Copyrights in Online Teaching

©️ အွန်လိုင်းသင်ကြားမှုအတွက် မူပိုင်ခွင့်အကြောင်း သိကောင်းစရာ

တိုးတက်လာတဲ့ နည်းပညာခေတ်ကြီးမှာ Digital Content တွေဟာ နယ်ပယ်အသီးသီးမှာ ခေတ်စားလာတာနဲ့အမျှ နေ့စဉ်ဘဝအတွက်လည်း အရေးပါလာပါတယ်။ ဖတ်ရှုရလွယ်ကူခြင်း၊ အချိန်တိုအတွင်း သိမြင်နားလည်လွယ်နိုင်ခြင်း၊ နေရာဒေသမရွေး လွယ်လွယ်ကူကူနဲ့ ကြည့်ရှုနိုင်ခြင်း စတာတွေကြောင့် Digital Content တွေဟာ ၂၁ ရာစုရဲ့ ပြယုဂ်တစ်ခုလို ဖြစ်လာပါတယ်။ 

ဒါပေမဲ့လည်း ပြီးပြည့်စုံတဲ့ Digital Content တစ်ခုကို ဖန်တီးဖို့ဆိုတာ လွယ်ကူတဲ့အရာတစ်ခုတော့မဟုတ်ပါဘူး။

ဒီထဲမှာမှ လူတိုင်းနီးပါး နည်းပညာကို အသုံးပြုလာကြတဲ့အခါ ကိုယ်ကျိုးစီးပွားအတွက် တစ်ယောက်ရဲ့ဖန်တီးမှုကို တစ်ယောက်က လွယ်လွယ်ကူကူ ပြန်လည်ကူးယူအသုံးပြုလာတဲ့အခါ မူပိုင်ခွင့်ဟာ ထည့်သွင်းစဉ်းစားရမယ့် အကြောင်းအရာတစ်ခု ဖြစ်လာပါတယ်။

မြန်မာနိုင်ငံက ကျောင်းသားပဲဖြစ်ဖြစ်၊ ဆရာ/မ ပဲဖြစ်ဖြစ်၊ Blogger (သို့) Influencer ပဲဖြစ်ဖြစ် အများစုဟာ မူပိုင်ခွင့် နဲ့ ပတ်သက်ပြီး ဒါဟာ သိပ်ပြီး ဂရုစိုက်စရာမလိုတဲ့ ကိစ္စလို့ တွေးမိတတ်ကြလေ့ရှိပါတယ်။

မိမိကိုယ်တိုင်အနေနဲ့လည်း အွန်လိုင်းကနေ စာသင်ကြားပို့ချခြင်းတွေ ရွေးချယ်လုပ်ဆောင် လာတာနဲ့ အမျှ မိမိရဲ့သင်ကြားပို့ချမှုမှာ အွန်လိုင်းမှာရှိတဲ့ အရင်းအမြစ်တွေ၊ အခြားသူတွေရဲ့သင်ခန်းစာတွေ၊ ဗီဒီယိုတွေ၊ ဓါတ်ပုံတွေ၊ ပုံတွေ၊ လက်ရေးမူတွေ၊ ကွန်ပျူတာပရိုဂရမ်တွေနဲ့ ဆော့ဖ်ဝဲတွေကို အလွယ်တကူ ယူသုံးလာမိတတ်ကြပါတယ်။ ဒီလိုယူသုံးတဲ့အခါ ဆရာ/ဆရာမတွေ အနေနဲ့ မူပိုင်ခွင့် သတ်မှတ်ချက်တွေနဲ့ မူပိုင်ခွင့်ဘောင်ထဲကနေ သုံးတတ်ဖို့အတွက် ဒီနေ့ မူပိုင်ခွင့်နဲ့ပတ်သက်ပြီး ဆွေးနွေးသွားပါမယ်။

