ဘာကြောင့် မြေနမူနာ ကောက်ရတာလဲ
အပင်တွေအတွက် လိုအပ်တဲ့ အာဟာရဓာတ် အခြေအနေကို သိဖို့နဲ့ စိုက်ပျိုးတဲ့ သီးနှံနဲ့ သင့်လျော်တဲ့ မြေပြုပြင်ခြင်း၊ မြေဩဇာကျွေးခြင်းတွေကို ဆောင်ရွက်နိုင်ဖို့ပဲ ဖြစ်ပါတယ်။
မြေနမူနာကောက်ရာမှာ နွားချေး/သစ်ဆွေး/မြေဆွေးပုံအနီး၊ ရေတွင်း/မြောင်း/ရေထုတ် မြောင်းအနီး၊ မြေပြင်ချိန်မှာနောက်ဆုံး သယ်ယူ စုပုံတဲ့နေရာ၊ လှည်းလမ်းကြောင်း ချောက်ကမ်းပါး အနီး၊ မြေဩဇာကျွေးထားတဲ့ စိုက်ခင်းမြေ စတဲ့ နေရာတွေကို ရှောင်သင့်ပါတယ်။
မြေနမူနာကို ဘယ်လိုကောက်ရမှာလဲ
ပထမဦးဆုံး မြေနမူနာကောက်မယ့်ကွင်းကို လေ့လာပါ။ ပြီးရင် ကွင်းကို ထောင့်ဖြတ် (သို့) ဇစ်ဇက်ပုံလျှောက်ပြီး တစ်ဧကကို နေရာ (၂၀) က နို့ဆီဘူးတစ်ဝက် ခန့်စီ မြေနမူနာ ကောက်ယူပါ။ မြေကြီးအပေါ်ယံမှာရှိနေတဲ့ မြက်တွေကိုဖယ်ပြီး ပေါက်ပြားနဲ့ V ပုံသဏ္ဍာန် ပေါက်ပြီး ၆ လက်မ အတွင်းရှိ မြေသားကိုယူပါ။ ရလာတဲ့မြေအားလုံးကို သမအောင် ရောမွှေ၊ အမှိုက်၊ ခဲ တွေရှင်းအောင် လုပ်၊ ပြီးရင် နို့ဆီတစ်ဘူး လောက် မြေနမူနာကို ပလပ်စတစ်အိပ်ထဲ ထည့်ပါ။ မြေနမူနာအိတ်ပေါ်မှာ တောင်သူအမည်၊ ကောက်ယူတဲ့နေရာ/ဒေသ/ရက်စွဲ၊ ယခင်နှစ်က စိုက်ပျိုးခဲ့တဲ့ သီးနှံ၊ အထွက်နှုန်း စတာတွေကို ဖော်ပြပါ။
စိုက်ပျိုးရေးသုတေသနဌာနဦးစီးဌာန၊ မြေဆီလွှာသုတေသန ဓာတ်ခွဲခန်းမှာ တိုင်းတာပေးနိုင်တဲ့ ဓာတ်ခွဲခြင်းများ
၁။ | မြေချဉ်/ငန်ဓာတ် | ၁၂။ | မဂ္ဂနီစီယမ်ဓာတ် |
၂။ | ရေပျော်ဆားပါဝင်မှု | ၁၃။ | ဆိုဒီယမ်ဓာတ် |
၃။ | အပင်စားသုံးနိုင် သော နိုက်ထရိုဂျင် | ၁၄။ | ကော့ပါးဓာတ် |
၄။ | အပင်စားသုံးနိုင်သော ဖော့စ်ဖောရပ်ဓာတ် | ၁၅။ | မင်းဂနီးစ်ဓာတ် |
၅။ | အပင်စားသုံးနိုင်သော ပိုတက်စီယမ် | ၁၆။ | ဘိုရွန် ဓာတ် |
၆။ | ကန့်ဓာတ် | ၁၇။ | ဆီလီကွန်ဓာတ် |
၇။ | သစ်ဆွေးဓာတ် | ၁၈။ | ကာဘွန်နိတ် |
၈။ | မြေသားဖွဲ့စည်းမှု | ၁၉။ | ဘိုင်ကာဘွန်နိတ် |
၉။ | သွပ်ဓာတ် | ၂၀။ | ကလိုရိုဒ် |
၁၀။ | သံဓာတ် | ၂၁။ | ဓာတ်ဖို ဖလှယ်နိုင်စွမ်းအား |
၁၁။ | ထုံးဓာတ် |
