံး အနည်းငယ်ဖြူးပေးပါ။ ပြီးရင် ညီညာ သိပ်သည်းအောင် ဖိသိပ်ပေးပါ။ ၎င်းပုံစံအတိုင်း  ၅-၆ လွှာကို အမြင့် ၄ ပေ အထိရောက်အောင် အဆင့်ဆင့် စုပုံပေးပါ။ အပေါ်ဆုံးအလွှာမှ ရေဖြန်းရာမှာ လွယ်ကူစေဖို့ အနည်းငယ် ချိုင့်ထားပေးပါ။  လေဝင်လေထွက် ကောင်းအောင် ဝါးလုံးပိုင်းများကို အထက် နဲ့ အောက် ဘေးမှ လျှိုသွင်း ထားပေးပါ။ ဝါးလုံးတွေ မသုံးထားဘူးဆိုရင် မြေဆွေးပုံကို တစ်လ တစ်ကြိမ် အထက်အောက် လှပ် ပေးရမှာ ဖြစ်ပါတယ်။ သစ်ရွက်ဆွေးပုံကို အမြဲ စိုစွတ် နေစေဖို့ သတိပြု ဆောင်ရွက်သင့်ပါတယ်။  အသုံးပြုတဲ့ပစ္စည်းနဲ့ ပတ်ဝန်းကျင် အခြေအနေပေါ် မူတည်ပြီးတော့ ဆွေးမြေ့မှုဟာ ၃-၆ လ အတွင်း ကြာတတ်ပါတယ်။

တြိုင်ဂိုဒါးမား (Trichoderma) မှိုဖြင့် သစ်ရွက်ဆွေးမြေသြဇာပြုလုပ်နည်း

ထြိုင်ဂိုဒါးမားမှို ဆိုတာဘာလဲ 

ထြိုင်ဂိုဒါးမားမှိုဆိုတာ အပင်တွေကို ရောဂါမဖြစ်စေတဲ့ မှိုမျိုးစိတ်ဖြစ်ပြီး အပင်တွေနဲ့ ပူး ပေါင်းနေထိုင် ကြီးထွားနိုင်ကြတဲ့ မှိုတစ်မျိုးဖြစ်ပြီး အခြားအဏုဇီဝသက်ရှိများနှင့် အတူတကွ နေ ထိုင်ပြီး မျိုးပွားနိုင်ကြပါတယ်။ မြေအမျိုးအစားအမျိုးမျိုး၊ သစ်ဆွေး၊ မြေဆွေး၊ အမြစ်တွေနဲ့ မြေပြင် နဲ့ နီးကပ်နေတဲ့ အပင်အစိတ်အပိုင်းတွေမှာ တွေ့ရနိုင်တယ်။ သစ်ပင်အစိတ်အပိုင်းတွေမှာ ကပ်ပါး အဖြစ် ကပ်တွယ်နေပေမယ့် အပင်တွေကို ထိခိုက်မှု မရှိစေနိုင်ပါ။  အစိမ်းရောင်ရှိပြီး  အပင်ကြီးထွား အောင် လှုံ့ဆော်ပေးတဲ့အပြင် မှိုတွေနဲ့ သစ်ပင်တွေကို ရောဂါဖြစ်စေတတ်တဲ့ သက်ရှိတွေကို တိုက်ရိုက် (သို့) သွယ်ဝိုက်တဲ့နည်းနဲ့ ဇီဝနည်းနဲ့ ကာကွယ်ပေးနိုင်တဲ့ သက်ရှိတစ်မျိုး ဖြစ်ပါတယ်။ 