မူပိုင်ခွင့်ဆိုတာဘာလဲ၊ မူပိုင်ခွင့်မှာ ဘယ်လိုဖန်တီးထားတဲ့ အရာတွေအကျုံးဝင်သလဲ ©️

မူပိုင်ခွင့်(copyright) ဆိုတာ ဥပဒေ တစ်ခုဖြစ်ပြီး ၎င်းသည် ဂီတ၊ စာအုပ် စာပေ၊ အချက်အလက်၊ ရုပ်ပုံ များနှင့် အခြားအခြားသော ကိုယ်တိုင် ဖန်တီးထားမှုများကို ကာကွယ်နိုင်ရန်အတွက် ပြုလုပ်ထားခြင်းဖြစ်ပါတယ်။ မူပိုင်ခွင့်က ဘယ်သူက ထိုအရာကို အမှန်တကယ် ဖန်တီးထားတယ်ဆိုတာကို မှန်ကန်စွာ ဆုံးဖြတ်ပေးနိုင်ပါတယ်။ မူပိုင်ခွင့် ဥပဒေဟာ ဖန်တီးသူအတွက် ၎င်းရဲ့ ဖန်တီးထားတဲ့ အလုပ်တွေကို ရောင်းချခြင်းဖြင့် ဝင်ငွေရရှိအောင် လုပ်ဆောင်ပေးနိုင်ပါတယ်။ ဒါ့အပြင် ပိုင်ရှင်က ခွင့်ပြုချက်ရှိမှသာ ၎င်း၏ လက်ရာကို ကူးယူနိုင်တာ  သို့မဟုတ် တုပပြုလုပ်နိုင်တာဖြစ်ပါတယ်။ လူတစ်ဦးက မူပိုင်ခွင့် ဥပဒေနဲ့ ကာကွယ်ထားတဲ့ လက်ရာတစ်ခုကို ပိုင်ရှင်မသိအောင် တုပပြုလုပ်လျှင် အဆိုပါပုဂ္ဂိုလ်ကို ပုံမှန်အားဖြင့် ဒဏ်တပ်ခြင်းကဲ့သို့သော ဥပဒေဖြင့် ဆုံးမနိုင်တယ်။ အခြား အရေးကြီးသည့် မူပိုင်ခွင့် ပြဿနာများမှာဆိုရင်တော့ လူပုဂ္ဂိုလ်တစ်ဦးက မူပိုင်ခွင့်နဲ့ ကာကွယ်ထားတဲ့ ဖန်တီးမှုတစ်ခုကို ကူးယူတုပမှုပြုလျှင် ဖမ်းဆီးခြင်း ခံရ၍ ထောင်ဒဏ်ပင် ကျရောက်နိုင်ပါတယ်။

🔔 မူပိုင်ခွင့်နဲ့ ပတ်သက်ပြီး သတိပြုရမည့် အချက်များ

🔺သင်ဟာ ကျောင်းသား (သို့) ဆရာ/မ တစ်ယောက် ဖြစ်နေခဲ့မယ်ဆိုရင်တောင် အွန်လိုင်းပေါ်က အရင်းအမြစ်အားလုံးဟာ အလကားယူသုံးခွင့်မရှိပါဘူး။

🔺 မူပိုင်ခွင့်တင်ထားပေမဲ့ သင့်စိတ်ကြိုက်အသုံးပြုနိုင်တဲ့ Public Domains များစွာ ရှိပါတယ်။

🔺 သင်ဟာ ဖန်တီးသူတစ်ယောက်အနေနဲ့ သင့်ရဲ့ ဖန်တီးမှုအတွက် ခွင့်ပြုချက်မရဘဲ ကူးယူဖြန့်ဝေခြင်းများအား ကာကွယ်ခွင့်ရှိသလို ဉာဏဖန်တီးမှုလိုင်စင်ကိုလည်း လျှောက်ထားလို့ရပါတယ်။

🔺 အကယ်၍ သင်က အွန်လိုင်းပေါ်မှာရှိတဲ့ အရင်းအမြစ်တစ်ခုကို ယူသုံးခွင့်ရှိမရှိ မသေချာဖြစ်နေလျှင် မူရင်းဖန်တီးသူဆီမှ ခွင့်ပြုချက်တောင်းခြင်းဖြစ်ဖြစ်၊ အခမဲ့ ရရှိနိုင်သော Public Domains များမှ ပုံစံတူ အရင်းအမြစ်ရှာဖွေခြင်းဖြစ်ဖြစ်၊ သင်ကိုယ်တိုင် အသစ်ဖန်တီးခြင်းဖြစ်ဖြစ်၊ ဝယ်ယူလိုက်ခြင်းဖြစ်ဖြစ် ပြုလုပ်နိုင်ပါတယ်။

🔺 အခြားသူတစ်ဦးတစ်ယောက်ရဲ့ ဖန်တီးမှုကို ခွင့်ပြုချက်မတောင်းဘဲ ယူသုံးဖို့ အခွင့်အရေးရှိနေရင်တောင် သင့်အနေနဲ့  တာဝန်သိတတ်မှုရှိစွာနဲ့ မူပိုင်ခွင့်ဥပဒေကို အပြည့်အဝ နားလည်သူတစ်ယောက်အဖြစ် ရပ်တည်နိုင်ပါတယ်။

