ရာသီဥတု။ အပူချိန် ၁၆-၃၂ ဒီဂရီစင်တီဂရိတ်အတွင်း စိုက်ပျိုးဖြစ်ထွန်းနိုင်ပေမယ့် ၁၃-၃၀ ဒီဂရီ စင်တီဂရိတ်က အသင့်တော်ဆုံးနဲ့ ၁၃ ဒီဂရီစင်တီဂရိတ်အောက်ဆိုရင်တော့ အညွန့်တွေ ကြီးထွားမှု မရှိတော့ပါဘူး။ စိုက်ပျိုးဖြစ်ထွန်းဖို့ အသင့်တော်ဆုံး လေထုစိုထိုင်းဆက ၈၀ % ဖြစ်လို့ လေထုစိုထိုင်းဆ နည်းတဲ့ဒေသတွေမှာ အရိပ်ပင်တွေ စိုက်ပေးခြင်း နဲ့ ရေပေးသွင်းမှု တွေ လုပ်ပေးခြင်းနဲ့ စိုထိုင်းဆ ရာခိုင်နှုန်းမြင့်အောင် ဖန်တီးစိုက်ပျိုးနိုင်ပါတယ်။ ၁၂ လလုံး မိုးဖြန့်ရွာပြီးတော့ တစ်လ မိုးရေချိန် ၃ လက်မရရှိရင် လက်ဖက် စိုက်ပျိုး ဖြစ်ထွန်းနိုင်ပါ တယ်။ ဒါမှမဟုတ် တစ်နှစ် မိုးရေချိန် ၆၀ လက်မရွာပြီးတော့ ၉ လက်မ မိုးဖြန့်ရွာရင်လဲ လက်ဖက် ကောင်းကောင်း စိုက်ပျိုးဖြစ်ထွန်းနိုင်ပါတယ်။
မြေအမျိုးအစား။ မြေချဉ်ငံဓာတ် ၄.၅–၅.၅ ကြားမှာသင့်တော်ပြီး အကောင်းဆုံးက ၄.၈ ဖြစ်ပါတယ်။ မြေသားအနက် အနည်းဆုံး ၃ ပေ ရှိသင့်ပြီးတော့ ရေစိမ့်ဝင်စီးဆင်းမှု ကောင်းရပါမယ်။ မြေပြင်လျောစောက် ၁၀-၃၃ % အတွင်း အကောင်းဆုံးဖြစ်ပြီး မတ်စောက်မှု ၃၃ % ထက် ပိုတဲ့နေရာတွေမှာ စိုက်ပျိုးနိုင်ပေမယ့် မြေဆီလွှာ ရေတိုက်စားမှု ဖြစ်ပေါ်နိုင်ပါတယ်။
စိုက်ပျိုးနည်းစနစ်။ ပျိုးပင်သက်တမ်း ၁-၂ နှစ်သားအရွယ် မေ၊ ဇွန်လအတွင်း ရွှေ့ပြောင်း စိုက်ပျိုးနိုင် ပါတယ်။ စိုက်မယ့်မြေကို မြေဆီသြဇာတက်အောင် ပဲမျိုးရင်းဝင်အပင်တွေ စိုက်ထားသင့်ပါ တယ်။ တောင်စောင်းတွေမှာ စိုက်တန်းများကို ၄ x ၂ ပေ ကွန်တိုစိုက် တန်းဖော်ပြီး စိုက် သင့်ပါ တယ်။ ၁ x ၁ x ၁.၅ ပေ ရှိတဲ့ ကျင်းတူး စိုက်ပျိုးနိုင်ပြီးတော့ ကျင်းကို ထိပ် ၉ လက်မ၊ အောက်ခြေ ၆ လက်မ အကျယ်ထားပြီး စိုက်နိုင်ပါတယ်။
စိုက်ခင်းတစ်နှစ်သားအထိဓါတ်မြေသြဇာကျွေးဖို့မလိုသေးပါ။ အညွန့်သစ်ထွက်ချိန် (အပင်သက်တမ်း ၁၈ လ)ရှိမှသာ ဓါတ်မြေသြဇာ စတင်ကျွေးရပါမယ်။ ဓါတ်မြေသြဇာ ကျွေးချိန်မှာ မြေတွင်းအစိုဓါတ် ရှိရပါမယ်။ မိုးရွာသွန်းမှုများလွန်းတဲ့အချိန်နဲ့ ဓါတ်မြေသြဇာ ကျွေးတဲ့အချိန်တွေမှာ အပင်ခြေပတ်လည်မှာ ပေါင်းမြက် ကင်းရှင်းနေသင့်ပါတယ်။ အပင် ငယ်စဉ် အဓိကလိုအပ်တဲ့ဓါတ်တွေက နိုက်ထရိုဂျင် နဲ့ ပိုတက်စီယမ်ဖြစ်လို့ အဲ့ဒီဓာတ်တွေ ရနိုင်တဲ့ မြေဩဇာကို ထည့်သွင်းပေးသင့်ပါတယ်။
လက်ဖက်ပင်တွေဟာ သွပ်ဓါတ်ချို့တဲ့ခြင်း၊ ဖိုးလမင်းကောင်များဖျက်ဆီးခြင်း၊ ပျပိုးနဲ့ လှေးပိုးများ ကျရောက်တတ်ခြင်း၊ ပုရစ်များ ကျရောက်ဖျက်ဆီးခြင်း၊ မှိုကြောင့်ဖြစ်တဲ့ လက်ဖက်ပင်နာကျ၊ လက်ဖက်မြစ်ပုပ်၊ လက်ဖက် နီမတုပ် စတဲ့ ရောဂါတွေကြောင့် ပျက်ဆီး တတ်ပါတယ်။
ခူးဆွတ်ခြင်း။ လက်ဖက် အရွက်ခူးရာမှာ မြေပြင်ကနေ နှစ်ပေခွဲအတွင်းရှိတဲ့ အရွက်တွေကို မခူးရပါ ဘူး။ ခူးရမယ့်အရွက်ရဲ့ ထိပ်ပိုင်းမျက်နှာပြင်က ပြန့်ကားနေရပါမယ်။ အရွက်ခူးတဲ့အခါ အထက်ကို တက်လာတဲ့ အတက်သစ်ကို ၆-၈ လက်မထိချန်ပေးရပါမယ်။ ဘေးအစို့ နဲ့ ကြား ဖူးက အရွက်ကြီးတွေ ထွက်လာအောင် အရွက်သေးကို အမြဲတမ်း ချန်ပေးရပါမယ်။ အပင် အတွင်းပိုင်းမှာရှိတဲ့ အစို့သစ်နဲ့ အရွက်ခူးယူတဲ့ မျက်နှာပြင်အောက်မှာရှိတဲ့ ဘေးကိုင်းက အစို့သစ်တွေကို မခူးသင့်ပါဘူး။