အပင်တွေမှာ မှိုတွေ လာရောက်တွယ်ကပ်ရင် ၎င်းမှိုတွေကို  အဆိပ်အတောက် ဖြစ်စေပြီး သေစေနိုင်သလို အဲ့ဒီမှိုတွေကို ဝိုင်း နေရာလုပြီး ကပ်ပါးလို တွယ်ကပ်ပြီး တိုက်ခိုက်နိုင်ပါတယ်။ ဘယ်ပတ်ဝန်းကျင်အခြေအနေမှာမဆို ရှင်သန်အားကောင်းခြင်း၊ ကြီးထွားမှုမြန်ခြင်း၊ ယှဉ်ပြိုင်မှု အားကောင်းခြင်း စတဲ့အချက်တွေကြောင့် ၎င်းတို့ကို ဇီဝနည်းအားဖြင့် တိုက်ခိုက်တဲ့နေရာမှာ သုံးကြပါတယ်။ အရင်တုန်းက ပေါတော့ လူတွေကဂရုမစိုက် လစ်လျူရှုခဲ့ကြပေမယ့် အခုတော့ မြေဆီလွှာတွေပျက်ယွင်းလာခြင်း၊ ရာသီဥတုများဖောက်ပြန်လာခြင်းတို့ကြောင့် စိုက်ပျိုးရေးလုပ်ငန်း တွေ မကောင်းတော့ခြင်း၊ အထွက်နှုန်းများကြခြင်း စတာတွေကြောင့် ထြိုင်ဂိုဒါးမားမှိုများ ပွားများ လာစေရန် ပြင်ဆင်မှုများပြုလုပ်ရန် လိုအပ်လာပါတယ်။ 

မြေကြီးအတွင်း ထြိုင်ဂိုဒါးမားမှိုများရှိပါက ဘယ်လို အကျိုးကျေးဇူးတွေ ရနိုင်မလဲ

အပင်များ အာဟာရ ပိုမိုရရှိစေခြင်း၊ ရေများကို ပိုမို စုပ်ယူနိုင်မည်ဖြစ်ခြင်း၊ အပင်များ အစာ ချက်လုပ်မှုကို ပိုမိုကောင်းစေသဖြင့် အပင်များ ပိုမိုသန်မာ ကြီးထွားစေခြင်း၊ အပင်များ ကြီးထွားရန် အားပေးသည့်ဟော်မုန်းများကို ထောက်ပံ့ပေးခြင်း၊ ဓာတ်မြေသြဇာသုံးစွဲမှုလျော့ကျစေခြင်း၊ အထွက် နှုန်း တိုးတက်ကောင်းမွန်စေခြင်း၊ ရေငတ်ခြင်းကဲ့သို့သောအပင်များတွင် ဖြစ်တတ်သည့်ဖိအားများ ကို ခံနိုင်ရည်ရှိစေခြင်း၊ အပင်အမြစ်များပွားများပြီး အမြစ်နက်နက် ပိုဆင်းနိုင်ခြင်း၊ ရောဂါများ (အထူးသဖြင့် မှိုကြောင့် ဖြစ်သော ရောဂါများ) ကို ထိန်းချုပ်နိုင်စေခြင်း၊ မြေကြီးအတွင်း ဆွေးမြေ့ရန် ကြာနေသည့် ပစ္စည်းများ ပိုမြန်မြန် ဆွေးမြေ့စေ ပြီး မြေကြီးကို ပြန်လည်ကောင်းမွန်စေနိုင်ခြင်း၊ မြေကြီးကို သန့်စင်ပေးခြင်း၊

လိုအပ်သောပစ္စည်းများ

ပဲရိုး၊ ပဲမှော်၊ နှမ်းရိုး၊ ကောက်ရိုး စသည် သီးနှံပင်များ၏ အကြွင်းအကျန်များ၊ ကိုင်း၊ မြက်၊ ဗေဒါ စသည် ပေါင်းပင်များ၊ အမှိုက်များ။ နွားချေး၊ ကြက်ချေး၊ တြိုင်ဂိုဒါးမားမှို၊ ဝါးလုံး၊ သစ်ကိုင်းများ ဝါးတန်းပြုလုပ်ရန် သစ်ကိုင်းများ။

နေရာရွေးချယ်ခြင်း

သစ်ပင်ရိပ်အောက်၊ စင်များအောက်၊ အရိပ်ရှိသောနေရာ၊ နေမပူသောနေရာ အလွယ်တကူ ရေ သယ်ယူ ဖြန်းနိုင်သော နေရာဖြစ်ပါက ပိုမို သင့်လျော်ပါသည်။ 

