နိဒါန်း။ နှမ်းကို မိုး၊ မိုးနှောင်းနဲ့ မိုးကြိုရာသီတွေမှာ စိုက်ပျိုးကြပါတယ်။ မကွေးတိုင်း၊ စစ်ကိုင်းတိုင်း နဲ့ မန္တလေးတိုင်းတွေမှာ သီးသန့် (သို့) ပဲစင်းငုံနဲ့ သီးညှပ်အနေနဲ့၊ ပဲခူးတိုင်း နဲ့ ဧရာဝတီတိုင်း တွေမှာ စပါးစိုက်အပြီး သီးထပ်အနေနဲ့ စိုက်ပျိုးကြပါတယ်။ လူတို့အတွက် များစွာအသုံးဝင် ခြင်း၊ ခြောက်သွေ့သောဒေသများတွင် စိုက်ပျိုးနိုင်ခြင်း၊ သီးနှံအမျိုးမျိုးနှင့် လိုက်လျောညီ ထွေစွာ တွဲဖက်စိုက်ပျိုးနိုင်ခြင်း၊ အထူးတလည် တီထွင်ရသော ထွန်ထယ်ကိရိယာများ မလို အပ်ခြင်း၊ စိုက်ပျိုးရလွယ်ကူခြင်း၊ အခြားသီးနှံများထက် ကုန်ကျစရိတ် သက်သာစွာ စိုက်ပျိုး နိုင်ခြင်း၊ အပူဒဏ်၊ မိုးခေါင်မှုဒဏ်၊ ရောဂါနှင့် ပိုးမွှားများကို ခံနိုင်ခြင်း၊ ငှက်၊ ကြွက် ဖျက်ဆီးမှု မရှိခြင်း၊ နှမ်းစိုက်ပြီးနောက် မြေအစိုဓာတ်နှင့် မြေဖွဲ့စည်းမှု ကောင်းသွားသောကြောင့် နောက်စိုက်သောသီးနှံ အထွက်ကောင်းခြင်း၊ ဝနှင့်တွဲဖက် စိုက်ပျိုးနိုင်ပြီး ဝါမြစ်ပုပ် မှိုရောဂါ နှင့် မြစ်ဖုနီမတုတ်ကောင်များ အရေအတွက်ကို သိသာစွာ လျှော့ချပေးခြင်း၊ နှမ်းပင်မှ ကျန်ခဲ့သောအရာများသည် မြေဆီလွှာကို ရေ၊ လေ တိုက်စားခြင်းမှ ကာကွယ်ပေးပြီး စိုက်ခင်းအား ရှင်းလင်းရန် အထူးမလိုအပ်ခြင်း၊ အချိန်တိုအတွင်း ငွေရှာပေးသော သီးနှံဖြစ် ခြင်း၊ မြေဩဇာ အနည်းငယ်သာလိုအပ်သောကြောင့် ငွေကြေးချွေတာပြီး ဖြစ်သည့်အပြင် ပတ်ဝန်းကျင်ကိုလည်း ထိမ်းသိမ်းရာရောက်ခြင်း စသည့် ကောင်းကျိုးများစွာ ရှိပါတယ်။
ရာသီဥတု။ အပူချိန် ၂၀ ဒီဂရီစင်တီဂရိတ်မှာ ကောင်းစွာ အပင်ပေါက်နိုင်ပြီး ၂၀ ဒီဂရီ စင်တီဂရိတ် အောက်ဆိုပါက မျိုးစေ့များ အပင်မပေါက်နိုင်ပါ။ ၂၅ ဒီဂရီစင်တီဂရိတ် အထက်မှာ အပင် ကြီးထွားနိုင်ပြီး ၂၄-၂၇ ဒီဂရီစင်တီဂရိတ်မှာ အပွင့်ပွင့်ရန် အသင့်တော်ဆုံးဖြစ်ပါ တယ်။ ၄၀ ဒီဂရီစင်တီဂရိတ်အထက်ဆိုပါက သန္ဓေအောင်မှုထိခိုက်ပြီး အသီးတင်မှုနည်းစေ ပါတယ်။
မြေအမျိုးအစား။ ရေစီးရေလာကောင်းပြီး မြေဆီသြဇာထက်သန်တဲ့၊ အစိုဓါတ် ထိန်းသိမ်းထားနိုင်ပြီး ရေမဝပ်နိုင်တဲ့ မြေအမျိုးအစားကို ကြိုက်နှစ်သက်ပါတယ်။ မိုးရေနဲ့ အစိုဓါတ် သင့်တင့်ပါက မြေအမျိုးအစား မျိုးစုံမှာ စိုက်ပျိုးနိုင်ပါတယ်။ နုန်းမြေ၊ သဲနုန်းမြေ၊ နုန်းစနယ်မြေနဲ့ မြေနီ သဲဝန်းမြေများမှာ စိုက်ပျိုးနိုင်ပါတယ်။ မြေချဉ်ငံဓာတ် ၅.၈-၇ အတွင်းရှိတဲ့မြေမှာ အကောင်းဆုံးဖြစ်ပါတယ်။
