Subject Matter Expert in Digital Education

1️⃣ ပညာရေးတွင် ဒီဂျစ်တယ် နည်းပညာ အသုံးချမှု၏ အရေးပါပုံ

ကိုဗစ်ကပ်ရောဂါဟာ ကမ္ဘာ့စီးပွားရေးကို ထိခိုက်စေသလို ပညာရေးပိုင်းမှာလည်း နှောင့်နှေးမှုများစွာ ကြုံတွေ့ရစေခဲ့ပါတယ်။ အထူးအားဖြင့် ဖွံ့ဖြိုးမှု နှင့် နည်းပညာအားနည်းသော နိုင်ငံများရှိ ကျောင်းသား/သူများအတွက် သင်ယူမှုအခွင့်အလမ်းရပ်တန့်မှုများ ကြုံတွေ့ခဲ့ကြရပါတယ်။ ကိုဗစ်ကြောင့် ကမ္ဘာပေါ်ရှိ အခြေခံပညာ၊ အထက်တန်းပညာ နှင့် အဆင့်မြင့်ပညာသင် ကျောင်းသား/သူပေါင်း ၁.၅ ဘီလီယံ (၉၀%) ဟာ စာသင်ခန်းများသို့ သွားရောက်နိုင်ခြင်း မရှိခဲ့ကြပါဘူး။

ရလဒ်အနေနဲ့ကတော့ ပညာရေးလောကမှာ အဝေးရောက်သင်ကြားသင်ယူမှုအခွင့်အလမ်းတွေ ဖန်တီးပေးနိုင်ဖို့ နည်းပညာအသုံးချဖို့လိုလာပြီဆိုတာ တပ်လှန့်လိုက်ခြင်းပါပဲ။

ဒါ့အပြင် ပညာရေးမှာ ဒီဂျစ်တယ်နည်းပညာအသုံးချတာဟာ ကိုဗစ်ကပ်ရောဂါ တစ်ခုတည်းအတွက် သင်ကြားသင်ယူမှုစနစ် တစ်ခုကို ပုံဖော်တာမဟုတ်ပါဘူး။ ဒီဂျစ်တယ်နည်းပညာ အခြေပြုသင်ကြားမှုနည်းစနစ်အားကောင်းရင် ဖွံ့ဖြိုးပြီးနိုင်ငံတွေက ကျွမ်းကျင် ပါမောက္ခတွေသင်ကြားတဲ့ ပညာရပ်တွေကို မိမိနေထိုင်ရာနိုင်ငံကနေ လေ့လာသင်ယူ နိုင်တဲ့အတွက် နည်းပညာကွာဟမှု ကျဉ်းမြောင်းစေသလို တန်းတူရည်တူ ပညာသင်ယူနိုင်ခွင့်တွေလည်း တိုးပွားလာစေနိုင်မှာဖြစ်ပါတယ်။

ဒါ့အပြင် ကျွန်ုပ်တို့ဟာ Mass production  ဆိုတဲ့ အမြောက်အမြား ထုတ်လုပ်မှုကနေ တစ်ဦးချင်းအကြိုက်၊ တစ်ဦးချင်းအလိုက် ထုတ်လုပ်မှုပုံစံကို လူမှုစီးပွားအရွေ့တစ်ခုအနေနဲ့ နေထိုင် နေတာဖြစ်လို့ ဒီဂျစ်တယ်နည်းပညာကသာ ပညာရေးအတွက် ကျောင်းသားတစ်ဦးချင်းအလိုက် စိတ်ကြိုက်လေ့လာသင်ယူမှု Self Paced Learning ကို ပံ့ပိုးပေးနိုင်တဲ့ အဖြေတစ်ခုဆိုတာ တွေ့မြင်လာရပါတယ်။

ဒါဆိုရင် ဆရာ/ဆရာမတွေဟာ ဒီဂျစ်တယ်နည်းပညာအခြေပြု သင်ကြားပို့ချနိုင်တဲ့ အရည်အသွေးတွေပြည့်ဝအောင် ဖြည့်ဆည်းဖို့ ဒီနေ့ခေတ်မှာ မဖြစ်မနေ လိုအပ်လာပြီဖြစ်ပါတယ်။ သင်ကြားရေးမှာ ဒီဂျစ်တယ်နည်းပညာအသုံးချခြင်းအားဖြင့် –