ပြုလုပ်နည်း

အလျား ၁၀ ပေ၊ အနံ ၄ ပေ၊ အမြင့် ၄ ပေ ရရှိအောင် ခန့်မှန်းပြီး ပန္နက်ဘောင် ဖော်ထားပါ။ (သို့) ဖော်ပြပါ အရွယ်အစားအတိုင်း ကျင်းတူးပြီးလည်း လုပ်လို့ရပါတယ်။ (ဒီအချိုးအတိုင်း အရွယ် အစား ကို လိုအပ်သလို ပြုပြင်နိုင်ပါ သည်။) ကောက်ရိုး၊ နှမ်းရိုး စတာတွေကို တစ်ထွာခန့်အရွယ် စင်းပြီး ၆ လက်မ အထူခန့် ဖြန့်ပုံပြီး တက် နင်းပေးပါ။ ပြီးရင် နွားချေး၊ ကြက်ချေးရည် ပြစ်ပြစ် ဖျော်ပြီး ဖြန်းပေးပါ။ ပြီးရင် တြိုင်ဂိုဒါးမားမှို ပါးပါး ဖြူးပေးပါ။ ၎င်းပုံစံအတိုင်း ၅-၆ လွှာကို အမြင့် ၄ ပေ အထိရောက်အောင် အဆင့်ဆင့် စုပုံပေးပါ။ ၎င်းအပေါ်မှ ဂုံနီအိတ် (သို့) အမှိုက်သရိုက် များဖြင့် ဖုံးထားပေးပါ။ အပူချိန်များလွန်းသည်ဟု ယူဆပါက အနည်းငယ် လှပ်ပေးခြင်း ပြုလုပ်ပေး ပါ။ မစိုလွန်း မခြောက်လွန်းသော အခြေအနေအတိုင်းထားပါ။ မြေဆွေးပုံ အမြင့် ၃၀ % ခန့်သာ ကျန်ပြီး မြေဆွေး အေးလာသောအခါ အသုံးပြုနိုင်ပြီ ဖြစ်လို့ ရရှိလာတဲ့ မြေဆွေးကို အပင်စိုက်ချိန်မှာ မြေကြီးထဲသို့ ရောမွှေခြင်း၊ စိုက်ကြောင်းဘေးမှာ လိုက်ထည့်ခြင်း စသည်ဖြင့် အသုံးပြုနိုင်ပါတယ်။

EM ဖျော်ရည်ဖြင့် (အီးအမ်ဘိုကာချီ) အကျိုးပြုအဏုဇီဝမြေသြဇာပြုလုပ်နည်း

အီးအမ်ဘိုကာရှီဆိုတာ ဂျပန်ဝေါဟာရဖြစ်ပြီး အဓိပ္ပာယ်ကတော့ အချဉ်ဖောက်ထားသော (သို့) ဆွေးမြေ့အောင် လုပ်ထားသော အော်ဂဲနစ်ပစ္စည်းများ ဖြစ်ပါတယ်။ ဘိုကာရှီမြေဆွေးဆိုတာ အကျိုးပြုအဏုဇီ၀သက်ရှိများကို သီးနှံစွန့်ပစ်ပစ္စည်းများ၊ တိရစ္ဆာန်ချေးများ နဲ့ စနစ်တကျ ရောနှော ပြုလုပ်ရရှိတဲ့ မြေဆွေးဖြစ်ပါတယ်။ 

လိုအပ်သောပစ္စည်းများ

ပဲရိုး၊ ပဲမှော်၊ နှမ်းရိုး၊ ကောက်ရိုး စသည် သီးနှံပင်များ၏ အကြွင်းအကျန်များ၊ ကိုင်း၊ မြက်၊ ဗေဒါ စသည် ပေါင်းပင်များ၊ အမှိုက်များ။ နွားချေး၊ ကြက်ချေး၊ ဖွဲနု၊ EM ဖျော်ရည်၊ ဝါး (သို့) တန်းပြုလုပ်ရန် သစ်ကိုင်းများ။

