လုပ်ငန်းခွင်အခွင့်အရေးများ၊ တာဝန်များ၊ ကျန်းမာရေး နှင့် ဘေးကင်းရေး

လုပ်ငန်းခွင်အတွင်း ရပိုင်ခွင့်များနှင့် တာဝန်များ

ရပိုင်ခွင့်များ။ ။ လူတွေမှာ ရှိသင့်တဲ့ မျှော်လင့်ထားတဲ့ ပြုလုပ်သင့်တဲ့ ကျယ်ပြန့်ပြီး ယေဘုယျ ဆန်တဲ့ သဘောတူညီမှုတွေ ဖြစ်ပါတယ်။ အခွင့်အရေး/ရပိုင်ခွင့် ဥပမာတွေကတော့ လူသားတစ်ဦးချင်းစီရဲ့ အသက်ရှင်သန်ခွင့်၊ မွေးရာပါလွတ်လပ်မှုနဲ့ တန်းတူညီမျှမှု၊ လွတ်လပ်စွာ တွေးခေါ်မှု၊ ထုတ်ဖော်ပြောဆိုခွင့်နဲ့ ကိုယ်ပိုင်လွတ်လပ်ခွင့်တွေဖြစ်ပါတယ်။

တာဝန်များ။ ။ လူတွေ လုပ်သင့်တယ်လို့ မျှော်လင့်ထားတဲ့ ကျယ်ပြန့်ပြီး ယေဘုယျ ဆန်တဲ့ သဘောတူညီမှုတွေ ဖြစ်ပါတယ်။ တာဝန်တွေနဲ့ဆိုင်တဲ့ ဥပမာတွေမှာတော့ မြေယာဥပဒေတွေကို လိုက်နာခြင်း၊ အခွန်ပေးဆောင်ခြင်း၊ အခြားသူတွေရဲ့ အခွင့်အရေးကို မချိုးဖောက်ဘဲ ရိုးသားမှန်ကန်စွာ ဆောင်ရွက်ခြင်း၊

ကမ္ဘာ့နေရာ တော်တော်များများမှာ သတ်မှတ်ထားတဲ့ အလုပ်သမားတစ်ယောက်အနေနဲ့ရသင့်တဲ့ အခြေခံအခွင့်အရေးတွေကတော့ 

  • ရုပ်ပိုင်းဆိုင်ရာနှင့် စိတ်ပိုင်းဆိုင်ရာ ကျန်းမာသန်စွမ်းသော ပတ်ဝန်းကျင်တွင် အလုပ်လုပ်ခွင့်၊
  • လုံလောက်သောအနားယူချိန်၊
  • အခကြေးငွေဖြင့် အားလပ်ရက်အချို့ ရပိုင်ခွင့်၊
  • ပုံသေနှင့် ကြိုတင်မှန်းဆနိုင်သော အလုပ်ချိန်များ သတ်မှတ်ပိုင်ခွင့်၊
  • မရှိမဖြစ်လိုအပ်သော အလုပ်ကိရိယာများ ပေးအပ်ခွင့်၊ နှင့်
  • အလုပ်မှ မတရားသဖြင့် ထုတ်ပယ်ပိုင်ခွင့်မရှိခြင်း။

တာဝန်ယူခြင်း

လုပ်ငန်းခွင်မှာ အောင်မြင်တဲ့ ပရော်ဖက်ရှင်နယ်တစ်ယောက်ဖြစ်ဖို့အတွက် တာဝန်သိစိတ်ရှိဖို့က အရေးကြီးပါတယ်။ တာဝန်သိပြီး ပြုမူနေထိုင်ဖို့ အဓိကအချက်ငါးချက်ရှိပါတယ်။

  1. ရိုးသားမှု
  2. ကိုယ်ချင်းစာမှု/လေးစားမှု
  3. တရားမျှတမှု
  4. တာဝန်ခံမှု
  5. သတ္တိ