🔸 ပူးပေါင်းဆောင်ရွက်တတ်မှုနဲ့ ဆက်သွယ်ဆောင်ရွက်တက်မှု မြင့်မားလာပါမယ်၊

🔸 တစ်ရက် ၂၄ နာရီ နေရာကန့်သတ်ချက်မရှိ အလုပ်လုပ်နိုင်မယ်၊ လေ့လာနိုင်မယ်၊

🔸 မရှင်းလင်းတဲ့သင်ခန်းစာတွေ အထပ်ထပ်လေ့လာနိုင်မယ်၊

🔸 တစ်ဦးချင်းလိုအပ်ချက်အလိုက် လေ့လာနိုင်မယ့် အခွင့်အလမ်းတွေတိုးလာမယ်

🔸 အွန်လိုင်းသင်ခန်းစာတွေကနေ သင်ယူသူတွေရဲ့ သိလိုစိတ်တွေ စေ့ဆော်ပေးနိုင်မယ်၊

🔸 နည်းပညာအခြေပြုသင်ကြားမှုနည်းစနစ်ဖြစ်လို့ ဆရာ/ဆရာမတွေရဲ့ စွမ်းရည် နဲ့ လုပ်ဆောင်ချက်တွေ တိုးတက်လာစေမှာ ဖြစ်ပါတယ်။

2️⃣ အွန်လိုင်းပညာရေးတွင် Subject Matter Expert (SME) အခန်းကဏ္ဍ

ဆရာ/မ တစ်ဦးဟာ အွန်လိုင်းကနေ စာသင်တော့မယ်ဆိုရင် သင်မယ့်စာကို မိမိကိုယ်တိုင် ပြင်ဆင်ရတာ ဖြစ်နိုင်သလို တခြား ပြည်တွင်းပြည်ပ ဆရာ/မတွေရဲ့ အွန်လိုင်းမှာရှိပြီးသား သင်ခန်းစာကိုကိုးကားပြီး ပို့ချတာမျိုးလည်း ဖြစ်နိုင်ပါတယ်။ ဒါပေမဲ့ သင်ခန်းစာတွေဟာ မိမိကျောင်းသား လိုအပ်ချက်၊ နောက်ခံပညာရေးအခြေအနေပေါ်မူတည်ပြီး ပြင်ဆင်ရတာမို့ ရှိပြီးသား သင်ခန်းစာတွေကို အပိုထပ်ဆောင်ပေးတဲ့ အရင်းအမြစ်တစ်ခု အနေနဲ့ပဲ အသုံးပြုသင့်ပါတယ်။

ဒါကြောင့် အွန်လိုင်းကနေ စာသင်တော့မယ်ဆိုရင် ဆရာ ဆရာမတစ်ဦး အနေနဲ့ သင်ခန်းစာတွေကို အနည်းဆုံးတော့ G-suite များ၊ Digital Tools များ၊ အထူးသဖြင့် Google Docs, Google Slides, Google Sheets, MS words, MS PowerPoint နဲ့ Canva တွေသုံးပြီး ပြင်ဆင်တတ်ဖို့ လိုသလို Learning Management System LMS တွေကိုလည်း သုံးတတ်အောင် လေ့လာနေဖို့လိုအပ်ပါတယ်။

ဒါ့အပြင် မိမိပြင်ဆင်တဲ့ သင်ခန်းစာဟာ အွန်လိုင်းကသင်ရတာမို့ သင်ယူသူကို မငြီးငွေ့အောင် ချပြတတ်ဖို့ နဲ့ အပြင်အဆင်က ဆွဲဆောင်မှုရှိဖို့လိုပါတယ်။ တကယ်တော့ သင်ခန်းစာ အကြောင်းအရာပိုင်းက Subject Matter Expert (SME) မှာ တာဝန်အပြည့်အဝရှိပြီး သင်ယူသူကို ဆွဲဆောင်မှုရှိအောင် မငြီးငွေ့စေအောင် ပြင်ဆင်ပေးရမှာက သင်ရိုးဒီဇိုင်းရေးဆွဲသူ(Instructional Designer-ID) နဲ့ အကြောင်းအရာဖန်တီးသူ(Content Developer-CD) တို့မှာ အပြည့်အဝ တာဝန်ရှိပါတယ်။ အခြေအနေအရ CD နဲ့ ID မရှိနိုင်ဘူးဆိုရင် SME ကပဲ PowerPoint နဲ့ Canva တွေသုံးပြီး အွန်လိုင်းသင်ခန်းစာကို ဖန်တီးလို့ရနိုင်ပါတယ်။ 