နေရာရွေးချယ်ခြင်း

သစ်ပင်ရိပ်အောက်၊ စင်များအောက်၊ အရိပ်ရှိသော နေမပူသောနေရာ၊ ရေမဝပ်သော နေရာ 

ပြုလုပ်နည်း

ရှေးဦးစွာ စည်ပိုင်းပြတ် (သို့) အဝကျယ် အိုးတစ်လုံးထဲကို အသင့်သုံးအီးအမ် ၁ ဆ၊ တင်လဲရည် ၁ ဆ နှင့် ရေ ၉၈ ဆ ရောစပ်ပါ။ တင်လဲရည် မရနိုင်ရင် ထန်းလျက်ကို အသုံးပြုလို့ရ ပါတယ်။ (တင်လဲရည်၊ ထန်းလျက် မထည့်ဘဲလုပ်လို ရနိုင်ပေမယ့် မကောင်းပါ။) အလျား ၆ ပေ၊ အနံ ၃ ပေ၊ အမြင့် ၃ ပေ ရရှိအောင် ခန့်မှန်းပြီး ပန္နက်ဘောင် ဖော်ထားပါ။ (သို့) ဖော်ပြပါ အရွယ်အစား အတိုင်း ကျင်းတူးပြီးလည်း လုပ်လို့ရပါတယ်။ (ဒီအချိုးအတိုင်း အရွယ်အစားကို လိုအပ်သလို ပြုပြင်နိုင်ပါ သည်။) ၆-၉ လက်မအရွယ်စင်းထားတဲ့ ကောက်ရိုး၊ ပဲရိုး၊ နှမ်းရိုးတွေကို အီးအမ် ဖျော် ရည်ထဲနှစ်ပြီး ရေစစ်၍ အထူ ၆ လက်မခန့် ဖြန့်ခင်းပြီး ပွမနေအောင် တတ်နိုင်သမျှ ဖိသိပ်အောင် နင်းပေးပါ။ (အီးအမ်စိမ်တာလုပ်ဖို့ခက်ရင် တစ်လွှာပုံပြီးတိုင်း အီးအမ်ဖျော်ရည်ကို ဖော်ပြပါအချိုး အတိုင်း ရေ ရောပြီး ဖျန်းနိုင်ပါတယ်။) ပြီးရင် နွားချေး၊ ကြက်ချေး အရည်ပြစ်ပြစ်လောင်းပေးပါ။ (၁ လက်မ အထူခန့်အထိ လောင်းပေးနိုင်က ပိုကောင်းပါတယ်။) ပြီးရင် ဖွဲနု ပါးပါး ဖြူးပေးပါ။ ၎င်းပုံစံ အတိုင်း ၄-၅ လွှာကို အမြင့် ၃ ပေ အထိရောက်အောင် အဆင့်ဆင့် စုပုံပေးပါ။ ပြီးရင် ရေဖျန်းပုံး အပေါက်သေးသေးနဲ့ မြေကြီးပေါ် ရေရွှဲအိုင်တဲ့အထိ အချိန်ယူ ဖျန်းပေးပါ။ (အဓိက က ကောက်ရိုး စတာတွေ အားလုံးရဲ့ မျက်နှာပြင်အနှံ့ ရေထိဖို့ လိုအပ်ပါတယ်။ ရေဖျန်း ရာမှာ ရေလျှောမကျစေဖို့ အပေါ်ဆုံးအလွှာပေါ်မှာ အနည်းငယ် ချိုင့်ထားပေးရပါမယ်။ ပြီးရင် အစိုဓာတ်ကို ထိန်းသိမ်းထား နိုင်အောင်လို့ ပလတ်စတစ်စ/ပီနန်အိတ်/ဂုံနီအိတ် စတာတွေနဲ့ လုံအောင်ဖုံးပါ။ အဲ့ဒီပစ္စည်းတွေ မရရင် ကောက်ရိုးနဲ့ အထူ ၆ လက်မလောက် တတ်နိုင် သလောက်လုံအောင် ပတ်လည်ဖုံးအုပ်ပေးပါ။ အပူချိန်များလွန်းရင် ၁ ရက်၊ ၂ ရက် ဖွင့်ထားပြီးပြန်အုပ်ပါ။ မစိုလွန်းမခြောက်လွန်းသော အခြေအနေ အတိုင်းထားပါ။ အစိုဓာတ် ရှိနေစေဖို့ အခါအားလျော်စွာ ရေဖျန်းပေးပါ။ မြေဆွေးပုံပြုလုပ်ရာမှာ အပုံဘေးနှုတ်ခမ်းပတ်လည်က အဆွေးနည်းပြီး အလယ်ပိုင်းကသာ ပို ဆွေးလေ့ရှိလို့ အပုံသေးသေး အများကြီး မပုံဘဲ အပုံကြီးကြီးတစ်ပုံသာ ပုံသင့်ပါတယ်။ တစ်ပတ်လောက်ကြာရင် အဖြူရောင်မှိုမျှင် တွေ ထွက်လာတာကို တွေ့ရပြီး ၁၅ ရက် ခန့် ကြာရင် အသုံးပြုနိုင်ပြီဖြစ်ပါတယ်။ မှိုမျှင် များများ ထွက်လေ ကောင်းလေ ဖြစ်ပါတယ်။