ဓာတ်ခွဲခန်းကို ပို့ဆောင်စမ်းသပ်ရင် ပိုပြီး တိတိကျကျ မှန်မှန်ကန်ကန် သိနိုင်ပေမယ့် စောင့်ရမယ့်အချိန်၊ ကုန်ကျစရိတ် စတာတွေကြောင့် မြေဆီလွှာ အခြေအနေကို အကြမ်းဖျဉ်း သိချင် ရင် မြေဆီလွှာဓာတ်ခွဲသေတ္တာ (Soil Test Kit) ကို အသုံးပြုနိုင်ပါတယ်။ စိုက်ပျိုးရေး သုတေသန ဦးစီးဌာနက ထုတ်လုပ်တဲ့ သေတ္တာက မြေအချဉ်ငံ၊ နိုက်ထရိုဂျင်ဓာတ် နဲ့ ဖော့စဖောရပ် ဓာတ်တွေ ကိုသာ တိုင်းနိုင်ပေမယ့် နိုင်ငံခြားက မှာယူတင်သွင်းတဲ့ သေတ္တာတွေကတော့ ဂုဏ်သတ္တိ တော်တော် များကို တိုင်းနိုင်ပါတယ်။ (ဈေးကလဲ ကွာပါတယ်)
မြေသားအနုအကြမ်း ဆိုတာ ဘာလဲ
မြေသားအနုအကြမ်း (soil texture) ဆိုတာ သဲ၊ နုံး နဲ့ မြေစေး ပါဝင်မှုတိုင်းတာခြင်းဖြစ် ပါတယ်။ (သဲက size အကြီးဆုံး လက်နဲ့စမ်းသပ်ရင် ကြမ်းတမ်းတယ်၊ နုံးက အလယ်အလတ်၊ မြေစေးက အသေးဆုံး လက်နဲ့စမ်းသပ်ရင် နူးညံ့တယ်။) မြေအနုအကြမ်းကို ကိုယ်တိုင် အကြမ်းဖျဉ်း စမ်းသပ်သိနိုင်ရင် စိုက်ပျိုးမည့်မြေရဲ့ ရေ ထိန်းသိမ်းနိုင်မှု၊ ရေစီးရေလာကောင်းမွန်မှု၊ အပင်များ အာဟာရဓါတ်ရယူနိုင်မှု၊ မြေဆီလွှာ ထိန်းသိမ်းမှု စတာတွေကို သိနိုင်ပြီး မိမိလုပ်မယ့် စိုက်ခင်း အတွက် အထောက်အကူ အများကြီး ရနိုင်ပါတယ်။
မြေအနုအကြမ်းကိုသိအောင် ကွင်းထဲမှာ လက်တွေ့ ဘယ်လို စမ်းသပ်မလဲ
တစ်ကွက်လုံး မြေအမျိုးအစားအခြေအနေ အားလုံးတူညီနေရင် ကိုယ်စားပြု တစ်နေရာ တည်းက မြေနမူနာ ယူနိုင်ပါတယ်။ ဒါပေမယ့် မြေအရောင်၊ အနိမ့်အမြင့်၊ အမျိုးအစား၊ အခြေအနေ တွေ မတူညီရင် နေရာအမျိုးမျိုးက ရယူသင့်ပါတယ်။ မိမိမြေနေရာကို ကိုယ်စားပြုနိုင်ဖို့အတွက် နေရာများများ ယူနိုင်လေ ကောင်း လေဖြစ်ပါတယ်။ မြေနမူနာယူရာမှာ ထွန်ထယ်နဲ့ မြေ မပြုပြင်မီ ယူရပါမယ်။ ယူမည့်နေရာရဲ့ အပေါ်ယံ မြက်၊ အမှိုက်တွေကို ရှင်း၊ ပေါက်ပြား(သို့)ဂေါ်ပြားနဲ့ ၆ လက္မ အနက် ရောက်အောင် ဒေါင်လိုက် ၁ လက္မ အထူ မြေချပ်ရအောင် V ပုံသဏ္ဍာန် ကော်ယူပါ။ ရလာတဲ့ မြေနမူနာ အားလုံးကို သမအောင် မွှေနှောက် ရောနှောပါ။ သင့်တော်တဲ့ အစိုဓာတ်ရအောင် လုပ်ပြီး လက်တစ်ဆုပ်စာ မြေလုံးဖြစ်အောင်လုပ်ပါ။
၎င်းမြေလုံးကို လက်ချောင်းတွေနဲ့ နား နား ကပ်ပြီး ချေ၊ အသံကို နားထောင်၊ ထွက်လာတဲ့ အသံကိုလိုက်ပြီးတော့ မြေအနုအကြမ်းကို ခွဲခြား နိုင်ပါတယ်။