🔘 အဲဒီလိုဖန်တီးရာမှာ အောက်ပါအချက်တွေကို လိုက်နာဖို့လိုပါတယ်။

✏️ ကိုယ့်ရဲ့ သင်ခန်းစာတွေကို အွန်လိုင်းပေါ်တင်မှာမို့ ကိုယ်ဟာ သင်ကြားမယ့် ဘာသာရပ်မှာ ထဲထဲဝင်ဝင်သိနေဖို့လိုပါတယ်၊ သင်ခန်းစာမှာ အမှားအယွင်းမပါဖို့နဲ့ အချက်အလက်အမှားတွေ မမျှဝေမိအောင်ပြင်ဆင်ဖို့က အရေးအကြီးဆုံး ဖြစ်ပါတယ်။ 

✏️ သင်ခန်းစာပြင်ဆင်ရာမှာ သင်ယူသူ လိုအပ်ချက်ကို စစ်တမ်းကောက်ခြင်း၊ လိုအပ်ချက်ပေါ်မူတည်၍ သင်ရိုးပြင်ဆင်ခြင်း နှင့် သင်ခန်းစာအတွက် Script ချရေးခြင်းတွေ လုပ်ဆောင်ရပါမယ်။

✏️ သင်ယူသူတွေရဲ့ သင်ယူလိုစိတ်ကို နှိုးဆော်ပေးနိုင်တဲ့ ထိရောက်ကျစ်လျစ်တဲ့ ဗျူဟာတွေသုံးဖို့လိုပါတယ်။

✏️ ထိရောက်ပြီးနိုးကြားတက်ကြွတဲ့ သင်ကြားသင်ယူမှုဖြစ်ဖို့ သင်ခန်းစာကို ပြင်ဆင်ရာမှာ အသုံးများတဲ့ Keller’s ရဲ့ ARCS (Attention, Relevance, Confidence, Satisfaction) Model နဲ့ ချိတ်ဆက်ပြင်ဆင်တတ်ဖို့လိုပါတယ်။ ဒါဆိုရင် ARCS မော်ဒယ်ဆိုတာဘာလဲကြည့်ရအောင်-

💠 Attention ဆိုတာကတော့ သင်ယူသူတွေကို သင်ခန်းစာအပေါ်မှာ အစမှသည် အဆုံးအထိ စိတ်ပါဝင်စားမှုကို ရရှိထိန်းသိမ်းဖို့ နည်းစနစ်တွေပဲဖြစ်ပါတယ်။ ဒီထဲမှာ သင်ခန်းစာအပြင်အဆင်၊ အသံအနေအထား၊ အသံဩဇာရှိမှု၊ သင်ယူချင်စိတ်နဲ့ စဉ်းစားတွေးခေါ်မှုကို စေ့ဆော်ပေးနိုင်မှု နဲ့ မတူညီတဲ့ သင်ကြားမှုနည်းစနစ်တွေ ပြောင်းလဲအသုံးပြုပေးနိုင်မှုတွေ ဖြစ်ပါတယ်။

💠 Relevance ဆိုတာကတော့ သင်ခန်းစာဟာ သင်ယူနေချိန်မှာ တန်ဖိုးရှိသလို အနာဂတ်မှာအသုံးတည့်မှု၊ အချိန်ကာလ လိုအပ်ချက်နဲ့ ကိုက်ညီမှုပဲ ဖြစ်ပါတယ်။ အဲဒါတွေသိရှိဖို့ သင်ကြားသူရဲ့ အတွေ့အကြုံတွေချပြရပါမယ်၊ မြင်သာအောင် သက်သေသာဓကတွေ၊ လက်တွေ့တွေနဲ့ ပြောပြ၊ သင်ပြရပါမယ်။