အကျိုးကျေးဇူး

အီးအမ်ဘိုကာရှီဟာ ရိုးရိုးမြေဆွေးတွေလို အချိန်ကြာကြာ ဆွေးမြေ့အောင် စောင့်ရန် မလို ပါဘူး။ အဆွေးမြန်ပြီး အကျိုးပြု အဏုဇီဝများပါတယ်။ အခြားမြေဆွေးတွေလို လုံးဝဆွေးအောင် စောင့်စရာမလိုဘဲ ၁၅ ရက်အတွင်း စိုက်ခင်းမှာ အသုံး ပြုနိုင်ပြီး အပင်အတွက် အန္တရာယ်မရှိပါ။ အပင်အတွက် လိုအပ်တဲ့ အာဟာရဓါတ်ပါဝင်မှု ပိုများပြီး အပင်ကို အန္တရာယ်ဖြစ်စေတဲ့ ဓာတ်ငွေ့ နဲ့ အပူဓာတ်ပါဝင်မှုနည်း ပါတယ်။ မြေသား တည်ဆောက်မှုကိုလည်း ကောင်းစေပါတယ်။

ဒိုချက်ကင်နည်း (Dochakin) ကို သုံးပြီး မြေတွင်းရှိ အဏုဇီဝများ ဘယ်လိုထုတ်လုပ်မလဲ

ဒိုချက်ကင် ဆိုတာ ဂျပန် အသုံးအနှုန်းဖြစ်ပြီး မိမိဒေသမှာရှိတဲ့ အဏုဇီဝပိုး(မှို)ကို မွေးမြူ သုံးစွဲ ထားတဲ့ သဘာဝ မြေသြဇာကို ခေါ်တာပါ။ ရွက်ကြွေကျပြီး ၁-၂ နှစ်အကြာ သစ်ရွက်/ဝါးရွက် များ ဆွေးမြေ့ရောနှောနေတဲ့မြေမှာ အဏုဇီဝပိုး တွေရှိလို့ သဘာဝ သစ်တောမြေ၊ ဝါးရုံတောမြေတွေ မှာ သဘာဝ ဒိုချက်ကင်ကို ရနိုင်ပါတယ်။ ဒိုချက်ကင်မှို မွေးမြူပြီး မြေသြဇာပြုလုပ်ရာမှာလည်း မိမိဒေသထွက် လယ်ယာစွန့်ပစ်ပစ္စည်းများနဲ့လည်း စရိတ်စကအကုန်အကျသက်သာစွာ လုပ်ဆောင် နိုင်ပါတယ်။ ဒိုချက်ကင်ပြုလုပ်ရာတွင် ဒိုချက်ကင်မွေးမြူခြင်း နဲ့ ဒိုချက်ကင်အသုံးပြုပြီး သဘာဝ မြေသြဇာ ပြုလုပ်ခြင်းဆိုပြီး အဆင့် ၂ ဆင့် ရှိပါတယ်။

