နိဒါန်း။ ပဲပုပ်သီးနှံဟာ အသားဓာတ်ကြွယ်ဝပြီး ၎င်းမှရတဲ့ဆီကို ချက်ပြုတ်ဖို့ သုံးနိုင်လို့ ဟင်းသီး ဟင်းရွက်ဆီ ထုတ်လုပ်ရာမှာ အရေးပါတာကြောင့် ကုလသမဂ္ဂ အစားအစာနှင့်စိုက်ပျိုးရေး အဖွဲ့က မြေပဲအစား ဆီထွက်သီးနှံအဖြစ် သတ်မှတ်ထားပါတယ်။ လယ်မြေပေါ်မှာ စပါး ရိတ်သိမ်းပြီးရင် လက်ကျန် အစိုဓာတ်နဲ့ အလွယ်တကူ စိုက်ပျိုးနိုင်ပြီး စပါး-ပဲပုပ် အလှည့်ကျ စိုက်ခြင်းက ပိုးမွှားရောဂါကျရောက်ခြင်းကို သီးနှံ နှစ်မျိုးလုံးမှာ လျော့နည်းစေနိုင်ပါတယ်။ ပဲပုပ်ပင်ရဲ့အမြစ်တွေဟာ လေထဲကနိုက်ထရိုဂျင်ကို ဖမ်းယူနိုင်ပြီး အချို့က မြေဆီလွှာမှာ ကျန်ရစ်ပြီး အပင်များမှ စုပ်ယူ စားသုံးနိုင်တဲ့ နိုက်ထရိုဂျင်ဓာတ်ကို ရရှိနိုင်တယ်။
ရာသီဥတု။ ပဲပုပ်ဟာနွေးပြီး စွတ်စိုတဲ့ ရာသီဥတုကို နှစ်သက်ပါတယ်။ အပူချိန် ၂၆-၃၂ ဒီဂရီစင်တီ ဂရိတ်မှာအပင်ဖြစ်ထွန်းဖို့ အကောင်းဆုံးဖြစ်ပြီးတော့ မြေကြီးအပူချိန် ၁၆ ဒီဂရီစင်တီဂရိတ် ဟာ အညှောင့်ပေါက်ဖို့ အကောင်းဆုံးပါ။ မိုးရေချိန်အနေနဲ့ ၂၄-၆၀ လက်မအတွင်း ရရင် ကောင်းကောင်း ဖြစ်ထွန်းနိုင်ပါတယ်။
မြေအမျိုးအစား။ မြေအမျိုးမျိုးမှာ စိုက်ပျိုးနိုင်ပြီးတော့ မြေဆွေးပါဝင်မှုများပြီး ဖွယ်သောမြေများမှာ ပိုဖြစ်ထွန်းပါတယ်။ မြေချဉ်ငံဓာတ် ၅.၅-၇.၅ ကြားမှာဖြစ်ထွန်းပြီး ၆-၇ကြားရှိရင် အကောင်း ဆုံးဖြစ်ပါတယ်။ ရေဝပ်တဲ့မြေက အပင်ကိုဒုက္ခပေးတတ်လို့ ရေဆင်းကောင်းအောင်သေချာ ဆောင်ရွက် ပေးသင့်ပါတယ်။
မျိုးရွေးချယ်ခြင်း။ ဒေသနဲ့ကိုက်ညီပြီး အထွက်နှုန်းကောင်းတဲ့ အပင်ပေါက် ၈၅ % အထက်ရှိတဲ့မျိုး မျိုးကို အသုံးပြုသင့်ပါတယ်။ အစေ့အရွယ်အစား၊ စိုက်ချိန်၊ စိုက်ပျိုးတဲ့စနစ်၊ အပင်ပေါက်နှုန်း ပေါ်မူတည်ပြီး မျိုးနှုန်းထား ကွာခြားနိုင်ပါတယ်။ ပုံမှန်အားဖြင့်တော့ ၁ ဧကစာအတွက် မျိုးစေ့ ၁၂-၁၆ ပြည် အသုံးပြုကြပါတယ်။