ဖန်တီးမှုတစ်ခုဟာ မူပိုင်ခွင့်တင်ထား၊ မထား ဘယ်လိုသိရှိနိုင်မလဲ⁉️

မူပိုင်ခွင့်ဟာ ဖန်တီးသူ (စာအုပ်၊ ရုပ်ရှင်၊ သီချင်း စသဖြင့်) ရဲ့ မူရင်းဖန်တီးမှုနဲ့ ခွင့်ပြုချက်မရှိဘဲ ကူးယူမှုတွေကို ကာကွယ်ပေးပါတယ်။ ယေဘုယျအားဖြင့် မူပိုင်ခွင့်တင်ထားတဲ့ ဖန်တီးမှုများကို ပိုင်ရှင်ထံမှ ခွင့်ပြုချက်မရဘဲ ပြန်လည် ကူးယူအသုံးပြုခွင့်မရှိပါဘူး။ U.S. က ဖန်တီးမှုတွေဆိုရင်တော့ မူပိုင်ခွင့်တင်ထား၊မထားကို အမေရိကန် မူပိုင်ခွင့်ရုံးရဲ့ မှတ်တမ်းမှာ ရှာဖွေစစ်ဆေးကြည့်လို့ရပါတယ်။ အကယ်၍ သင်က မူပိုင်ခွင့်ရှိနေတဲ့ ဖန်တီးမှုတစ်ခုကို သက်သာလွယ်ကူစွာနဲ့ ယူသုံးချင်တာဆိုရင် သူတို့သတ်မှတ်ပေးထားတဲ့ ဘောင်အတွင်းကပဲ ‘Fair Use’ အနေနဲ့သုံးတာ၊ ကိုယ့်ရဲ့ Personal Usage အတွက်ပဲ ဈေးသက်သက်သာသာနဲ့ ဝယ်ပြီး သုံးတာမျိုးတွေ ပြုလုပ်လို့ရပါတယ်။

📌 အသုံးပြုမယ့် website တိုင်းမှာ copyright ရှိတယ်ဆိုတာ သတိရပါ။

📌 ဖန်တီးမှုရဲ့ အွန်လိုင်းပေါ်မှာ တင်ထားသော နေ့ရက်၊ ဖန်တီးမှု အမျိုးအစား စတဲ့ အသေးစိတ်အချက်အလက်များကို စစ်ဆေးပါ။

📌 အသုံးပြုမယ့်  website အမျိုးအစားကို စစ်ဆေးပါ။

📌 ‘CC0’ Public Domain အမှတ်အသား ရှိ/မရှိ စစ်ဆေးပါ။

📌 Website များကို တရားဝင် မှတ်ပုံတင်ထားခြင်း ရှိမရှိ စစ်ဆေးပါ။

📌 မူပိုင်ခွင့်ရှိပေမဲ့ မူရင်းဖန်တီးသူကို ဆက်သွယ်လို့မရနိုင်ဖြစ်နေတဲ့ Orphan Work ဟုတ်/မဟုတ် စစ်ဆေးပါ။

📌 ယခုလက်ရှိ အရင်းအမြစ်ဟာ မူရင်းဖန်တီးမှု ဟုတ်/မဟုတ် စစ်ဆေးပါ။

📌 မူပိုင်ခွင့်ရှိတဲ့ ဖန်တီးမှုတွေကိုသာ စုစည်းတင်ပေးတဲ့ Public Domain တွေမှာ ပြန်လည်စစ်ဆေးပါ။

🔍 Creative Common License ဆိုတာ ဘာလဲ။

Creative Common Licence ဆိုတာကတော့ ဖန်တီးသူရဲ့ နာမည်နဲ့ မူပိုင်ခွင့်တင်ထားပေမဲ့ အများသူငှါ အခမဲ့ ယူသုံးလို့ရအောင် ပြုလုပ်ပေးထားတဲ့ အရာပဲ ဖြစ်ပါတယ်။

ဖန်တီးမှုတစ်ခုဟာ CC Licence တင်ထားမယ်ဆိုရင် ဒီ ဖန်တီးမှုကို ပြန်လည်အသုံးပြုတဲ့ blog၊ website၊ channel အသီးသီးမှာ ဖန်တီးသူရဲ့ နာမည်ဟာ တည်ရှိနေမှာ ဖြစ်ပြီး ပိုက်ဆံမရပေမဲ့ ကိုယ့်နာမည်အတွက်ကော၊ Community အတွက်ပါ အကျိုးရှိတဲ့ အရာတစ်ခုဖြစ်ပါတယ်။