ထို့အပြင် အစိုဓာတ်ပေးထားသော မြေလုံးကို အောက်ကို ချကြည့်ခြင်း (ပစ်မချရ)၊ မြေကို ရှည်ထွက်လာအောင် လှိမ့်ပေးခြင်း၊ စက်ဝိုင်းပုံ ဝိုင်းကြည့်ခြင်း၊ ပုံသွင်းကြည့်ခြင်း စသည်တို့ဖြင့် လည်း မြေအနုအကြမ်းကို ခွဲခြားနိုင်ပါသည်။
အစိုဓာတ်ပေးထားသော လက်တစ်ဆုပ်စာ မြေလုံးကို အောက်ကို ချကြည့်ပါ (ပစ်မချရ)။ မြေ လုံးဖွာကြဲသွားရင် သဲမြေ ဖြစ်ပါတယ်။ မြေလုံး အက်ကွဲခြင်းမရှိရင် မြေကို ရှည်ထွက်လာအောင် လှိမ့်ပေးပါ။ မြေက နဂိုအတိုင်းမရှိရင် သဲနုန်းမြေ ဖြစ်ပါတယ်။ မြေကိုရှည်ထွက်လာအောင် ၆ လက်မ ခန့်ဆက်လှိမ့်ပေးပါ။ အက်ကြောင်းကြီးများဖြစ်ပေါ်လာရင် သဲဆန်သောနုံးမြေ ဖြစ်ပါတယ်။ အက်ကြောင်း အသေးလေးများ ဖြစ်ပေါ်ပါက နုံးမြေနု ဖြစ်ပါတယ်။ လှိမ့်ထားတဲ့မြေကို စက်ဝိုင်း တစ်ဝက်ခန့် ဝိုင်းကြည့်လို့ မြေလုံး ဝိုင်းလို့ မရရင် နုန်းမြေ ဖြစ်ပါတယ်။ စက်ဝိုင်းပုံ ဆက်ဝိုင်းလို့ရရင် နုန်းမြေစေး ဖြစ်ပါတယ်။ စက်ဝိုင်းပုံ လုပ်လို့ရတဲ့အပြင် ပျော့ပြောင်းပြီး ပုံကောင်းကောင်း သွင်းလို့ ရရင် မြေစေး (သို့) ရွှံ့စေး ဖြစ်ပါတယ်။
ထိတွေ့မှုအသံ | စေးကပ်မှုအခြေအနေ | ပျော့ပြောင်းမှုအခြေအနေ | မြေအမျိုးအစား |
ကြမ်းတမ်းရှတသောအသံ | လက်ချောင်းများအား မြေကပ်မှုမရှိ | နည်း | သဲမြေSand |
ကြမ်းတမ်းရှတသောအသံ | လက်ချောင်းများအား မြေကပ်မှုမရှိ | မြေလုံး လုံး၍မရ | သဲနုံးမြေLoamy Sand |
အနည်းငယ်ကြမ်းတမ်းပြီး တံဇင်းတိုက်သံကဲ့သို့ ကြားရ | အက်ကြောင်းကြီးများဖြင့် မြေလုံးရှည် | မြေလုံး လုံး၍မရ | သဲဆန်သောနုံးမြေSandy Loam |
ပိုးစကဲ့သို့ နူးညံ့မှု | အက်ကြောင်းငယ်များဖြင့် မြေလုံးရှည် | မြေလုံးလွယ်ကူစွာပျက်စီး နိုင်၊ စက်ဝိုင်းပြုလုပ်၍မရ | နုံးမြေနုSilt Loam |
နူးညံ့ပြီးစေးကပ်မှု | မြေလုံးအရှည် တောက်ပလျက်ရှိသည် | အတန်အသင့်ပုံသွင်းရ၊ စက်ဝိုင်းပြုလုပ်နိုင် | နုံးမြေစေးClay Loam |
နူးညံ့ပြီးစေးကပ်မှု | မြေလုံးအရှည် တောက်ပလျက်ရှိသည် | ကောင်းစွာပုံသွင်းနိုင်၊ ပျော့ပြောင်းမှုရှိသည်။ | မြေစေးClay |
မြေအနုအကြမ်းအလိုက် အားနည်းချက် အားသာချက်ဘာတွေရှိလဲ
သဲမြေ-သဲနုမြေ | သဲဆန်သော နုံးမြေ | နုံးမြေနု | နုံးမြေစေး – မြေစေး | |