💠 Confidence ဆိုတာကတော့ သင်ခန်းစာသင်ကြားပြီးနောက် ယင်းသင်ခန်းစာက ရရှိခဲ့တဲ့ အတွေ့အကြုံတွေပေါ်အခြေခံကာ ရည်မှန်းချက်၊ ဦးတည်ချက်တွေချတတ်လာခြင်း၊ သုံးသပ်တတ်လာစေခြင်း၊ အတွေခေါ်မှုပုံစံတွေပြောင်းလဲလာစေခြင်း စတာတွေကြောင့် သင်ယူသူကိုင်တိုင် မိမိကိုယ်ကို ယုံကြည်ချက် တိုးပွားလာခြင်းကို ဖြစ်ပေါ်စေပါတယ်။ ဒါ့အပြင် သင်ယူသူဟာ ငါကြိုးစားရင် ကြိုးစားသလောက် ဖြစ်နိုင်ပါလားဆိုတဲ့ အသိကြောင့် သင်ယူသူမှာလည်း သင်ယူမှုအောင်မြင်စေဖို့ တာဝန်ရှိတယ်ဆိုတာ သိမြင်လာပြီး တာဝန်သိမှုတွေကိုပါ တစ်ပါတည်းထည့်သွင်းပေးခြင်းဖြစ်ပါတယ်။

💠 နောက်ဆုံးအချက်ဖြစ်တဲ့ Satisfaction ကတော့ သင်ယူပြီးတဲ့နောက် အသိပညာတစ်ခုတိုးသွားလို့ သင်ယူရတာကို ကျေနပ်နေစေမှု ပေးခြင်းဖြစ်ပါတယ်။ ဒါ့အပြင် ကြိုးစားသူကို ချီးမွမ်းတာ ဆုပေးတာတွေလည်း ပါဝင်ပါတယ်။ ဒီလိုလုပ်တဲ့အခါ သင်ယူမှုရလဒ် နဲ့ အကဲဖြတ်မှုတွေမှာ သင်ယူသူအားလုံးအတွက် သာတူညီမျှသော၊ တသမတ်တည်းရှိသော စံသတ်မှတ်ချက်တွေကို အသုံးပြုရပါမယ်။

3️⃣ Gagne’s 9 Event ဖြင့် Manuscript ရေးသားခြင်း

Keller’s ရဲ့ ARCS Model နဲ့အညီ သင်ယူသူကို ဘယ်လို Attention, Relevance, Confidence, Satisfaction ပေးရမယ်ဆိုတာသိပြီးတဲ့နောက် Gagne Theory နဲ့ပေါင်းစပ်ကာ Manuscript တစ်ခု အတူရေးကြည့်ကြပါမယ်။ Manuscript ဆိုတာအရင်ခေတ်ကတော့ သင်ခန်းစာတစ်ခုရဲ့ လက်ရေးမူကြမ်းပါပဲ။ အခုခေတ်မှာတော့ Google docs, Google slides နဲ့ PowerPoint တွေသုံးပြီး ပြင်ဆင်ကြပါတယ်။ Manuscript တစ်ခုကို ပြင်ဆင်ရာမှာ Gange ရဲ့  9 Event ကို အသုံးများပါတယ်။ Gagne ရဲ့  9 Event ကို Learning Management System တွေမှာလည်း Learning flow ဒီဇိုင်းတွေမှာ သုံးထားတာတွေ့မြင်နိုင်ပါတယ်။ 9 Event မှာ အကျမ်းဖျဉ်းအားဖြင့် အပိုင်းသုံးပိုင်းရှိပြီး အဆင့် (၉)ဆင့်ပါဝင်ပါတယ်။

✅ နိဒါန်းမိတ်ဆက်ခြင်း

🔸Attention 

🔸Goal of learning contents

🔸Prior Knowledge recall

✅ အဓိကသင်ခန်းစာကျောရိုး

🔸 Present the learning contents

🔸 Provide Learning Materials

✅ ပြန်လည်စုစည်းခြင်း

🔸 Practice

🔸 Summary and Feedback

🔸 Assessment

🔸 Review Next Lecture

မြင်သာအောင် ပြောရရင်တော့ နိဒါန်းမိတ်ဆက်ခြင်းမှာ သင်ခန်းစာခေါင်းစဉ်၊ ယနေ့ သင်ကြားမည့်အကြောင်းအရာ၊ သင်ယူပြီးနောက်ရရှိမည့်အကျိုးကျေးဇူးတွေ နဲ့ သင်ကြားမည့် ခေါင်းစဉ်နဲ့ ပတ်သက်တဲ့ သင်ယူသူရဲ့ အခြေခံဗဟုသုတကို ဆန်းစစ်တဲ့ မေးခွန်းမေးတာမျိုး၊ သူတို့ရဲ့ ယခင်ရှိပြီး အသိပညာ/ အတွေ့အကြုံကို  ပြန် (Recall) ခေါ်ပေးတာမျိုး လုပ်ပေးရမှာပါ။