ဒီလို စာရင်းသွင်းနိုင်ဖို့အတွက် နိုင်ငံတကာ CC အဖွဲ့အစည်းရှိပြီး အကယ်၍ ကိုယ့်ဖန်တီးမှုကို CC Licence တင်ချင်တယ်ဆိုရင် အောက်ကပုံထဲက ပုံစံ (၆)မျိုးထဲက ကိုယ်နဲ့ကိုက်ညီတဲ့ ပုံစံကို ရွေးချယ်ပြီး တင်လို့ရပါတယ်။ ဒါ့အပြင် ကိုးကားအသုံးချချင်တဲ့ အကိုးအကာတွေမှာ အောက်ဖောက်ပြပါ (၆)မျိုးထဲက တစ်ခုတွေ့ပြီဆိုရင် ဘယ်လို ယူသုံးလို့ရတယ်ဆိုတာသိရှိနိုင်ပြီး မူပိုင်ခွင့်နဲ့အညီ အသုံးပြုတတ်တဲ့ အလေ့အကျင့် ရရှိလာမှာဖြစ်ပါတယ်။

🔹 BY ; ဖန်တီးမှုလက်ရာများကို သုံးစွဲခွင့်ရှိပြီး ထိုဖန်တီးမှုကို အသိမှတ်ပြုမှု ပေးနေသ၍ သင်ကြိုက်နှစ်သက်သလို အသုံးပြုနိုင်ပါတယ်။ 


🔹 BY-SA ; ဖန်တီးမှု လက်ရာကို ထပ်တိုးပေါင်းထည့်တာ သို့မဟုတ် ပြောင်းလဲမယ်ဆိုရင် သင်က ထိုဖန်တီးမှုကို တူညီသော BY-SA လိုင်စင်ဖြင့် ပြန်လည်မျှဝေရပါမယ်။ 


🔹 BY-ND ; သင်က ဖန်တီးမှု လက်ရာကို ဘယ်ပုံဘယ်နည်းနဲ့မှ မပြောင်းလဲသ၍ ထိုဖန်တီးမှုကို အသုံးပြနိုင်ပါတယ်။ 


🔹 BY-NC ; ဖန်တီးမှု လက်ရာကို အသုံးပြုခွင့်ရှိပြီး ထပ်တိုးပေါင်းထည့်ခြင်း သို့မဟုတ် ပြောင်းလဲခြင်းတွေပါ ပြုလုပ်ခွင့်ရှိပါတယ်။ ဒါပေမယ့် ထိုဖန်တီးမှု လက်ရာဖြင့် ငွေရှာတာမျိုး လုပ်ခွင့်မရှိပါဘူး။ 


🔹 BY-NC-SA ; ဖန်တီးမှုလက်ရာကို ပြောင်းလဲလိုလျှင် တူညီတဲ့ လိုင်စင်နဲ့ ပြန်လည်မျှဝေရမှာဖြစ်ပြီး ထိုဖန်တီးမှုလက်ရာမှ ငွေရှာခွင့် မရှိပါဘူး။ 

🔹 BY-NC-ND ; ဖန်တီးမှု လက်ရာကို အသုံးပြုခွင့်ရှိပြီး ပြန်လည်မျှဝေခွင့် ရှိပေမယ့် ထိုဖန်တီးမှု လက်ရာကို ပြောင်းလဲခွင့် နှင့် ရောင်းချခွင့် မရှိပါဘူး။

များသောအားဖြင့် မူပိုင်ခွင့် အမှတ်အသား မူပိုင်ခွင့်သတိပေးချက်တွေဟာ စာအုပ်/အရင်းအမြစ်တွေရဲ့ ပထမဆုံးမျက်နှာပါတတ်ပါတယ်။ ဥပမာ UNESCO ကထုတ်ဝေတဲ့ စာအုပ်တစ်အုပ်ရဲ့ ပထမ စာမျက်နှာမှာ ဆိုရင် အောက်ပါအတိုင်း Creative Common မူပိုင်ခွင့် လိုင်စင်အမျိုးအစားဖြစ်တဲ့ CC-BY-SA ကို တွေ့မြင်နိုင်ပါတယ်။ ဒါဆိုရင် ကျွန်တော်တို့ဟာ အဲဒီစာအုပ်မှာပါတဲ့ အရင်းအမြစ်တွေကို မွမ်းမံပြင်ဆင်အသုံးချမယ် ပြန်လည်မျှဝေမယ်ဆိုရင် မိမိရဲ့ပြန်လည်ဖန်တီးထားမှုကို CC-BY-SA လိုင်စင်ယူပြီး ပြန်လည်မျှဝေလို့ရပါတယ်။