ရိုးသားမှု

ရိုသားမှုဆိုတာ အမှန်ကို အမှန်အတိုင်းပြောတာ အလုပ်လုပ်ရင်လဲ မှန်မှန်ကန်ကန် ​ပြုမူ လုပ်ဆောင်နိုင်တာ ဖြစ်ပါတယ်။ ရိုးသားမှုဆိုတာက အမှန်ကို ပြောတာ တစ်ခုတည်းမဟုတ်ပါဘူး။ ရိုးသားမှုဆိုတာက ကိုယ့်ရဲ့ လုပ်ရပ်တွေက မှန်ကန်နေတာကိုလဲ ပြောတာဖြစ်ပါတယ်။ ကိုယ်ကိုယ်တိုင်ဖြစ်စေ အခြားသူပေါ်မှာဖြစ်စေ ကိုယ်က ဘယ်သူဖြစ်တယ် ကိုယ်က ဘာလိုချင်တယ်ဆိုတဲ့ အမှန်တရား အစစ်အမှန်ကို ပြပေးနိုင်တာကလည်း ရိုးသားမှုပါပဲ။ ရိုးသားမှုရှိတဲ့ လူတွေဟာ  ကိုယ်လုပ်တဲ့လုပ်ရပ်အပေါ် တာဝန်ယူမှုရှိသလို ပြောင်းလဲဖို့ လိုအပ်လာရင်လဲ ပြောင်းလဲပေးတတ်ကြပါတယ်။

ကရုဏာ နှင့် လေးစားမှု

ကရုဏာတရားလက်ကိုင်ထားတဲ့သူတွေက အခြားသူတွေအပေါ်မှာဆိုရင် ကြင်နာတရားနဲ့ နားလည်မှုရှိရှိနဲ့ ဆက်ဆံပေးတတ်ကြပါတယ်။ သူတို့မှာ ကိုယ်ချင်းစာစိတ် (အခြားသူတစ်ယောက်ရဲ့နေရာမှာ ဝင်ရောက်ခံစားပေးတာ)ရှိပြီး အခြားသူတွေအပေါ်မှာလဲ မြန်မြန်ဆန်ဆန် ဆုံးဖြတ်လေ့မရှိကြပါဘူး။  လူတွေက တစ်ယောက်နဲ့တစ်ယောက်မတူတာကို လက်ခံထားကြပြီး အခြားသူတွေနဲ့ ဆက်ဆံရေးပေါင်းကူးတံတားတည်ဆောက်ဖို့ကိုလည်း အရမ်းကိုကြိုးစားလုပ်ဆောင်ကြတဲ့သူတွေ ဖြစ်ပါတယ်။  

တရားမျှတမှု

တရားမျှတမှုကို လက်ကိုင်ထားတဲ့သူတွေဟာ သူတို့ကို ပြောဆိုဆက်ဆံစေချင်တဲ့ ပုံစံအတိုင်း သူများတွေကို ပြောဆိုဆက်ဆံလေ့ရှိကြပါတယ်။ တရားမျှတမှုရှိတဲ့ သူတွေက အခြားသူတွေရဲ့ စိတ်ခံစားချက်နဲ့ လိုအပ်ချက်တွေကို ထည့်သွင်းစဉ်းစားတတ်ကြပါတယ်။ ဒါအပြင် အခြား အဖွဲ့အပေါ်မှာ အနိုင်ကျင့်ပြီးမှ အဖွဲ့တစ်ခုကို အထူးအခွင့်အရေး(ပစား)ပေးတာမျိုးလည်း မလုပ်ကြပါဘူး။ 

တာဝန်ခံမှု

တာဝန်ခံမှုဆိုတာက ကိုယ့်ရဲ့အမှားကို နားလည် လက်ခံတတ်တာကို ဆိုလိုတာဖြစ်ပါတယ်။ အခြားသူ အပေါ်ကို လွှဲချအပြစ်တင်(blame)ဖို့ မကြိုးစားဘဲ သို့ မကျေနပ်ချက်တွေကို ထုတ်ပြတာ(complain)လုပ်တာထက် သူတို့ရဲ့ လုပ်ရပ်၊ သူတို့ရွေးချယ်မှုရဲ့ နောက်ဆက်တွဲရလဒ်တွေကို လက်ခံတတ်ကြပါတယ်။ ကိုယ်တာဝန်ခံရမယ့် အရာကို အခြားသူဆီ အပြစ်တင်လွှဲချတာက မရိုးသားတာ၊ ကြင်နာတရားကင်းမဲ့တာ၊ တရားမျှတမှု မရှိတာကို ပြသနေတာဖြစ်ပါတယ်။ တာဝန်ခံမှုဆိုတာက ကိုယ့်ရဲ့ဆုံးဖြတ်ချက် လုပ်ရပ်တွေက ကိုယ်တိုင်နဲ့ အခြားသူအပေါ်မှာ ဘယ်လိုသက်ရောက်နိုင်မလဲဆိုတာကို စဉ်းစားတာဖြစ်ပါတယ်။ တာဝန်ခံမှုဆိုတာက ပြောခဲ့တဲ့အချိန်ကလို ပြောခဲ့တဲ့အတိုင်းလုပ်ဆောင်တာဖြစ်ပါတယ်။ 