စိုက်ပျိုးနည်းစနစ်။ မြေပြုပြင်ရာမှာ မြေဆောင်ရောဂါပိုး ကာကွယ်နှိမ်နင်းနိုင်ဖို့အတွက် မြေပေါ်ရှိ ပေါင်းမြက်အားလုံးကို မြေကြီးအောက် ၆ လက်မခန့် အနက်ရောက်အောင် ထယ်နက်နက် ထိုးရပါမယ်။ ထယ်ရေးတိမ်ရင် မြေဆောင်မှိုရောဂါများကြောင့် အပင်ငယ်စဉ်မှာ အပင် ရောဂါကျရောက်မှုများပြီး အပင်ဦးရေ လျော့နည်းနိုင်ပါတယ်။ မိုးကြိုရေသွင်း နှမ်းစိုက်ဒေသ တွေအတွက် မြေပြုပြင်တဲ့အခါ မြေမျက်နှာပြင် ညီညာစေဖို့ အထူးပြုပြင်ဆောင်ရွက်သင့်ပြီး ရေသွင်းရေထုတ်မြောင်းတွေနဲ့ ပတ်မြောင်းတွေ ရှိဖို့ လိုအပ်ပါတယ်။
နှမ်းကို ကြဲပက်စိုက်မည်ဆိုရင် တစ်ဧကကို ၂-၃ ပြည်နှုန်း၊ အတန်းလိုက် စိုက်မည် ဆိုရင် ၁.၅-၂ ပြည်နှုန်း စိုက်ပျိုးသင့်ပါတယ်။ တစ်ဧကကို အပင်ဦးရေ တစ်သိန်းခန့်ရဖို့ အတန်းလိုက် စိုက်မယ်ဆိုရင် တစ်ပင်တိုင်မျိုးများအတွက် တန်းကြား ၁၂ လက်မနဲ့ ပင်ကြား ၄ လက်မက သင့်တော်ပြီး ကိုင်းဖြာမျိုးများအတွက် တန်းကြား ၁၅ လက်မနဲ့ ပင်ကြား ၄ လက်မ ထားသင့်ပါတယ်။ မျိုးစေ့ကို မြေအောက် ၁.၅-၂ လက်မထက် မနက်စေဘဲ အစိုဓါတ် မိအောင် စိုက်သင့်ပါတယ်။ ကြဲပက်စိုက်မည်ဆိုပါက ထွန်ဖြင့် ကန့်လန့်ဖြတ် မှုန်းပေးခြင်းကို အပင်ပေါက်စုံပြီး ၇-၁၀ ရက်အတွင်း ဆောင်ရွက်ရန် လိုအပ်ပါတယ်။
နှမ်းစိုက်ပျိုးဖို့ အသင့်တော်ဆုံးအချိန်က မိုးဦးမှာ မေ-ဇွန်လ၊ မိုးလယ်မှာ သြဂုတ်လ၊ မိုးနှောင်းမှာ အောက်တိုဘာ-နိုဝင်ဘာလတို့ဖြစ်ကြပြီး မိုးကြိုဆိုပါက ဖေဖော်ဝါရီ-မတ်တို့ ဖြစ်ကြပါတယ်။ နှမ်းက မြေပဲ၊ ပဲပုပ်၊ ပြောင်း၊ နှံစားပြောင်းနဲ့ ဝါသီးနှံတွေလောက် ရေမလို ပါ။ ရေငတ်ဒဏ်ခံနိုင်တဲ့ သီးနှံတစ်မျိုးဖြစ်ပြီး အစိုဓာတ်ပိုရှိရင် အထွက်ပိုကောင်းတာ ကြောင့် မစိုက်မီ စိုက်ခင်းကို ရေများများ သွင်းပေးခြင်း၊ စိုက်ပြီးချိန် ရေကို နည်းနည်းနဲ့ မကြာမကြာ သွင်းပေးခြင်းက ပိုကောင်းပါတယ်။ ရေများတာကို နှမ်းကမခံနိုင်ပါ။ ရေဝပ်ရင် အပင် မရှင်သန်နိုင်ပါ။ အပွင့် စပွင့်ချိန်နဲ့ အပွင့်ရပ်စအချိန်တွေမှာ ရေလိုအပ်မှု မရှိစေဖို့ လိုအပ်ပါက ရေတစ်ကြိမ်စီ သွင်းပေးရပါမယ်။ နှမ်းအထွက်ကောင်းစေဖို့ အပင်သက်တမ်း တစ်လျှောက် အစိုဓါတ် အလိုအပ်ဆုံးအချိန်က စိုက်ပြီး ၁၅-၂၀ ရက်အတွင်း၊ အပင်ငယ်စဉ် ကာလ၊ အဖူးဝင်ချိန်နဲ့ ပန်းပွင့်ပြီး ၃၅-၄၀ ရက် နှမ်းသီးပေါ်ချိန်တို့ ဖြစ်ကြပါတယ်။