⚜️ အသိမှတ်ပြုမှုနဲ့အတူ ကင်းလွတ်ခွင့်ရှိသော ရွေးချယ်ခွင့်များ 

🔅 အများပြည်သူ ပိုင်နေရာ

ဖန်တီးမှု လက်ရာကို ခွင့်ပြုချက် သို့မဟုတ် အသိအမှတ်ပြုမှု ပေးစရာမလိုဘဲ သင်ကြိုက်သလို အသုံးပြုနိုင်ပါတယ်။ မူပိုင်ခွင့်တင်ထားချိန်သက်တမ်း ကုန်ဆုံးခြင်းကြောင့် ဖြစ်ပါတယ်။ 

🔅 Creative commons zero 

ဖန်တီးမှု လက်ရာကို ခွင့်ပြုချက် သို့မဟုတ် အသိမှတ်ပြုမှု ပေးစရာမလိုဘဲ သင်ကြိုက်နှစ်သက်သလို အသုံးပြုနိုင်ပါတယ်။ မူရင်းဖန်တီးသူက အများပြည်သူထံသို့ ဖြန့်ဝေလိုက်တဲ့အတွက် ဖြစ်ပါတယ်။

အကယ်၍ သင့်အနေနဲ့ CC Licence တင်ဖို့ စိတ်ဝင်စားတယ်ဆိုရင် အောက်က Link ကနေတဆင့် အသေးစိတ် ဝင်ရောက်ဖြည့်စွက်ပြီး လေ့လာနိုင်ပါတယ်။ 

🔗 Link : https://chooser-beta.creativecommons.org/ 

🔅 သင်ရိုးညွှန်းတမ်းတွင် မှီငြမ်းထားသော အရင်းအမြစ်များအား ဖော်ပြခြင်း

မိမိ မှီငြမ်းထားတဲ့ အရင်းအမြစ်များကို မိမိရဲ့ သင်ရိုးညွှန်းတမ်းမှာ စနစ်တကျ ပြန်လည် ချိတ်ဆက်ဖော်ပြခြင်းဟာ သင်ကြား၊သင်ယူသူတွေအတွက် ပိုမို ကျယ်ပြန့်သော အသိပညာ ဗဟုသုတများကို ရရှိစေနိုင်ပါတယ်။ 

ဒါ့အပြင် ယခုလို ဖော်ပြခြင်းဟာ မူလအရင်းအမြစ်ရဲ့ တည်ရှိရာကို ဖော်ပြခြင်း ဖြစ်တာကြောင့် မူပိုင်ခွင့်ကို ချိုးဖောက်ရာလည်း မရောက်ပါဘူး။

🛡️ မူပိုင်ခွင့်ဥပဒေက ဘယ်လို ကာကွယ်မှုတွေ ပေးနိုင်ပါသလဲ။

မူပိုင်ခွင့်တင်ထားသူတစ်ဦးအား မူပိုင်ခွင့်ဥပဒေအရ ကိုယ့်ရဲ့ဖန်တီးမှုအတွက် မူပိုင်ခွင့်နဲ့ပတ်သက်ပြီး အောက်ပါ လုပ်ဆောင်မှုတွေမှာ မူပိုင်ခွင့်ခံစားချက်များကို ရရှိနိုင်ပါတယ်။

✅ ကိုယ့်ရဲ့ ဖန်တီးမှုကို Copy ပြန်လည်ကူးယူခြင်း၊

✅ ၎င်း Copy များကို ပြန်လည်ရောင်းချခြင်း၊

✅ ကိုယ့်ရဲ့ဖန်တီးမှုကို မူပိုင်ခွင့်လွှဲပြောင်းခြင်း၊ စာချုပ်ဖြင့် ငှားရမ်းခြင်း၊

✅ ကိုယ့်ရဲ့ ဖန်တီးမှုကို အခကြေးငွေဖြင့် ပြန်လည်ပြသခြင်း၊ သီဆိုဖျော်ဖြေခြင်း။

🔰 မူပိုင်ခွင့်ဥပဒေနဲ့ ကာကွယ်ထားနိုင်တဲ့ လူ့ဖန်တီးမှုအလုပ်များစွာရှိပါတယ်။ ဥပမာ-

✳️ စက်မှုပစ္စည်းပိုင်းဆိုင်ရာ တီထွင်မှုများ၊ အမှတ်တံဆိပ်များ၊ စက်မှု ဒီဇိုင်းများ

✳️ ရုပ်သံဆိုင်ရာတီထွင်မှုတွေဖြစ်တဲ့ ရုပ်မြင်သံကြားတင်ဆက်မှုများ၊ ရုပ်ရှင်များ၊ ဗွီဒီယိုများ၊ သီချင်းများ၊ သံစဉ်များ