သတ္တိ(ခွန်အား/ လုပ်ရဲတာ)

ကိုယ်မှန်တယ်ထင်တဲ့အရာကို လုပ်ရဲတာ အထူးသဖြင့် အခက်အခဲဖြစ်တဲ့အချိန်၊ သတ္တိရှိရှိလုပ်ရဲတာကို ဆိုလိုပါတယ်။ လူတိုင်းက မိမိမှားနေတယ်(လွဲနေတယ်)လို့ပြောနေတဲ့အချိန်မှာတောင် ကိုယ်မှန်တယ်ထင်တဲ့ အရာကိုလုပ်ရဲတာ၊ စံနှုန်း(norms)တွေကို ကျော်လွန်ပြီး လုပ်တာ၊ အသစ်အဆန်းတစ်ခုခုကို စမ်းလုပ်ကြည့်ဖို့ မိမိကိုယ်တိုင်က ရဲရင့်နေဖို့လိုအပ်ပါတယ်။ သတ္တိရှိတဲ့သူတွေက သူတို့ရဲ့ တန်ဖိုးထားမှုနဲ့ သူတို့ကိုယ်တိုင်အ​ပေါ်မှာ မှန်မှန်ကန်ကန် နေထိုင်ကြတဲ့အပြင် အခြားသူတွေလုပ်လိုက်တဲ့ လုပ်ရပ်အမှားတွေ အန္တရယ်ဖြစ်စေနိုင်တဲ့ လုပ်ရပ်တွေကို ထုတ်ဖော်ပြောဆိုပြီး အဲဒါတွေအပေါ်မှာ တာဝန်ခံမှုရှိစေဖို့ ဆန္ဒရှိတဲ့သူတွေဖြစ်ပါတယ်။ 

ရုပ်ပိုင်းဆိုင်ရာလုံခြုံမှု

လုပ်ငန်းခွင်မှာ ရုပ်ပိုင်းဆိုင်ရာ ဘေးကင်းဖို့က အရေးကြီးပြီး အရင်က ဆွေးနွေးခဲ့တဲ့အတိုင်း သင့်အခွင့်အရေးပါ။ ထင်ရှားတာက အချို့သောအလုပ်တွေဟာ အခြားအလုပ်တွေထက် ပိုမိုအန္တရာယ်များပြီး အန္တရာယ်များ(Hazards)အများကြီးရှိနေတတ်ပါတယ်။ အန္တရာယ်(Hazard)ဆိုတာက အန္တရာယ်ဖြစ်စေနိုင်တဲ့ သို့မဟုတ် အခြားအပျက်သဘောဆောင်တဲ့ အကျိုးသက်ရောက်မှုတွေ ဖြစ်စေနိုင်တဲ့ အရာတစ်ခုဖြစ်ပါတယ်။ အန္တရာယ်တွေကတော့ ဓာတုပစ္စည်းတွေ၊ ကြိုးတွေ သို့မဟုတ် ချွန်ထက်တဲ့အရာတွေ၊ လှေကားနဲ့ တက်ပြီး အပေါ်မှာ အလုပ်လုပ်တာ သို့မဟုတ် တွင်းတူးတာလိုမျိုး အလေ့အကျင့်တွေ ဖြစ်နိုင်ပါတယ်။

ဥပမာ

• Soldier (စစ်သား)

• Police (ရဲသား)

• Carpenter (လက်သမား)

• Truck driver (ကုန်ကားမောင်းသူ)

• Builder (အဆောင်အဦးတည်ဆောက်သူ)