အားနည်း ချက် | အမြင့်ဆုံး ရေထိန်း နိုင်မှု (၉-၁၄)% သာ ရှိလို့ ရေထိန်းနိုင်မှု မကောင်း။အပင်ကအစာရေစာ ရရှိနိုင်မှု ညံ့ဖျင်း။ | အမြင့်ဆုံးရေထိန်း နိုင်မှု (၂၃-၃၀)% သာရှိလို့ရေထိန်း နိုင်မှု နဲ။အာဟာရရှိနိုင်မှု သိပ်မကောင်း။ | အမြင့်ဆုံး ရေထိန်း နိုင်မှု ၃၀% ရှိလို့ ရေထိန်းနိုင်မှု နဲ။ | ထွန်ထယ်နဲ့ မြေပြုပြင်ရ ခက်ခဲ။ရေစီးရေလာ မကောင်း။ |
အားသာ ချက် | ထွန်ထယ်နဲ့ မြေပြင် ရ လွယ်ကူ။ရေစီးရေလာ ကောင်း။ | ထွန်ထယ်နဲ့ မြေပြင်ရ လွယ်ကူ။ရေစီးရေလာ ကောင်း။ | ထွန်ထယ်နဲ့မြေပြင်၍ ကောင်း။အာဟာရရရှိနိုင်မှု ကောင်း။ရေစီးရေလာ သင့်တင့်။ | အမြင့်ဆုံးရေထိန်း နိုင်မှု (၃၄-၃၈)% ရှိလို့ ရေထိန်းနိုင်မှု သင့်တင့်။အာဟာရ ရရှိနိုင်မှု သင့်တင့်။ |
မှတ်ချက် | မြေတိုက်စားခြင်း ဒဏ်မှ ကာကွယ်ရန် လိုအပ်။ | မြေတိုက်စားခြင်း ဒဏ်မှ ကာကွယ် ရန် လိုအပ်။ | ရေလွှမ်းမိုး မည့်ရန် မှ ကာကွယ်ရန် လိုအပ်။ | ရေနှုတ်စနစ် ကောင်းမွန်အောင် ပြုပြင်ရန် လိုအပ်။ |
ထွန်ရေးဝင်ရန် အသင့်တော်ဆုံးအချိန် သိအောင် ကွင်းထဲမှာ လက်တွေ့ ဘယ်လို စမ်းသပ်မလဲ
ရေသွင်းပြီးဖြစ်စေ၊ မိုးရွာပြီးဖြစ်စေ၊ အကောင်းဆုံးထွန်ရေးထယ်ရေး ရရှိစေဖို့ ဘယ်အချိန်မှာ ထွန်ထယ် စဝင်ရမှာကိုသိဖို့ စိုက်ခင်းရဲ့အစိုဓါတ်ကို လက်တွေ့စမ်းသပ်သိရှိနိုင်ဖို့အရေးကြီးပါတယ်။
စိုက်ခင်းထဲကမြေကို လက်တစ်ဆုပ်စာခန့်ယူ၊ လက်ထဲမှာ ထမင်းဆုပ်လို ဆုပ်ကြည့်ပါ။ ထမင်းဆုပ်လို လုပ်မရရင် အစိုဓါတ်နည်းသေးလို့ ထွန်ထယ်ဝင်၍ မရနိုင်သေးပါ။ မြေကို လက်နဲ့ ဆုပ် ရာမှာ လက်ချောင်းများကြားမှ ရေများစီးကျလာရင် အစိုဓါတ်များ လွန်းသေးလို့ ထွန် ထယ်ဝင်၍ မရ နိုင်သေးပါ။ ထမင်းဆုပ်လိုဆုပ်ရပြီး လက်ချောင်းကြားမှ ရေများယိုစီး မကျတော့ရင် ၎င်းမြေဆုပ်ကို မတ်တပ်ရပ် အနေအထားကနေ မြေကြီးပေါ်ကို ပစ်ချကြည့်ပါ။ မြေကြီးပေါ်ကျပြီး မြေဆုပ်က အနေအထားမပျက် ကွဲကြေခြင်း မရှိရင် အစိုဓါတ်များသေးလို့ ထွန်ထယ်ဝင်၍ မကောင်းသေးပါ။ မြေ ဆုပ်က မြေပေါ်သို့ကျတာနဲ့ ဖွာကနဲ အားလုံး ကြေမွကွဲကျေသွားရင် ထွန်ထယ်ဝင်ဖို့ အကောင်းဆုံး အစိုဓါတ်အခြေအနေကိုရောက်ရှိပြီဖြစ်လို့ ၎င်းအချိန်မှာ စတင်မြေပြုပြင်ရင် မှုန့်ညက် ပွရွသည့် အကောင်းဆုံး ထွန်ရေးကို ရရှိနိုင်မှာဖြစ်ပါတယ်။