✳️ သီကုံးရေးဖွဲ့မှုဆိုင်ရာတီထွင်မှုတွေဖြစ်တဲ့ သင်ခန်းစာတွေ၊ ဆောင်းပါးတွေ၊ စာအုပ်တွေ၊ သီချင်းစာသားတွေလို အရာတွေ

✳️ သိမြင်ခံစားမှုဆိုင်ရာတီထွင်မှုတွေဖြစ်တဲ့ ပန်းချီ၊ ပိုစတာ၊ ကြော်ငြာ၊ ဂိမ်းတွေ နဲ့ ကွန်ပျူတာဆော့ဖ်ဝဲတွေ

✳️ ဇာတ်လမ်းပြဇာတ်ဆိုင်ရာတီထွင်မှုတွေဖြစ်တဲ့  ပြဇာတ်တွေနဲ့၊ တီးလုံးတွေ အထိပါဝင်ပါတယ်။

အထက်မှာ ဖော်ပြထားတဲ့ အချက်တွေထဲက သင်ရိုးညွှန်းတမ်းကို ဖန်တီးမယ့်သူတွေအနေနဲ့ ကိုယ့်ရဲ့ သင်ရိုးမှာ အသုံးပြုတဲ့အခါ သိသာထင်ရှားတဲ့ သီကုံးရေးဖွဲ့မှု၊ သိမြင်ခံစားမှုဆိုင်ရာ တီထွင်မှုတွေကိုသာမက နောက်ခံတီးလုံးလိုမျိုး အသေးစိတ်ကအစ မူပိုင်ခွင့်နဲ့ပတ်သက်ပြီး သတိပြုဖို့ လိုအပ်ပါတယ်။

🗓️ မူပိုင်ခွင့်ကာလသက်တမ်းများ

သင်ခန်းစာနဲ့ပတ်သက်တဲ့ မူပိုင်ခွင့်သပ်သပ် မရှိပေမဲ့ စာပေဆိုင်ရာမူပိုင်ခွင့်အောက်မှာ အကျုံးဝင်ပါတယ်။ စာပေဆိုင်ရာမူပိုင်ခွင့်ဆိုရင် ကမ္ဘာ့အသိဉာဏ်ပစ္စည်းမူပိုင်ခွင့်အဖွဲ့အစည်း WIPO က Berne Convention ဘာတီးနိုင်ငံတကာညီလာခံက သဘောတူညီချက်တွေကို အခြေခံကာ ပြဌာန်းထားတဲ့ မူပိုင်ခွင့်ဆိုင်ရာ ပြဌာန်းချက်ကို လိုက်နာဖို့လိုပါတယ်။ Berne Convention အရ စာရေးသူတစ်ယောက်ဟာ သူ့ဖန်တီးထားတဲ့အလုပ်တစ်ခုကို သူအသက်ရှင်နေစဉ် ကာလတစ်လျှောက်လုံးနဲ့ ကွယ်လွန်ပြီးနောက် နှစ် (၅၀)ကြာတဲ့အထိ ပိုင်ဆိုင်နေပါတယ်။ နှစ် (၅၀) ကြာပြီးရင်တော့ ပြည်သူပိုင်ဖြစ်သွားပါတယ်။ 

နိုင်ငံတစ်နိုင်ငံချင်း လေ့လာကြည့်မယ်ဆိုရင် အမေရိကန်က စာရေးသူသက်တမ်း + ကွယ်လွန်ပြီးနောက် နှစ် (၇၀)ကြာတဲ့အထိ၊ တောင်ကိုရီးယားနိုင်ငံက စာရေးသူသက်တမ်း + ကွယ်လွန်ပြီးနောက် နှစ် (၇၀)ကြာတဲ့အထိ နဲ့ မြန်မာနိုင်ငံကတော့ စာရေးသူသက်တမ်း + ကွယ်လွန်ပြီးနောက် နှစ် (၅၀)ကြာတဲ့အထိ ပိုင်ဆိုင်ခွင့်ရှိနေပါတယ်။