ဒိုချက်ကင်ရအောင် ဘယ်လိုမွေးမလဲ

သဘာဝ သစ်တော/ဝါးတောအောက်ရှိ အပေါ်ယံမြေဆီလွှာကို စုဆောင်းပါ။ ရလာတဲ့ မြေကြီးကို မြေကြီး ၂ ဆ၊ ဖွဲ့နု ၁ ဆ အချိုးဖြင့် ရောစပ်ပါ။ ပြီး သကာရည်/တင်လဲရည်/သကြားကြမ်း ဖျော်ရည်နဲ့ ရေတို့ကို သမအောင် ရောမွှေပါ။ (လက်နဲ့ ဆုပ်လုံးလို့ မရရင် ရေနည်းပါတယ်။) (မိုးတွင်း ကာလ ရေစိုနေရင် ရေဖျန်းရန်မလိုအပ်ပါ။) (မြေ ခြောက်ရင်တော့ ရေများများ ထည့်ဖို့လိုပါတယ်။) အစိုဓာတ် ၆၀ % (လက်နဲ့ဆုပ်ကြည့်လို့ လက်ကြားမှ ရေစိမ့်ကျသောအခြေအနေ) ဟာ အဏုဇီဝ များပေါက်ဖွားဖို့ ကောင်းမွန်ပြီး၊ အစိုဓာတ်များလွန်း/နည်းလွန်းပါက မကောင်းပါ။ မိုးရေနဲ့ ရေငွေ့ပျံ မှုတို့မှ ကာကွယ်ဖို့ ပလပ်စတစ်နဲ့ အုပ်ပြီး ၃ ညအိပ် ထားပါ။ ၄ ရက်မြောက်နေ့မှာ အဖြူရောင်ရှိ အဏုဇီဝများ ပေါက်ဖွားလာပြီး ချဉ်၊ စူး၊ ချို၊ အီသည့် သောအနံ့ကို ရရင် ဒိုချက်ကင်ကောင်း ရရှိနေပြီ ဖြစ်ပါတယ်။  

မွေးမြူရရှိတဲ့ ဒိုချက်ကင်ကို အသုံးပြုပြီး သဘာဝမြေသြဇာလုပ်ဖို့ လိုအပ်သော ပစ္စည်းများ

နွားချေး သို့ ဝက်ချေး၊ ကောက်ရိုး/ပြောင်းဖူးရိုး/စပါးခွံများ စသည်များ

နေရာရွေးချယ်ခြင်း

သစ်ပင်ရိပ်အောက်၊ စင်များအောက်၊ အရိပ်ရှိသောနေရာ၊ နေမပူသောနေရာ (နေပူမိလျင် ဒိုချက်ကင် မပြန့်ပွားနိုင်ပါ)၊ အလွယ်တကူ ရေ သယ်ယူဖြန်းနိုင်သောနေရာဖြစ်ပါက ပိုမို သင့်လျော် ပါသည်။ 

ပြုလုပ်နည်း

စပါးခွံ့များကို ၆ ပေ ပတ်လည်ခန့် နဲ့ ၆ လက်မ အမြင့်ရှိအောင် မြေပေါ် ဖြန့်ခင်းပြီး ရေဖျန်း ပေး ပါ။ ပြီးရင် နွားချေး၊ တိရစ္ဆာန်ချေးများကို ၆ လက်မ ထုခန့် ဖြန်းခင်းပေးပါ။ ပြီးရင် ဒိုချက်ကင်ကို ပါးပါးဖြူးပေးပြီး ရေဖျန်းပေးပါ။ ပြီးရင် ကောက်ရိုးများကို ဖြန့်ခင်းပေးပြီး လူဖြင့် နင်းပေးကာ ရေ ဖျန်းပေးပါ။ ယင်း ၃ လွှာကို ၁ ထပ်ဟုခေါ်လေ့ရှိပါသည်။ ၄-၅ ထပ် အမြင့် ၅-၆ ပေ ရောက်အောင် ပြုလုပ်ပြီး တစ်ထပ်စီတိုင်းတွင် ရေဖျန်းပေးပါ။ အထပ် ၄-၅ ထပ်ရှိ မြေသြဇာ တစ်ပုံပြီးသည်အထိ ရေ ၃ ပီပါခန့်လိုသည်။ (သုံးသော ပစ္စည်း၏ အစို၊ အခြောက်ပေါ် မူတည်၍ ရေအနည်းအများ လိုအပ် ပါသည်) အပေါ်ဆုံးကို စပါးခွံ့နှင့် ဖုံး၍ ရေဖြန်းပေးပါ။ ထို့နောက် ပလပ်စတစ် (သို့) ငှက်ပျောရွက် များဖြင့် ဖုံးအုပ်ပေးပါ။ ၃-၄ ရက်ခန့် ကြာရင် ဖုံးအုပ်ထားတဲ့ မြေသြဇာပုံအတွင်းကို နှိုက်ကြည့်ပါက အလွန်ပူနေသည် တွေ့ရပါမည်။ ဤကဲ့သို့ ပူနေခြင်းသည် တဖြည်းဖြည်း လျော့ကျလာပြီး ၃-၄ ပတ်ကြာရင်မပူတော့ပါ။ အဲ့ဒီအချိန်မှာ အထက်အောက်လှန်ပေးဖို့နဲ့ တခြားတစ်နေရာမှာ ပြောင်းရွှေ့ ပုံပေးရန် လိုအပ်ပါတယ်။ ၆-၈ ပတ်ခန့် ကြာတဲ့အခါ ဒိုချက်ကင် သဘာဝမြေသြဇာကို ရရှိပြီ ဖြစ် ပါတယ်။ အဲ့ဒီအချိန်မှာ အပူချိန် မရှိတော့ပါ။ တိရစ္ဆာန် စွန့်ပစ်ပစ္စည်းများသည်လည်း အနံ့ လုံးဝ မရှိ တော့ပါ။

