လူရယ်လို့ဖြစ်လာတာနဲ့ ကျွန်တော်တို့တွေကျွန်တော်တို့နေ့စဉ်ဘဝမှာမလွဲမသွေကြုံတွေ့ရမှာတော့ ပဋိပက္ခတွေပါပဲ။
ဒါပေမဲ့ပဋိပက္ခဆိုတာနဲ့အမြဲတမ်းအဆိုးကြီးလို့ပဲ တွေးလို့မရပါဘူးနော်။ ဘာလို့လဲဆိုတော့ အဲ့ဒီပဋိပက္ခတွေထဲမှာ တချို့ပဋိပက္ခတွေဟာ ကိုယ်ကိုင်တွယ်တတ်ရင် အခွင့်အလမ်းတွေပေးစွမ်းနိုင်တဲ့အပြုသဘောဆောင်တဲ့ပဋိပက္ခတွေအဖြစ်ရှိနေတတ်ပေမယ့် တချို့ကျပြန်တော့ အင်မတန်ပြင်းထန်လာပြီးဆိုးကျိုးတွေပဲပေးတဲ့ပဋိပက္ခတွေလည်းရှိတာပါပဲ။
ဘယ်လိုပဲဖြစ်ဖြစ်အဲ့ဒီပဋိပက္ခတွေကို ကိုင်တွယ်ဖြေရှင်းရမယ့်ကျွန်တော်တို့လူသားတွေရဲ့ကျွမ်းကျင်ပိုင်နိုင်မှုအရပဲ ကျွန်တော်တို့ကြုံနေရတဲ့ပဋိပက္ခတွေရဲ့နောက်ဆုံးရလဒ်ကထွက်လာရတာပဲမဟုတ်လား။
ဒီနေ့မှာတော့ အဲ့ဒီပဋိပက္ခတွေကို ကျွန်တော်တို့ဘယ်လိုပုံစံတွေနဲ့ကိုင်တွယ်ဖြေရှင်းကြမလဲဆိုတာဆက်ပြီးလေ့လာကြမှာပဲဖြစ်ပါတယ်။
သူငယ်ချင်းတို့ရောကိုယ်ကြုံရတဲ့ပဋိပက္ခတွေကို ဘယ်လိုဖြေရှင်းလေ့ရှိကြသလဲ။?
ဆက်သွားကြည့်ကြရအောင်။👇👇
ကျွန်တော်တို့တွေ ကျွန်တော်တို့ရဲ့ပဋိပက္ခ တစ်နည်းအားဖြင့် အငြင်းပွားမှုတွေကိုကိုင်တွယ်ဖြေရှင်းဖို့ချဉ်းကပ်နည်း(၅)မျိုးရှိပါတယ်တဲ့။
အဲ့ဒါတွေက-
- မိမိအလိုလိုက်ရန်တိုက်တွန်းခြင်း(Competing)
- ရှောင်ဖယ်ခြင်း(Avoiding)
- လိုက်လျောခြင်း(Accommodating)
- နှစ်ဖက်အလျှော့ပေးခြင်း(Compromising)
- ပူးပေါင်းဖြေရှင်းခြင်း(Collaborating) တို့ပဲဖြစ်ပါတယ်။
🟢 မိမိအလိုလိုက်ရန်တိုက်တွန်းခြင်း(Competing)
ဒါကိုအတိုကောက် “တိုက်ယူ-ငါနိုင်စေ၊သူရှုံးစေ”ဆိုပြီးပြောပြထားပါတယ်။ဒီနည်းကရှင်းရှင်းလေးပါပဲ။ကိုယ်လိုချင်တာကိုပဲ အတင်းလုပ်ယူတာမျိုးပေါ့။ဒီလိုလူမျိုးက တစ်ခုခုညှိနှိုင်းဖြေရှင်းတော့မယ်ဆို သူ့နည်းဗျူဟာအတိုင်းပဲဖြစ်စေချင်တယ်၊သူ့ကိုပဲလိုက်လျောစေချင်တယ်။တစ်ဖက်သားကိုသူ့အတိုင်းလိုက်လုပ်ဖို့ တိုက်တွန်းတယ်၊ထိန်းချုပ်တယ်၊ဖိအားပေးပြီးအကျပ်ကိုင်တယ်ပေါ့။
🟢 ရှောင်ဖယ်ခြင်း(Avoiding)
“လိုက်လျော-သူရှုံးစေ၊ငါရှုံးစေ”ဆိုတဲ့ဒီနည်းလမ်းကတော့ ဘာပဲဖြစ်လာဖြစ်လာရင်မဆိုင်ဘဲရှောင်ပြေးတတ်တဲ့သဘောပဲပေါ့
အဲ့လိုမျိုးဆိုရင် ရှိပြီးသားပြဿနာ၊အငြင်းပွားမှုက ပျောက်ကွယ်မသွားတဲ့အပြင်နှစ်ဖက်စလုံးအတွက် ပြဿနာကပိုကြီးနိုင်တာမို့လို့နှစ်ဖက်စလုံးအတွက် အရှုံးပဲလို့ပြောရခြင်းဖြစ်ပါတယ်။
🟢 လိုက်လျောခြင်း(Accommodating)