🖍️ မူပိုင်ခွင့်ရဖို့အတွက် စာရင်းသွင်းတဲ့အခါ ဘယ်လိုအချက်တွေ လိုအပ်သလဲ။

မူပိုင်ခွင့် မှတ်ပုံတင်ရန် လျှောက်ထားသူများဟာ မိမိဖန်တီးမှုရဲ့ အကြောင်းအရာ၊ အတိုင်းအထွာ၊ အသုံးဝင်ပုံမှစ၍ ပြည့်စုံစွာရေးသားဖော်ပြ၍ လျှောက်ထား ကြရပါတယ်။ ထိုအခါ မှတ်ပုံတင်အရာရှိများက အသစ် တီထွင်သောပစ္စည်း ဟုတ်မဟုတ် လျှောက်ထားချက်နှင့် ညီ မညီ၊ တိုင်းသူပြည်သားတို့အတွက် အကျိုးရှိ မရှိ စတာတွေကို စေ့စပ်သေချာစွာ စစ်ဆေးပြီး မူပိုင်ခွင့်ကို ထုတ်ပေးကြပါတယ်။

ဒါ့အပြင် ကိုယ့်ဖန်တီးမှုဟာ လွန်ခဲ့သော အနှစ် ၅ဝ အတွင်းက အလားတူပစ္စည်းမျိုးပေါ် ပေါက်ပြီး ရှိ မရှိ စတာတွေအထိ အသေအချာ စမ်းသပ်ရှာဖွေ ကြည့်ရှုစစ်ဆေးလေ့ရှိပါတယ်။အကယ်၍ သတ်မှတ်ထားတဲ့ ဥပဒေအချက်အလက်တွေနဲ့ မကိုက်ညီဘူးဆိုရင် မူပိုင်ခွင့် မှတ်ပုံတင်တာ ငြင်းပယ်ခံရမှာဖြစ်ပါတယ်။ 

လျှောက်လွှာ၌ အရေးကြီးဆုံး (၂)ချက်ကတော့ – ပင်ကိုဉာဏ်ဖြင့် တီထွင်ခြင်း ဟုတ်မဟုတ် နဲ့  ရှိပြီးတီထွင်မှုများ အပေါ်မှာ အမှန်တကယ် အသုံးဝင် အကျိုးရှိလောက်အောင် ထပ်လောင်းတီထွင်ခြင်း ရှိမရှိ ဆိုတာပဲဖြစ်ပါတယ်။

🔐မူပိုင်ခွင့်ကို အခြားသူတစ်ဦး (သို့) အဖွဲ့အစည်းတစ်ခုသို့ ပြန်လည် ရောင်းချခွင့် ရှိပါသလား။

မူပိုင်ခွင့်ရရှိထားသူဟာ မိမိရဲ့ အခွင့်အရေးကို အခြားသူ တစ်ဦးဦးသို့ နှစ်ဦးနှစ်ဖက် ကျေနပ်သော အဖိုးနှုန်းထား နဲ့ မူပိုင်ခွင့် ဥပဒေများအတိုင်း စာချုပ်ချုပ်ဆိုပြီး  တစ်ဆင့်ရောင်းချပိုင်ခွင့် ရှိပါတယ်။

🔑 မူပိုင်ခွင့်ဆိုင်ရာခြွင်းချက်များ

စာပေဆိုင်ရာမူပိုင်ခွင့်မှာ အထက်ကပြောထားတဲ့ သက်တမ်းတွေရှိသလို ခြွင်းချက်အနေနဲ့ တစ်ချို့နေရာတွေမှာ အကန့်အသတ်နဲ့ ယူသုံးခွင့်ပေးထားတာတွေလည်းရှိပါတယ်။ ဥပမာ-

🔅 ပညာရေးအတွက် ကူးယူတာ

🔅 တစ်ကိုယ်ရည်အတွက် ကူးယူတာ

🔅 စာကြည့်တိုက်အတွက် ကူးယူတာ

🔅 မျှတစွာအသုံးချခြင်း (တစ်စိတ်တစ်ပိုင်းကို အကိုးအကားအနေဖြင့် သုံးသပ်ချက် များအတွက်ယူသုံးခြင်း၊ စာတမ်းလေ့လာမှုအသစ်များအတွက် အကိုးအကား အနေဖြင့်ယူသုံးခြင်း၊ သင်ကြားရေးတွင် စာပိုဒ်အချို့ကို ဆရာ/ဆရာမ နှင့် ကျောင်းသား/သူအတွက် ကူးယူခြင်း)

🔅 အကျိုးအမြတ်ဖြင့်မဆောင်ရွက်သော ရုပ်သံထုတ်လွှင့်မှုများတွင် ယူသုံးတာ တွေအတွက် ယူသုံးရင် ဥပဒေနဲ့ လွတ်နိုင်ပါတယ်။