အကျိုးကျေးဇူး

ဒိုချက်ကင်မြေသြဇာသည် မြေအတွင်း လေဝင်လေထွက် ကောင်းအောင် ပြုလုပ်ပေးနိုင်ပြီး သီးနှံ အထွက်နှုန်းကို တိုးစေပါတယ်။ စိုက်ပျိုးရေးမှာ သာမက မွေးမြူရေးမှာလည်း အသုံးပြုနိုင် ပါတယ်။ ၀က်မွေးမြူရေးအတွက် ဒိုချက်ကင်မြေသြဇာ ၅၀ % နှင့် လွှစာမှုန့် ၅၀ % ရောပြီး ၁ ပေခွဲ မှ ၃ ပေ အနက်တူးထားသည့် မြေကျင်းထဲမှာ ဝက်မွေးမြူမည်ဆိုရင် အနံ့ဆိုး လုံးဝမထွက်၊ ရောဂါ ဒဏ်လည်း ခံနိုင်ပြီး အစာကျွေးနှုန်းလဲ သက်သာစေပါတယ်။ ကြက်မွေးမြူရေးအတွက် ၁ ပေခွဲခန့် အောက်မှခင်းပေးလျင် လုံလောက်ပါသည်။ ဒိုချက်ကင်မှိုက ဒေသတွင်းရှိ အပေါ်ယံမြေဆွေးကိုယူပြီး မွေးမြူခြင်းဖြစ်လို့ မိမိတို့ရဲ့ ဒေသ/ရာသီဥတု နဲ့ ကိုက်ညီပြီး မိမိ ယာမြေ၊ စိုက်ခင်းမြေ အတွင်းမှာ အလွယ်တကူ နေထိုင် ပြန့်ပွားနေနိုင်ပါသည်။ 

တိရစ္ဆာန်စွန့်ပစ်ပစ္စည်း နွားချေးမြေသြဇာဘယ်လိုလုပ်မလဲ

 နွားချေး စနစ်တကျ သိုလှောင်နည်း

အကျယ် ၁၁ ပေ ပတ်လည်ရှိတဲ့ ရေမဝပ်သည့် မြေနေရာတစ်ခုရွေးပါ။ အပူပိုင်းဒေသမှာ ၁၀ ပေ x ၁၀ ပေ x ၂ ပေ ကျင်းတိမ် တူးပြီး သုံးနိုင်ပါတယ်။ ယင်း ပတ်ပတ်လည်မှာ ရေမဝပ်အောင် ၆ လက်မ အနက် ၆ လက်မ အကျယ် မြောင်း ပတ်ပတ်လည်တူးပေးပါ။ နေဒဏ်မိုးဒဏ်မှ ကာကွယ်ရန်အတွက် ယာယီအမိုးငယ်တစ်ခု ပြုလုပ်ပေး ပါ။ မိုး မများလွန်းပါက အရိပ်ကောင်းတဲ့ သစ်ပင်ရိပ်အောက်တွင်ပြုလုပ်နိုင်ပါတယ်။ နွားများအိပ်တဲ့တင်းကုပ်မြေပြင်ပေါ်မှာ သစ်ရွက်ခြောက်၊ အမှိုက်၊ ကောက်ရိုး၊ ရိုးပြတ်၊ မြက်ခြောက်၊ ကောက်မှော် ရရာတို့ကို အခင်းအဖြစ်ခင်းထား ပေးပါ။  တင်းကုပ် ရှင်းလင်းစဉ် နွားတွေစွန့်ပစ်တဲ့ မစင်၊ ကျင်ငယ်ရည်နှင့် ရောနှောနေသော အမှိုက်တွေနဲ့ မြေသားအနည်းငယ်ကို စုဆောင်းရောနှောပါ။ အဲ့ဒီအမှိုက်တွေကို သိုလှောင်တဲ့ မြေနေရာပေါ်မှာ ၆ လက်မ ထုခန့်ရှိ အလွှာအဖြစ် ဖြန့်ပေးပါ။ ပြီးရင် ထုံးမှုန့်၊ စဖိုပြာ၊ စပါးခွံ ပြာများကိုပါးပါးဖြူးပေးပါ။ တီစူပါ၊ ကျောက်မှုန့်၊ လချေးမှုန့် ရရာကို နို့ဆီဗူးတစ်ဗူးခန့် ပါးပါးဖြူးထည့်နိုင်ရင် ပိုကောင်းပါ တယ်။ ဒီနည်းနဲ့ နွားချေးတွေကို နှစ်ပတ်လည် စုဆောင်းသွားနိုင်ပါတယ်။  တကယ်လို့ နွားချေးပုံ ထုထည်ကြီးလာရင် ဘေးပတ်ပတ်လည်ကနေ ယာယီအကာအရံများ ပြုလုပ်ပေးရန် လိုအပ်ပါတယ်။ အစိုဓါတ်နဲ့ အာဟာရတွေ အငွေ့ပျံပျောက်ဆုံးမှု လျော့နည်းစေဖို့ အပေါ်ဆုံးအလွှာပေါ်မှာ အမှိုက်၊ သစ်ရွက်ခြောက်၊ ထန်းရွက်ခြောက်၊ ကျူဖျာ၊ ဝါးထရံ စသည်တို့ဖြင့် အုပ်ထားပေးပါ။