• Mechanics (စက်မှုလုပ်သမား)

လုပ်ငန်းခွင်အတွင် စိတ်ခံစားမှုပိုင်းဆိုင်ရာ အလွဲသုံးစားလုပ်ခြင်း

ကောင်းမွန်လုံခြုံတဲ့ လုပ်ငန်းခွင်တစ်ခုဆိုတာ မလိုလားအပ်တဲ့ အန္တရာယ်တွေ ရုပ်ပိုင်းဆိုင်ရာ ထိခိုက်မှုတွေကနေ ကင်းဝေးတာကိုပဲ ပြောတာမဟုတ်ပါဘူး။ မိမိကိုယ်တိုင်က အခြားသူတွေအပေါ်မှာ ထိပါးစော်ကားတာတွေမလုပ်တဲ့ နေရာတစ်ခု ဖြစ်သလို စိတ်ပိုင်းဆိုင်ရာ လိင်မှုပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှု၊ အလွဲသုံးစားလုပ်မှု မဖြစ်နိုင်တဲ့ နေရာတစ်ခုလို့လည်း ပြောလို့ရပါတယ်။ စိတ်ပိုင်းဆိုင်ရာ အလွဲသုံးစားလုပ်မှုက လုပ်ငန်းခွင်မှာ အများဆုံးကြုံတွေ့ရလေ့ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ပြိုင်ဆိုင်မှုတွေ ရာထူးအဆင့်လိုက် အာဏာပါဝါအသုံးပြုမှုတွေ ကြောင့်ဖြစ်ပါတယ်။ ဒီအလွဲသုံးစားလုပ်မှုက အခြားသူတွေနဲ့ အလုပ်အတူတူလုပ်ဖို့အတွက် အချိန်တော်တော်များများကို ကုန်ဆုံးနေရတဲ့ နေရာတွေမှာဖြစ်နိုင်ပါတယ်။ စိတ်ပိုင်းဆိုင်ရာ အလွဲသုံးစားလုပ်မှုက ဘယ်လောက်အထိဖြစ်နေလဲဆိုတာကို မစဉ်းစားရင်တောင်မှ စိတ်ပိုင်းဆိုင်ရာအလွဲသုံးစားလုပ်မှုဟာ လက်မခံနိုင်စရာအကြောင်းအရာတစ်ခုဖြစ်ပါတယ်။ ဒါ့အပြင် လုပ်ငန်းခွင်မှာရှိတဲ့ သူတွေရဲ့ ကုန်ထုတ်လုပ်မှု(လုပ်ကိုင်ဆောင်ရွက်နိုင်မှု)နဲ့ ဘေးကင်းလုံခြုံမှုကို အဟန့်အတားဖြစ်စေနိုင်ပါသေးတယ်။ 

ကိုယ့်ကိုယ်ကို ကာကွယ်ဖို့နဲ့ တုံ့ပြန်ဖို့အတွက်ရယ် အလွဲသုံးစားလုပ်တဲ့သူကို ရှောင်ရှားနိုင်ဖို့အတွက် အလွဲသုံးစားလုပ်မှုအမျိုးအစားတွေကို သိရှိနားလည်ထားဖို့လိုပါတယ်။

အောက်မှာပေးထားတဲ့ မေးခွန်းတွေကိုဖတ်ကြည့်ပြီး မိမိကိုယ်တိုင် ဆင်ခြင်သုံးသပ် စဉ်းစားကြည့်ပါ။ 
  • လုပ်ငန်းခွင်အတွင် စိတ်ပိုင်းဆိုင်ရာ အလွဲသုံးစားလုပ်မှုကို ကိုယ်တိုင်ကြုံတွေခံစားရဖူးတဲ့ သူတစ်ယောက်လား။ 
  • အကယ်၍ ဟုတ်တယ်ဆိုရင် ဘယ်လိုမျိုးဖြစ်ခဲ့တာလဲ။ ကိုယ်ဘယ်လိုမျိုးခံစားရလဲ။
  • ဘယ်လိုမျိုးတုံ့ပြန်ဖြေရှင်းခဲ့လဲ။ အခြားနည်းလမ်းတစ်ခုအနေနဲ့ ဘာလုပ်ရမယ်လို့ ထင်လဲ။
  • ကိုယ်ကိုယ်တိုင်ကရော အလွှဲသုံးစားလုပ်တာကို ကျူးလွန်ခဲ့တဲ့သူလား။ ဟုတ်တယ်ဆိုရင် ဘာကြောင့် အဲလိုလုပ်ခဲ့တာလဲ။
  • အခြားသူတစ်ယောက်အနေနဲ့ဆိုရင် ဘယ်လိုခံစားခဲ့ရမယ်လို့ ထင်ပါသလဲ။ ပြန်လည်ပြင်ဆင်မှုလုပ်ဖို့ကြိုးစားခဲ့တာမျိုး တောင်းပန်မှုတွေလုပ်ခဲ့တာမျိုးရော ရှိဖူးလား။
လိင်ပိုင်းဆိုင်ရာ စော်ကားနှောက်ယှက်မှုကို တုံ့ပြန်ဖြေရှင်းခြင်း