💻 ကွန်ပျူတာစာလုံးများနှင့်ပရိုဂရမ်ဆိုင်ရာမူပိုင်ခွင့်

အွန်လိုင်သင်ကြားရေးမှာ ကွန်ပျူတာစာလုံးက အရေးပါတာမို့ ကွန်ပျူတာစာလုံးများ နှင့် ပရိုဂရမ် ဆိုင်ရာမူပိုင်ခွင့် အကြောင်း အကျဉ်းချုပ်ပြောပြလိုပါတယ်။

ကွန်ပျူတာသုံးစာလုံးများ(Fonts) များဟာ ၎င်းတို့ကိုယ်တိုင် မူပိုင်ခွင့်ဖြင့်ကန့်သတ်ထားခြင်း မရှိသော်လည်း ၎င်းစာလုံးဆိုင်ရာပရိုဂရမ်များကိုတော့ မူပိုင်ခွင့်ဖြင့်ထိန်းသိမ်းထားပါသည်။ လက်ရေးမူစာလုံးလှများကိုလည်း မူပိုင်ခွင့်ဖြင့် အကာအကွယ်ပေးထားပါသည်။

မိမိသင်ကြားမှုအတွက် မူပိုင်ခွင့်ကနေ လွတ်လွတ်ကင်းကင်း ကူးယူဖော်ပြနိုင်တဲ့ အရင်းအမြစ်များစွာရှိပါတယ်။ ဥပမာ- creative common လို website က အရင်းအမြစ်မှန်သမျှ ကူးယူနိုင်ပါတယ်။ website ကိုဘဲ ရည်ညွှန်းဖော်ပြပေးဖို့လိုအပ်ပါတယ်။

🌟 ‘Fair Use’ ဆိုတာ ဘာလဲ။

အခုဆိုရင် ဖန်တီးမှုအတော်များများဟာ မူပိုင်ခွင့် ရှိနေတယ်ဆိုတာ သင့်အနေနဲ့ သတိထားမိလောက်ပြီထင်ပါတယ်။ ဒါက သင့်ရဲ့ ပညာသင်ကြားမှုမှာ လုံးလုံးလျားလျား အသုံးပြုခွင့်မရှိတာတော့ မဟုတ်ပါဘူး။

အမေရိကန် မူပိုင်ခွင့်ရုံးရဲ့ ဖော်ပြချက်အရ ‘Fair Use’ လို့ သတ်မှတ်လို့ရတဲ့ အောက်ပါ အခြေအနေတွေမှာ သင့်အနေနဲ့ မူပိုင်ခွင့်ရှိတဲ့ ဖန်တီးမှုတွေကို အသုံးပြုလို့ရပါတယ်။

💠 စိတ်အပန်းဖြေမှုအနေနဲ့ အသုံးပြုတာ (စာဖတ်တာ၊ သီချင်းနားထောင်တာ)၊

💠 စာသင်ခန်းထဲ မျက်နှာချင်းဆိုင် သင်ကြားတာ၊

💠 ကိုယ်ကျိုးစီးပွားအတွက်မဟုတ်တဲ့ အဖွဲ့အစည်းတွေမှာ အသုံးပြုတာ၊

💠 ဥပဒေနဲ့အညီ ပြန်လည်ဖြန့်ဖြူးထားတဲ့ ဖန်တီးမှုကို အသုံးပြုတာ (တရားဝင်ဝယ်ထားတဲ့ ရုပ်ရှင်လိုမျိုး)

ဒါပေမဲ့လည်း Fair Use က ထင်သလောက်တော့မရိုးရှင်းပါဘူး။

📜 ဥပမာ – သင်က အွန်လိုင်းက စာသင်ကြားပေးနေပြီး အသုံးပြုထားတဲ့ အရင်းအမြစ်တွေကို စာအုပ်တွေကို ခွင့်ပြုချက်မရှိဘဲ ပြန်လည် ထုတ်ဝေလို့မရပါဘူး။

ဒါ့အပြင် အထက်က ပြောပြခဲ့တဲ့အချက်တွေက U.S. တစ်နိုင်ငံတည်းရဲ့ ဥပဒေတွေဖြစ်ပြီး တစ်နိုင်ငံနဲ့ တစ်နိုင်ငံ Fair Use Policies တွေက မတူညီတတ်ကြပါဘူး။

ဒါကြောင့် သင့်အနေနဲ့ တရားဝင် ဝယ်ယူအသုံးပြုဖို့ မလွယ်ကူဘူးဆိုရင် မူပိုင်ခွင့်ရှိတဲ့ အရင်းအမြစ်တွေအစား အခမဲ့ ပေးအပ်ထားတဲ့ အရင်းအမြစ်တွေကိုသာ ရှာဖွေသင့်ပါတယ်။