စိုက်ပျိုးနည်းစနစ်။ ပင်ကြား ၄ လက်မ၊ တန်းကြား ၇/၁၅/၃၀ လက်မ ထား စိုက်ပျိုးကြပါတယ်။ မျိုးစေ့တွေကို မြေအနက် ၁-၃ လက်မကြား ချစိုက်သင့်ပြီး ၃ လက်မထက်နက်ရင် အပင် ပေါက် မကောင်းနိုင်ပါဘူး။ အရေးကြီးတာက သီးနှံပင် သက်တမ်းတစ်လျှောက်မှာ မြေတွင်း အစိုဓာတ် ထိန်းသိမ်းနေစေနိုင်မယ့် ထွန်ရေးပြုပြင်မှုကို ပြုလုပ်စိုက်ပျိုးသင့်ပါတယ်။ မိုးကြီး ရင် အပင်ခြေရေဝပ်ခြင်း၊ အစိုဓာတ်များလွန်းခြင်း၊ အပင်သေပျောက်ခြင်း စတာတွေကို ကာကွယ်ဖို့ ရေထုတ်မြောင်း၊ ရေစိမ့်မြောင်းတွေကို ကြိုတင်ပြုလုပ်ထားသင့်ပါတယ်။
လုပ်သားလုပ်အားသုံးစွဲမှု အနည်းဆုံး၊ ကုန်ကျစရိတ်အနည်းဆုံးနဲ့ စိုက်ပျိုးမှုလွယ်ကူ စေဖို့ စပါးရိတ်သိမ်းပြီးချိန်မှာ စိုက်ပျိုးနိုင်ပါတယ်။ အဲ့ဒီနည်းက မြေတွင်းအစိုဓာတ်ကို အပြည့်အဝသုံးပြီး ချက်ချင်းစိုက်နိုင်တဲ့ နည်းစနစ်လည်းဖြစ်ပါတယ်။ ပုံမှန်အားဖြင့် သီးနှံ သက်တမ်းကာလတစ်လျှောက်မှာ ရေအနည်းဆုံး ၁၆-၂၂ လက်မလိုအပ်လို့ အလွန် ခြောက်သွေ့တဲ့ အနေအထားမှာဆိုရင် ရေသွင်းပေးရပါမယ်။ အချို့ဒေသတွေမှာ သီးနှံ သက်တမ်းတစ်လျှောက် ရေ ၆-၇ ကြိမ်ထိ သွင်းပေးရပါတယ်။ အထူးသဖြင့် အပင်ပေါက်ချိန်၊ အပင်ကြီးထွားချိန်၊ အတောင့်စတင်ဖြစ်ပေါ်ချိန်၊ အစေ့အဆံတည်တဲ့အချိန်တွေမှာ ရေ အစိုဓာတ်ကို ဂရုစိုက်ဖို့ အလွန်အရေးကြီးပါတယ်။
စိုက်ပျိုးသက်တမ်း ၄၅ ရက်ရသည်အထိ ပေါင်းမြက် ရှင်းအောင် ဆောင်ရွက်သင့် ပါတယ်။ ပဲပုပ်မှာ ပင်စည်ထိုးယင်ကောင်၊ နှံစုပ်ဂျပိုး၊ သီးလုံး ဖောက်ပိုး စတဲ့ဖျက်ပိုးတွေ ကျရောက်တတ်ပြီးတော့ ပင်ညှိးရောဂါ၊ ခါးရိရောဂါ၊ ရွက်ပြောက် ရောဂါ၊ သံချေးရောဂါတို့ အဖြစ်များပါတယ်။ ရွက်ဖျန်းမြေသြဇာ ဖျန်းပေးရင် အထွက်နှုန်း (၁၅-၂၀)%ထိ တိုးထွက်နိုင် ပါတယ်။
ရိတ်သိမ်းခြင်း။ စိုက်တဲ့ မျိုးအပေါ် မူတည်ပြီးတော့ စိုက်ပြီး ရက်ပေါင်း ၅၀-၁၄၅ အတွင်း ရင့်မှည့်ကြ ပါတယ်။ အရွက်တွေ အဝါရောင်ပြောင်းသွားပြီး အချို့ မြေပေါ် ကြွေကျသွားတဲ့အချိန်ဆို သီးတောင့်တွေလည်း အခြောက်မြန်လာလို့ ရိတ်သိမ်းသင့်တဲ့ အချိန်ဖြစ်ပါတယ်။ ရိတ်သိမ်း ပြီး အပင်တွေကို တလင်းမှာ ၃-၄ ကြိမ် နေ လှမ်းပေးသင့်ပါတယ်။