ကြံ စိုက်ပျိုးခြင်းဆိုင်ရာ အချက်အလက်များ

နိဒါန်း။ ကြံကို သကြားထုတ်လုပ်ခြင်း၊ အရက်အချဉ်ဖောက်ခြင်းနဲ့ တိရစ္ဆာန်အစာ စသည်ဖြင့်  အမျိုးမျိုး အသုံးပြုကြပါတယ်။ ကောင်းစွာကြီးထွားလာတဲ့ ကြံရိုးတစ်ချောင်းမှာ အမျှင်ဓာတ် (၁၁-၁၇)%၊ ပျော်ဝင်လွယ်သော သကြားဓာတ် (၁၂-၁၆)%၊ အချိုဓာတ်မဟုတ်သော အခြား ပါဝင်မှု (၂-၃)% နဲ့ ရေဓာတ် (၆၀-၇၀)% ခန့် ပါဝင်ပါတယ်။ ကြံဟာ ပိုးမွှားများနဲ့ ပေါင်းပင် တွေကို ခံနိုင်ရည် မရှိတဲ့ အပင်အမျိုးအစား ဖြစ်ပေမယ့်  ကမ္ဘာမှာ အများဆုံးစိုက်ပျိုးကြတဲ့ စိုက်ပျိုးသီးနှံတစ်မျိုး ဖြစ်ပါတယ်။ ကမ္ဘာ့ဝယ်လိုအားများသလို စိုက်ပျိုးသူတွေကိုလည်း အကျိုးအမြတ်ပေးနိုင်လို့ စီးပွားဖြစ်စိုက်ပျိုးထုတ်လုပ်သင့်တဲ့သီးနှံတစ်ခုဖြစ်ပေမယ့် အထွက် နှုန်းဟာ ရာသီဥတုအနေအထား၊ မြေအမျိူးအစား၊ မြေသြဇာ၊ ရေသွင်းရေထုတ်၊ ပိုးရောဂါ ကာကွယ်နှိမ်နင်းမှုနဲ့ ရိတ်သိမ်းချိန်တွေအပေါ် များစွာမူတည်နေတဲ့အတွက် အကောင်းဆုံး သီးနှံစီမံခန့်ခွဲမှုစနစ်များကို အလေးထား ပြုလုပ်ပေးဖို့ လိုအပ်ပါတယ်။

ရာသီဥတု။ ပူနွေးစိုစွတ်တဲ့ဒေသနဲ့ သမနွေးပိုင်းဒေသတွေမှာ စိုက်ပျိုး ဖြစ်ထွန်းပါတယ်။ နေရောင် ခြည် ကြာရှည်စွာရရှိခြင်းကို အလွန်တရာနှစ်သက်ပြီး အပူချိန် ၂၀-၄၂ ဒီဂရီ စင်တီဂရိတ်မှာ ကောင်းစွာစိုက်ပျိုးဖြစ်ထွန်းပါတယ်။ ဆောင်းတွင်းမှာ ၆-၈ ဒီဂရီစင်တီဂရိတ်ထိ၊ နွေရာသီမှာ  ၄၀-၄၂ ဒီဂရီစင်တီဂရိတ်ထိ အပူချိန် အတက်အကျ အနိမ့်အမြင့်ကို ခံနိုင်ရည်ရှိပါတယ်။ အကောင်းဆုံး အပင်ဖွံ့ဖြိုးမှု့အတွက် တစ်နှစ်တာ မိုးရေချိန် ၇၀-၉၈ လက်မကြား ရရှိဖို့ လို အပ်ပါတယ်။ သွင်းရေ ရရှိနိုင်ရင် တစ်နှစ်ပတ်လုံး စိုက်ပျိုး ဖြစ်ထွန်းနိုင်ပါတယ်။ ရေကြိုက် တဲ့ သီးနှံဖြစ်ပေမယ့် ရေဝပ်ခြင်းကို မနှစ်သက်ပါဘူး။

မြေအမျိုးအစား။ စိုက်ပျိုးနိုင်သည့် မြေချဉ်ငံကိန်းမှာ ၅-၈ ကြားဖြစ်ပါတယ်။ အစိုဓာတ် ပမာဏ လုံလောက်စွာရှိနေအောင် ထိန်းသိမ်းထားနိုင်တဲ့ ဘယ်လိုမြေ အမျိုးအစားမှာမဆို စိုက်ပျိုး ဖြစ်ထွန်းနိုင်ပါတယ်။ အာဟာရဓာတ် ကြွယ်ဝတဲ့ နုန်းမြေ၊ သဲနှုန်းမြေ၊ နုန်းမြေစေးတွေဟာ ကြံအထွက်နှုန်းနဲ့ ကြီးထွားမှုအတွက် အကောင်းဆုံးဖြစ်ပါတယ်။ ၁၂-၂၀ လ ထိ ကွင်းထဲမှာ ထားရတဲ့ သီးနှံ ဖြစ်လို့ မြေဆီကြွယ်ဝတဲ့မြေက အထူး သင့်လျော်ပါတယ်။