လိင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှု ကို အမျိုးအစား (၄) မျိုးခွဲခြားနိုင်ပါတယ်။ 

၁) ရုပ်ပိုင်းဆိုင်ရာ ထိတွေ့ ကျူးလွန်မှု

ကိုယ်မလိုချင်တဲ့ ရုပ်ပိုင်းဆိုင်ရာ ထိတွေ့မှု အားလုံးနဲ့ ဘယ်လိုထိတွေ့မှုမျိုးမဆို ပါဝင်ပါတယ်။ သက်တောင့်သက်သာမဖြစ်ဘူးလို့ ခံစားရစေတဲ့ ရိုးရိုးသားသား ထိတွေ့ကိုင်တွယ်မှုကနေ လိင်ပိုင်းဆိုင်ရာ ဆဲဆိုမှု နဲ့ မုဒိမ်းမှုတွေအထိ ကျယ်ပြန့်ပါတယ်။  

၂) စကားဖြင့် စော်ကားနှောက်ယှက်မှု

စကားဖြင့် လိုင်ပိုင်းဆိုင်ရာ ထိပါးနှောက်ယှက်မှု ဥပမာတွေက အများကြီးရှိပါတယ်။ အလိုမတူဘဲ လိင်မှုပိုင်းဆိုင်ရာ စော်ကားခြင်း၊ အကြံပေးခြင်း နဲ့ အရိပ်အမွက်ပေးတာတွေပါဝင်ပါတယ်။ 

၃) လိင်ပိုင်းဆိုင်ရာ အသားပေးပြောဆိုခြင်း

လိင်ပိုင်းဆိုင်ရာ စကားလုံးတွေနဲ့ လွန်လွန်ကျူးကျူး ဝေဖန်အပြစ်တင်ခြင်း။  

၄) လိင်မှုကိစ္စနှင့် သက်ဆိုင်သော ပျက်လုံးများနှင့် ဆဲရေးတိုင်းထွာခြင်း

လူပုဂ္ဂိုလ်တစ်ဦးရဲ့ ခန္ဓာကိုယ် နဲ့ ပုံပန်းသဏ္ဍာန်အကြောင်းကို ခွင့်ပြုချက်မရဘဲ လိုင်ပိုင်းဆိုင်ရာ ရုပ်ပုံများဖြင့် ဝေဖန်ခြင်း။ 

လူတစ်ဦး၏ လိင်မှုဘဝနှင့် ပတ်သက်၍ မသင့်လျော်သော စုံစမ်းမေးမြန်းမှုများ၊

• လူတစ်ဦး သို့မဟုတ် လူအုပ်စုကို ဦးတည်သော မလိုလားအပ်သော လေချွန်သံ။

• တစ်စုံတစ်ဦးမှ အထက်ဖော်ပြပါများထဲမှ တစ်စုံတစ်ရာကို မနှစ်သက်ဟု သို့မဟုတ် ၎င်းတို့အား စိတ်မသက်မသာဖြစ်စေသည်ဟု ဆိုပါက၊ ၎င်းသည် လိင်ပိုင်းဆိုင်ရာ စော်ကားမှုဖြစ်သည်။

ဖြည့်စွက်ချက် (ဂျီ) : လုပ်ငန်းခွင်အတွင်း စိတ်ခံစားမှုနှင့်သက်ဆိုင်သည့် မတော်မတရားပြုမူခြင်း