နွားချေးမြေသြဇာ သုံးစွဲနည်း

သိုလှောင်ထားတဲ့ နွားချေးများကို အသုံးမပြုမီ အထက်အောက် သမအောင် ရောမွှေပေးပါ။
မည်သည့် သီးနှံအတွက်မဆို တစ်ဧက နွားလှည်း ၅-၁ဝ စီးခန့် မြေပြုပြင်ချိန်မှာ ထည့်သွင်း သုံးစွဲပြီး စိုက်ပျိုးနိုင်ပါသည်။ နွားချေးထည့်ပြီးရင် ချက်ချင်း မြေနဲ့ ဖုံးအုပ်ပေးထားဖို့ လိုအပ်ပါတယ်။ အခြား သော ဓါတ်မြေသြဇာများတွေနဲ့လည်း ရောနှော ထည့်သွင်းနိုင်ပါတယ်။ ကောင်းစွာ ဆွေးမြေ့ကြေ ပျက်နေတဲ့ နွားချေးများကိုသာ ထည့်သွင်းသုံးစွဲသင့်ပါတယ်။

အကျိုးကျေးဇူး

စနစ်တကျသိုလှောင်ထားသော နွားချေးမြေသြဇာမှာ နိုက်ထရိုဂျင် ၁.၄ %၊ ဖော့စဖောရပ် ၂.၁ %၊ ပိုတက်စီယမ် ၁.၃ %၊ ကယ်လစီယမ် ၂.၆ %၊ မဂ္ဂနီစီယမ် ဝ.၂ %၊ ဆာလဖာ ၁.၆ % နှင့် သြဂဲနစ်ကာဘွန် ၁၉.၇% ပါဝင်ပါ တယ်။ အပင်တွေအတွက် အဓိက အာဟာရဓါတ်တွေအပြင် သြဂဲနစ်ကာဘွန် ပါဝင်တာကြောင့် မြေဆီလွှာရဲ့ ရုပ်ဂုဏ်သတ္တိကို ပိုမိုတိုးတက် ကောင်းမွန်စေပြီး တော့ စေးသောမြေကို ပွလာစေခြင်း၊ သဲဆန်သောမြေကို စေးထန်းလာစေခြင်း၊ အစိုဓါတ် ထိန်းသိမ်းမှုကောင်းခြင်း၊ လေဝင်လေထွက်ကောင်းခြင်း၊ အပူအအေးမျှတစေခြင်း၊ အာဟာရဓါတ် များကို ကာလရှည်ကြာစွာ တစိမ့်စိမ့် ထုတ်ပေးခြင်း စတဲ့ အကျိုးကျေးဇူးများကိုပါ ရနိုင်ပါတယ်။