စိုက်ပျိုးနည်းစနစ်။ စိုက်ပျိုးဖို့ မြေပြုပြင်ခြင်းဟာ တစ်နှစ် နဲ့ တစ်နှစ်အထက် သက်တမ်းရှိတဲ့ သီးနှံ တွေအတွက် အရေးကြီးတဲ့လုပ်ငန်းတစ်ခုဖြစ်လို့ ကောင်းစွာထယ်ထိုးထွန်မွှေခြင်းကို ၂-၃ ကြိမ်အထိ ပြုလုပ်ပေးဖို့လိုအပ်ပါတယ်။ ထယ်ရေး ကောင်းကောင်းညက်တဲ့မြေကို ရပြီဆိုရင် မျိုးစေ့ချဖို့အတွက် မြေညှိဒလှိမ့်တုံးဆွဲခြင်းနဲ့မြေညီအောင်ညှိယူနိုင်ပါတယ်။ ကောင်းကောင်း ဆွေးမြေ့တဲ့ မြေဆွေးတွေကိုလည်း ထည့်သွင်းနိုင်ပါတယ်။ 

ကိုင်းဖြတ်မျိုးပွားခြင်းနဲ့ ပင်ကြားတန်းကြား ကိုင်းဖြတ် မျိုးပွားခြင်းအတွက် ကောင်းစွာရင့်မာပြီး  အရည်အသွေးကောင်း၊ ရောဂါဒဏ်ခံနိုင်ရည်ရှိတဲ့ ဆစ်ပိုင်းတွေကို ရွေး ချယ်ခြင်းက အထွက်နှုန်း တိုးတက်စေဖို့ ကနဦးအဆင့်ဖြစ်ပါတယ်။ ဖြတ်ပိုင်းအဆစ်ရဲ့ အတက်တွေက အညွန့်တွေ ဆက်လက်ကြီး ထွားဖို့ လှုံ့ဆော်ပေးနိုင်ဖို့ ဖြတ်ပိုင်းတွေမဖြတ်မီ ရွေးထားတဲ့ အပင်ကို ရက်နည်းနည်းစောပြီး မျိုးပိုင်းတွေ အရင်ခုတ်ထားသင့်ပါတယ်။ ကြံပင်ရဲ့ အပေါ်ပိုင်းကို အတက် ၂-၃ ခုပါ အရှည် တစ်ပေကျော်ဖြတ်ပိုင်းတွေကို တိုင်းတာပြီး ဖြတ်နိုင်ပါတယ်။  

ဖြတ်ပိုင်းတွေကို စိုက်ပျိုးရာမှာ နေရာဒေသအလိုက် နည်းလမ်းများစွာ ရှိပေမယ့် လူသိများတဲ့ နည်းက ထယ်ကြောင်းပေးပြီး စိုက်ပျိုးခြင်းဖြစ်ပါတယ်။ အနက် ၆-၁၂ လက်မ မြောင်းထဲမှာ အလျားလိုက်ချပြီး (သို့) ၄၅ ဒီဂရီစောင်းပြီး ကြံဖြတ်ပိုင်းတွေကို စိုက်ပျိုးနိုင် ပါတယ်။  ကြံဖြတ်ပိုင်းတွေကို စိုက်ခင်းထဲ တိုက်ရိုက်ချစိုက်ပျိုးနိုင်သလို ပျိုးခြံတွေမှာ ပျိုးပြီး အတက်ကအရွက်တွေ ကြီးထွားလာမှ စိုက်ခင်းထဲ ရွှေ့ပြောင်းစိုက်ပျိုးနိုင်ပါတယ်။ တစ်ဧက အတွက် ကိုင်းဖြတ် ၆၀၀၀-၈၀၀၀ ကြား စိုက်ပျိုးကြပါတယ်။ ထယ်ကြောင်းပေး စိုက်ပျိုး စနစ်က တချို့နှစ်သက်ကြတဲ့ တွင်းချစိုက်ပျိုးစနစ်လောက် အထွက်နှုန်းမများပါဘူး။ တွင်းချ စိုက်ပျိုးစနစ်က အထွက်နှစ်ဆထိ ရရှိနိုင်ပါ တယ်။ 