လုပ်ငန်းခွင်အတွင်း စိတ်ခံစားမှုနှင့်သက်ဆိုင်သည့် မတော်မတရားပြုမူခြင်းကို အောက်ဖော်ပြပါ ထူးထွေများပြားသည့် အတန်းအစားဖြင့် ပိုင်းခြားစိတ်ဖြာနိုင်သည်:

စိတ်ပိုင်းဆိုင်ရာ ထိန်းချုပ်မှု

• အကြိမ်ကြိမ် ရိုင်းပျစွာ ဆဲရေးစော်ကားခြင်းနှင့် နှိမ့်ချဆက်ဆံခြင်း

• အထူးသဖြင့် အငြင်းအခုံကိစ္စရပ်တစ်ခုတွင် အနိုင်ရရှိအောင်ကြိုးပမ်းရာ၌ အမည်နာမများကို ခေါ်၍ ငြင်းခုံ ပြောဆိုခြင်း

• တိတ်တဆိတ်ကျူးလွန်ခြင်း

• အများအမြင်တွင် အရှက်တကွဲအကျိုးနည်းဖြစ်စေခြင်း

အကောင်းဆုံးကြိုးစားတုံ့ပြန်ပြီး မတော်မတရားပြုခြင်းကျူးလွန်သူနှင့် ပြောဆိုနေသည့်အတောအတွင်း  စိတ်အေးအေးထား၍ ယုံကြည်ချက်ရှိရှိ ထိန်းချုပ်လုပ်ဆောင်ရမည်ဖြစ်ပြီး ကျူးလွန်သူ၏ ကျင့်ဝတ် ပျက်ပြားကြောင်း နှင့် တာဝန်ပျက်ကွက်မှုအတိုင်းအတာတို့ကို အကျိုးသင့်အကြောင်းသင့် ထောက်ပြ ပြောဆိုရမည်။ မတော်မတရားပြုမူခြင်းကို ဆက်လက်ကျူးလွန်နေပါက  အဆိုပါကျူးလွန်မှု ဖြစ်စဉ် ဖြစ်ရပ်များကို  ဖြစ်နိုင်မည်ဆိုလျှင် သက်သေသာဓကတိတိကျကျဖြင့် စာရေးသားဖော်ပြ၍ သတင်းပေး အစီရင်ခံတင်ပြသင့်ပေသည်။ 

သီးခြားဖယ်ထုတ်ခြင်း သို့မဟုတ် အုပ်စုဖွဲ့၍လှုံဆော်နှိုးဆွခြင်း

ယင်းကိစ္စရပ်သည် တိတ်တဆိတ်ကျူးလွန်သည့် အစွန်းရောက် လုပ်ရပ်တစ်ခုဖြစ်သည်။ မတော်မတရားမှုကျူးလွန်သူမှ တစ်စုံတစ်ဦးအား အလုပ်နှင့်ဆက်စပ်သည့် ကိစ္စရပ်များနှင့် လူမှုရေး အကြောင်းချင်းရာများမှ သီးခြားဖယ်ထုတ်ရန် ကြိုးပမ်းအားထုတ်ခြင်း၊ ကူညီထောက်ပံ့မှုပြုရန် ငြင်းဆန်ခြင်း၊ သားကောင်ဖြစ်သူအား မလိုလားအပ်သကဲ့သို့ သို့တည်းမဟုတ် အလိုမရှိသကဲ့သို့ ခံစားရ စေရန်လုပ်ဆောင်ခြင်းတို့ ပါဝင်ပေသည်။ အဆိုပါ ကျူးလွန်ခံရမှုအမျိုးအစားများကို  တုံ့ပြန်ဆောင်ရွက် ရာတွင် တတိယအစုအဖွဲ့တစ်ခု ပါဝင်ဆောင်ရွက်ရန် လိုအပ်နိုင်ပေသည်။

အရိပ်အမြွက်ပြသခြင်း၊ တစ်စုံတစ်ခုပြုရပ်ရန် တွန်းအားပေး ဆွဲဆောင်စေ့ဆော်ခြင်း သို့မဟုတ် ခြိမ်းခြောက်ခြင်း