ကြားပေါင်းလိုက်ခြင်းကို အပင်ငယ်စဉ်တွင် ပြုလုပ်ပေးပါ။ အပင်ပေါက်ချိန်မှ ရက် ၃၀ အတွင်း ပေါင်းမြက် ကင်းစင်အောင်လုပ်ပါ။ အစိုဓါတ်ရှိရင် ပေါင်းသတ်ဆေးကို စိုက်ပြီး ပြီးခြင်း ဖျန်းပေးနိုင်ပါတယ်။ နှမ်းပင်ပေါက်ပြီးရင် မဖျန်းသင့်ပါ။ အပင်ငယ်စဉ် စုပ်စားပိုး ကျရင် ပင်လုံးပြန့် ပိုးသတ်ဆေးတစ်မျိုးမျိုးကို ပက်ဖျန်းနို်ငပါတယ်။ အပွင့် အသီး ဖြစ်ချိန်မှာ သီးလုံးဖောက်ပိုးနဲ့ နှမ်းထောင်ချိန်မှာ ကြမ်းပိုးမဲ ကျခဲ့ရင် ထိသေ ပိုးသတ်ဆေးတစ်မျိုးမျိုးကို ပက်ဖျန်းနိုင်ပါတယ်။ နှမ်းဖိုရောဂါ သယ်ဆောင်တဲ့ ဖြုတ်ညိုကိုတွေ့ရင် ပိုးသတ်ဆေး တစ်မျိုးမျိုးကို သုံးသင့်ပါတယ်။
ရိတ်သိမ်းခြင်း။ ခြောက်သွေ့ပြီး ရင့်မှည့်တဲ့ နှမ်းတွေဟာ ကွဲထွက်တတ်လို့ ကမ္ဘာပေါ်မှာ ၉၉% ခန့်က လူအားဖြင့် ရိတ်သိမ်းလျက် ရှိနေပါသေးတယ်။ နှမ်းရိတ်သိမ်းတဲ့အခါ သက်တမ်းအပေါ် မူတည်ပြီး နှမ်းပင် အလယ်သီးများကို ခွဲကြည့်ရပါမယ်။ အရောင်ရှိတဲ့ နှမ်းမျိုးဆိုရင် ခွဲကြည့် လိုက်တဲ့ နှမ်းစေ့အရောင် အနည်းငယ်ပြောင်းသွားရင် ရိတ်သိမ်းဖို့ အကောင်းဆုံး အချိန်ဖြစ် ပါတယ်။ ၎င်းအချိန်မှာ အထက်ပိုင်းက အဖျားသီးတွေ အရောင် မပြောင်းသေးပေမယ့် နှမ်း ပုံထားတဲ့အချိန်မှာ အများစုက ရင့်မှည့်ပြီး အရောင်ပြောင်းသွားကြပါတယ်။ အဖြူရောင် မျိုးဖြစ်ရင် ခွဲကြည့်တဲ့နှမ်းစေ့တွေကို တစ်ညထားကြည့်ပြီး အရောင်ညိုမဲသွားခြင်း မရှိရင် ရိတ်သိမ်းသင့်တဲ့ အချိန်ဖြစ်ပါတယ်။ နှမ်းပင် (သို့) နှမ်းခင်းတစ်ခင်းလုံး ရွှေဝါရောင် သန်းတဲ့အချိန်မှာ ရိတ်သိမ်းရင် အကောင်းဆုံး ဖြစ်ပါတယ်။
သိုလှောင်ခြင်း။ အမိုးအကာအောက်မှာ အသီးပါတဲ့ နှမ်းပင်အဖျားပိုင်းကို အလယ်တွင်ထားပြီး အဖျားနှစ်ခု ထိပ်ဆိုင်ကပ်ကာ ညီညာစွာ ပုံသင့်ပါတယ်။ နှမ်းပုံပြီး နှမ်းပင်များ ၃-၄ ရက် အကြာမှာ ထွာဆိုင်ခန့်စည်းပြီး အရိပ်အောက်မှာသာ ထောင်ထားသင့်ပါတယ်။ နေပူချိန်မှ သာ အပြင်ထုတ် လှမ်းထောင်ပြီး ခါသင့်ပါတယ်။ သို့မှသာ နှမ်းသီးများအားလုံး ကွဲပြီး နှမ်းစေ့အားလုံး ထွက်ရှိမှာဖြစ်ပါတယ်။ တစ်ကြိမ်ခါပြီး နှမ်းစည်းများကို အရိပ်အောက်မှာပဲ ပြန်ထောင်ထားသင့်ပြီး နေပူချိန်မှသာ ပြန်ထုတ်လှမ်းပြီး ခါသင့်ပါတယ်။ ခြွေလှေ့ သန့်စင်ပြီး နှမ်းများကို မျိုးအဖြစ် အသုံးပြုဖို့ရည်ရွယ်ရင် အစိုဓါတ် ၉% အထိရအောင် လုပ်ပြီး လေလုံ ပိတ် သိုလှောင် သိမ်းဆည်းသင့်ပါတယ်။