ကြံစိုက်ရာမှာ ရှေ့တစ်ရာသီမှ အပင်ကို ခုတ်ပြီး နောက်တစ်သီးအတွက် ဆက်လက် ကြီးထွားခွင့် (လမိုင်း၊ လမက်ထားခြင်း) ကိုလည်းဆောင်ရွက်နိုင်ပါတယ်။ လမိုင်း လမက် ထားခြင်းက မြေပြင်စားရိတ်သက်သာပြီး စောစောရင့်ပေမယ့် ပုံမှန်စိုက်ပျိုးနေကျ ပထမ သီးနှံထက် အထွက်နည်းခြင်း၊ အစိုဓာတ်နဲ့ မြေဆီဓာတ်ကြွင်းသတ္တိနည်းပါးခြင်း၊ ပိုးမွှားနဲ့ ရောဂါ ကျရောက်မှုမြင့်မားခြင်း၊ အလွန်တရာဂရုစိုက်ရခြင်း၊ မြေဆီလွှာ အကြီးအကျယ် ပျက်စီးခြင်းစတဲ့ ဆိုးကျိုးတွေရှိပါတယ်။ 

ကြံက ရေအလွန်သောက်တဲ့သီးနှံဖြစ်လို့ သက်တမ်းတလျှောက်မှာ ရေကို ပေါများစွာ အသုံးပြုကြရပြီး ရေရှားပါးချိန်၊ ရေပြတ်လပ်တဲ့ အချိန်တွေမှာ အစက်ချ ရေပေးစနစ်လို နည်းတွေနဲ့ စိုက်ပျိုးဖို့ လိုအပ်ပါတယ်။ ရေသွင်းရေထုတ် ကြိမ်ရေဟာ အပူပိုင်းစိုစွတ်ဒေသ မှာ တစ်နှစ်ပတ်လုံး ၃၅-၄၀ ကြိမ်၊ နွေးသမပိုင်းစိုစွတ်ဒေသမှာ ၈-၁၀ ကြိမ် ပျမ်းမျှ လိုအပ်ပါတယ်။ 

ရေ အမြဲတစေရှိနေတဲ့ မြေဆိုရင် ပေါင်းအလွန်ပေါတဲ့ အပြင် ကြံပင်အတွက်ကျွေးတဲ့ မြေဆီကိုလည်း လုယူစားသုံးလို့ ပေါင်းပင်တွေ ပိုကြီးထွားပြီး နှိမ်နင်းရ အလွန်ခက်လို့ စိုက်ပျိုးပြီး တစ်လမှတစ်လခွဲအထိ ပေါက်ပြားနဲ့ လက်ပေါင်းလိုက်ခြင်းကို ဂရုတစိုက် ပြုလုပ် ပေးသင့်ပါတယ်။  မစိုက်ပျိုးမီ ပေါင်းသတ်ဆေးများ သုံးနိုင်ပါတယ်။ လက်ပေါင်း လိုက်ခြင်း၊ ကြားပေါင်းလိုက်စက်သုံးခြင်းအပြင် အခြား သက်တမ်းတိုပင်တွေ စိုက်ပျိုးခြင်း ဖြင့်လည်း ပေါင်းကိုနှိမ်နင်းနိုင်ပါတယ်။ သီးလှည့်စိုက်ပျိုးခြင်းက ပေါင်းနှိမ်နှင်းဖို့အတွက် အထောက်အကူပြုတဲ့ နည်းစနစ်ဖြစ်ပါတယ်။  

စိုက်ပျိုးရေ ပေါပေါများများ ရရှိနိုင်တဲ့ဒေသတွေနဲ့ မိုးရေချိန်များတဲ့ ဒေသတွေမှာ ကြံရဲ့သီးလှည့် သီးနှံအဖြစ် စပါးကို စိုက်ပျိုးသင့်ပါတယ်။ မိုးရေချိန်နည်းတဲ့ ဒေသတွေမှာ ဝါကို သီးလှည့်စိုက်နိုင်ပါတယ်။ နနွင်း၊ ငှက်ပျော၊ မြေပဲ၊ ပဲပုပ်နဲ့ အခြားပဲမျိုးတို့ကိုလည်း သီးလှည့်အဖြစ် စိုက်ပျိုးနိုင်ပါတယ်။ အပိုဝင်ငွေရစေဖို့ အာလူး၊ ကြက်သွန်နီ တို့ကိုလည်း စိုက်ပျိုးနိုင်ပါတယ်။