ဤကိစ္စရပ်တွင် အကြောက်တရားကို အသုံးပြု၍ တစ်စုံတစ်ဦးအား နှုတ်ဆိတ်နေစေခြင်း သို့တည်းမဟုတ် မိမိမပြုလုပ်လိုသည့် ကိစ္စရပ်တစ်ခုကို ထိုသူအားပြုလုပ်ဆောင်စေခြင်းဖြစ်သည်။ တိုက်ရိုက်ခြိမ်းခြောက် ခိုင်းစေခြင်းထက် သွယ်ဝိုက်သောနည်းဖြင့် အရိပ်အမြွက်ပြသပြုလုပ်စေခြင်းဖြစ်သည်။ စီမံခန့်ခွဲသူများနှင့် ကြီးကြပ်ကွပ်ကဲသူများ အနေဖြင့် မိမိတို့၏ ရာထူးပါဝါကို အသုံးပြု၍ တစ်စုံတစ်ဦးအား ခြိမ်းခြောက်ခြင်း သို့မဟုတ် သူတို့စီမံခန့်ခွဲသည့်ကိစ္စနှင့်ပတ်သက်၍ အော်ဟစ်ပြောဆိုရုံကာမျှဖြင့်လည်း ကျူးလွန်နိုင် ကြသည်။ ကြီးကြပ်အုပ်ချုပ်သူမှ လက်အောက်အလုပ်သမားအား အမြဲတစေ အသေးအဖွဲကိစ္စလေးက အစပြု၍ အကျပ်ရိုက်စေခြင်းနှင့် စိုးရိမ်ကြောင့်ကြစေရန် လုပ်ဆောင်ခြင်းတို့သည်လည်း အခြားပုံစံတစ်ခုဖြင့် အရိပ်အမြွက်ပြု၍ ကျုးလွန်ခြင်းပင်ဖြစ်သည်။ ဤအခြေမျိုးသည် သတင်းပေးအစီရင်ခံတင်ပြရန် အကောင်းဆုံးပင်ဖြစ်သည်။ သင်၏စိတ်တွင် မနှစ်မြို့သည်ဟုခံစားရပါက ကြီးကြပ်သူများ သို့မဟုတ် လူ့စွမ်းအားရင်းမြစ်ဌာနများသို့ သတင်းပေးအစီရင်ခံတင်ပြနိုင်ပြီး အာဏာပိုင်အဖွဲ့အစည်းများဆီသို့ ဆက်လက်တင်ပြရန် စဉ်းစားဆုံးဖြတ်ပါ။

အခွင့်ထူးခံစီမံအုပ်ချုပ်မှု

တစ်ခါတစ်ရံတွင် မိမိတို့ကြိုက်နှစ်သက်သလို ( လေးစားသမှု၊ ယဉ်ကျေးသမှု သို့မဟုတ် ကြင်နာသမှု မရှိဘဲ) ပြုမူပြောဆို၍ စီမံခန့်ခွဲရန်အခွင့်အာဏာ လုပ်ပိုင်ခွင့်ရှိသည်ဟု ယုံကြည်ထားတတ်ကြသည်။ စီမံခန့်ခွဲ သူများသည်လည်း တစ်ခါတစ်ရံတွင်  မိမိတို့အလုပ်ကိစ္စရပ်မဟုတ်ဘဲ  သီးခြား အခွင့်အရေးခံစား ရယူခြင်း သို့မဟုတ် မိမိပြုလုပ်သောအမှားအတွက် အခြားသူများအပေါ် လွှဲချပြစ်တင်ဝေဖန်ခြင်း စသည့်ဖြင့် အခွင့်ထူးခံ၍ မတော်မတရားပြုမူတတ်ကြသည်။ သူတို့အနေဖြင့် အထူးတလည်မလိုအပ်ဘဲ ကြမ်းတမ်း ပြင်းထန်သော သွင်ပြင်သဏ္ဍန်ဖြင့် ဝေဖန်ထောက်ပြတတ်ကြသည် ။ လိုအပ်သူကို မျက်နှာသာ ပေးခြင်း၊ မိမိမကြိုက်နှစ်သက်ဆုံးသော လုပ်ငန်းဆောင်တာများအား တစ်ဦးတစ်ယောက်ယောက်အား ရွေးချယ် ခိုင်းစေခြင်း စသည်တို့ကိုလည်း ပြုလုပ်တတ်ကြသည်။ သင့်အနေဖြင့် ငြင်းဆိုရန်နှင့် တန်းတူညီတူ တရားမျှတမှုရှိရှိ ပြုလုပ်ဆောင်ရွက်ပေးရန် တောင်းဆိုပိုင်ခွင့်ရှိသည်။ ခက်ခဲသော်လည်း ဤနည်းအားဖြင့်  သင်၏စီမံခံခွဲသူမှ သင့်အား ဇွတ်တိုး၍ တွန်းအားမပေးနိုင်ကြောင်းကို သိရှိစေရန် အထောက်အကူ ဖြစ်စေနိုင်သည်။  ဤနည်းဖြင့်အလုပ်မဖြစ်ပါက အထက်စီမံခန့်ခွဲသူအား ထိုသူတို့၏ အပြုအမူများနှင့် ပတ်သက်၍ မဖြစ်မနေ သတင်းပေးတင်ပြရန်လိုအပ်ပေသည်။