အဓိကသင်ခန်းစာ ကျောရိုးမှာတော့ သင်ကြားမယ့်သင်ခန်းစာတွေကို အပိုင်း ၂ ပိုင်းကနေ ၃ ပိုင်းခွဲသင်တာမျိုး၊ သင်ကြားရေးအထောက်အကူပြု ထပ်ဆောင်းစာတွေနဲ့ ပစ္စည်း ကိရိယာတွေအသုံးပြုပြီး သရုပ် ပြပေးတာမျိုးတွေ လုပ်ပေးရမှာပါ။

ပြန်လည်စုစည်းခြင်းမှာတော့ သင်ကြားပြီးခဲ့တဲ့ သင်ခန်းစာကို လက်တွေ့နယ်ပယ်မှာ သုံးတတ်အောင်လေ့ကျင့်ပေးတာ၊ သင်ခန်းစာတစ်ခုလုံးကို ပြန်လည်ခြုံငုံသုံးသပ်ပြတာ၊ တတ်မြောက်မှုစစ်ဆေးတာ နောက်သင်မယ့်သင်ခန်းစာကို အကျဉ်းချုပ်မိတ်ဆက်ပေးတာတွေ ပြုလုပ်ပေးရမှာဖြစ်ပါတယ်။

🔴 Manuscript တစ်ခုရေးသားရာမှာ လိုက်နာရမယ့်အချက်တွေကတော့

🔺 Manuscript template တစ်ခုရွေးပြီးသုံးရပါမယ်။

🔺 Microsoft PowerPoint ကိုသုံးရပါမယ်။

🔺 စာပိုဒ်ဖွဲ့စည်းပုံနဲ့ စာလုံးပေါင်းတွေသေချာဂရုစိုက်ရပါမယ်။

🔺 အဖွဲ့အစည်းမှာသုံးတဲ့ Software version တွေနဲ့ကိုက်ညီဖို့လိုပါတယ်၊ သင်ခန်းစာမှာသုံးမယ့် အသုံးအနှုန်းတွေဟာ ရှေ့နောက်ကိုက်ညီဖို့လိုသလို ထပ်မနေဖို့လည်းလိုပါတယ်။

🔺 မလိုအပ်ဘဲသုံးထားတဲ့ အကွန့်အညွှန့်တွေဖယ်ရပါမယ်၊ စာလုံးကိုကွဲပြားစွာ ဖတ်နိုင်တဲ့ အနေအထားဖြစ်အောင် သင့်တင့်သော စာလုံးဆိုဒ်၊ စာကြောင်း တစ်ခုနဲ့တစ်ခုအကွာအဝေး ကိုလည်း ဂရုစိုက်ရပါမယ်။

🔺 မူပိုင်ခွင့်ကင်းလွတ်တဲ့ စာလုံးဖောင့် နဲ့ ပုံတွေရှာသုံးဖို့လိုသလို မူပိုင်ခွင့်ဘောင်ထဲကသုံးတတ်ဖို့အရေးကြီးပါတယ်။ တခြားသူဆီက ကိုယ့်ရဲ့ သင်ခန်းစာအတွက် တစ်ခုခုယူသုံးမယ်ဆိုရင် ရည်ညွှန်းချက်ဖော်ပြပေးရပါမယ်။

🔺 မူပိုင်ခွင့်ပြဿနာရှိနိုင်သော စာများ/ပုံများ ယူသုံးမယ်ဆိုရင် မူလပိုင်ရှင် ခွင့်ပြုမိန့်ရဖို့ တောင်းခံအသုံးပြုဖို့လိုပါတယ်။        

⭐️ အွန်လိုင်းသင်ခန်းစာ ဖန်တီးရာမှာ မူပိုင်ခွင့်ဟာ အထူးဂရုစိုက်ဖို့လိုတာမို့ နောက်သင်မယ့်သင်ခန်းစာမှာ မူပိုင်ခွင့်အကြောင်း ပြောပြပေးသွားပါမယ်။

ဒါဆို သင်ခန်းစာအကြောင်းအရာတွေကို video နဲ့ လေ့လာလိုက်ရအောင်