စိတ်ခံစားမှုနှင့်သက်ဆိုင်သော မတော်မတရားပြုမူခြင်း ကိစ္စရပ်အများစုတွင် ကျူးလွန်သူနှင့် မကြာခဏ ဆိုသလို ထိပ်တိုက်တွေ့ကြရာဝယ်:

 • မလိုလားအပ်သည့်အကျိုးသက်ရောက်မှုများလျော့နည်းစေအောင်လုပ်ဆောင်ပါ

• ကျုးလွန်ခံရသူများကိုယ်တိုင်လည်း အခြားသူများအား မထိခိုက်အောင် ပြောဆိုခြင်းပြုလုပ်ပါ

• ထိုသူတို့အနေဖြင့် တာဝန်ယူမှုမရှိဘဲ လွှဲချပြစ်တင်ဝေဖန်ပါက ကျူးလွန်ခံရသူ၏ ထိခိုက်နာကျင်မှုသည် မိမိကိုယ်ကိုလည်းထိခိုက်နစ်နာစေမည် ဖြစ်စေကြောင်းကို အခိုင်အမာဆိုရမည်။

ချန်လှပ်ထားခြင်းနှင့် ဘက်လိုက်ခြင်းများ 

ယင်းကိစ္စရပ်သည် ပုံမှန်အားဖြင့် အလုပ်သမားများ၏ ဘာသာရေး၊ လူမျိုးရေး၊ ကျား/မ အရေး၊ အလုပ် အဆင့်အတန်း၊ အသက်အရွယ်၊ ဘာသာစကား သို့တည်းမဟုတ် ရုပ်ပိုင်းဆိုင်ရာ အရည်အချင်းတို့ အပေါ် မူတည်၍ တစ်ဦးတစ်ယောက်ချင်းစီအား အမျိုးမျိုးသောရပိုင်ခွင့်များ၊  အခွင့်အလမ်းများနှင့် စွမ်းအားစုများမှ စနစ်တကျ အကာအကွယ်ပြုသည့် ဖြစ်စဉ်ဖြစ်သည်။ ဤသို့ပြုလုပ်ခြင်းသည် သတ်မှတ်ပြဌာန်းထားသည့် လုပ်ငန်းခွင်ဆိုင်ရာ မူဝါဒများ၊ အခန်းကဏ္ဍများနှင့် စည်းမျဉ်းစည်းကမ်းများကို မျက်ကွယ်ပြု၍ လူ့အခွင့်အရေးကို ချိုးဖောက်ခြင်းဖြစ်သည်။ သင့်အနေဖြင့် အဆိုပါဖြစ်ရပ်များအတွက် သက်ဆိုင်ရာ တာဝန်ရှိသူအား သတင်းပေးတင်ပြပိုင်ခွင့် ရှိပြီး မည်သူကပင်ဖြစ်စေ ၊ မည်သို့ယုံကြည်သူဖြစ်စေ  တန်းတူ ညီမျှမှုနှင့် လေးစားသမှုဖြင့် ပြောဆိုဆက်ဆံဖြေရှင်းဆောင်ရွက်ခွင့်ရှိကြောင်း အခိုင်အမာထုတ်ဖော်ရမည်။