ဒီဟာကတော့ “လိုက်လျော-သူနိုင်စေ၊ငါရှုံးစေ”ပေါ့။တစ်ခါတလေ ပြဿနာကိုဖြေရှင်းရမယ်မှန်းတော့သိတယ်။ဟိုဖက်ကစဖြေရှင်းမှာကိုစောင့်ပြီး သူဖြေရှင်းဖို့ပြောလာရင်ကိုယ်ကပျင်းနေတာနဲ့ သူပြောသမျှအကုန်”အဆင်ပြေပါတယ်”လုပ်လိုက်တာမျိုး။အဲ့ဒီလိုအခြေအနေမျိုးမှာဆို ကိုယ်ကနောက်ပိုင်းတစ်ယောက်ထဲကြုံတွေ့လာရမယ့်ပြဿနာတွေလည်းရှိလာနိုင်တာမို့လို့ ဟိုဖက်ကတော့အဆင်ပြေပြီး ကိုယ်ကတော့ပြဿနာတွေနဲ့ထပ်ကြုံရတာမို့လို့ ပြဿနာဖြေရှင်းပြီးသွားလည်းကိုယ်ကအရှုံးဖြစ်ရတာပေါ့။
🟢 နှစ်ဖက်အလျှော့ပေးခြင်း(Compromising)
ဒီနည်းလမ်းကတော့ နှစ်ဦးနှစ်ဖက်အပေးအယူလုပ်ပြီးဖြေရှင်းကြတဲ့အတွက် နှစ်ဖက်လုံး အရှုံးမရှိဘူး။အဲ့ဒါကြောင့် “အပေးအယူလုပ်-ငါမရှုံး၊မင်းလည်းမနိုင်”လို့ပြောကြပါတယ်။အဲ့လိုညှိနှိုင်းမှုမျိုးမှာဆို နှစ်ယောက်လုံးကအဆင်ပြေဖို့ပဲအားသာနေကြတော့ ကိုယ့်ရဲ့သတ်မှတ်ထားတဲ့စံနှုန်းထက် လျှော့ပြီးအပေးအယူလုပ်ကြတယ်။ဆိုလိုတာက နှစ်ယောက်လုံးသူတို့လက်ခံသဘောတူနိုင်မယ့်ပမာဏကိုညှိနှိုင်းဆုံးဖြတ်ကြတော့အဆင်ပြေသွားတာပေါ့။ဒီမှာ ညှိနှိုင်းတာကပြေလည်သွားတယ်ဆိုပေမယ့် ကိုယ့်ရဲ့သတ်မှတ်စံနှုန်းအပြည့်အဝကိုနှစ်ယောက်လုံးမရလိုက်ကြတော့ ဒါကိုညှိနှိုင်းမှုအောင်မြင်တယ်လို့မသတ်မှတ်နိုင်သေးပါဘူး။
🟢 ပူးပေါင်းဖြေရှင်းခြင်း(Collaborating)
ဒီနည်းလမ်းကတော့အကောင်းဆုံးလို့ပြောလို့ရပေမယ့် လူတိုင်းဒီနည်းလမ်းကိုမကျင့်သုံးနိုင်ပါဘူး။ဘာလို့ဆို ပြဿနာတစ်ခုကြုံလာပြီဆိုအဖြေကိုပူးပေါင်းပြီးရှာဖို့ဆိုတာ တော်ရုံမလွယ်ပါဘူး။ဒီနည်းလမ်းမှာနှစ်ဖက်လုံးက ပူးပေါင်းအဖြေရှာချင်တဲ့စိတ်အပြည့်နဲ့ ပြဿနာရဲ့အချက်အလက်တွေစုဆောင်း၊ဆွေးနွေးတာတွေလုပ်၊ဖြစ်နိုင်တဲ့နည်းလမ်းတွေအကုန်စဉ်းစား၊နှစ်ယောက်လုံးအတွက် သူနိုင်ကိုယ်နိုင်ဖြစ်မယ့် win-win situationကိုအဖြေရှာကြတာပဲဖြစ်ပါတယ်။ပြဿနာဖြေရှင်းရင် အကျိုးရလဒ်တွေအများကြီးထွက်တဲ့ ဒီနည်းလမ်းကို “ပူးပေါင်းခြင်း-ငါနိုင်စေ၊သင်လည်းနိုင်စေ”ဆိုပြီးအတိုကောက်ပြောကြပါတယ်။
ကဲ ဒီတော့ အငြင်းပွားမှု၊ပြဿနာကိုင်တွယ်ဖြေရှင်းမှုပုံစံ (၅)မျိုးအကြောင်းရှင်းပြပြီးသွားပါပြီ။ဒီနည်းလမ်းငါးမျိုးစလုံးက အမြဲတမ်းတစ်ခုကိုပဲကောင်းတယ်ဆိုပြီးဖြေရှင်းလို့မရပါဘူး။
ဥပမာ-
အလျင်တဆောချက်ချင်းထဖြေရှင်းရမယ့်ပြဿနာတစ်ခုကို Collaboratingဆိုတဲ့ ပူးပေါင်းဖြေရှင်းမှုပုံစံနဲ့ဖြေရှင်းလို့မရသလို ပြဿနာကကိုယ်လိုက်မဖြေရှင်းရင်တောင်ပြေလည်သွားနိုင်မယ့်ကိစ္စတစ်ခုကို Competing (မိမိအလိုလိုက်ရန်တိုက်တွန်းခြင်း)၊Compromising(နှစ်ဖက်အလျှော့ပေးခြင်း)ဆိုတဲ့ပုံစံမျိုးတွေနဲ့လည်းသွားဖြေရှင်းလို့မရပါဘူး။
ကိုင်တွယ်ဖြေရှင်းမှုပုံစံတွေမှာ သူ့ကိုယ်ပိုင်ကိုယ်စီအားသာချက်၊အားနည်းချက်တွေရှိတဲ့အတွက် ကိုယ်ကအခြေအနေအချိန်အခါကိုလိုက်ပြီး ဒီဖြေရှင်းပုံနည်းလမ်းတွေကိုကျွမ်းကျွမ်းကျင်ကျင်ပိုင်ပိုင်နိုင်နိုင် အသုံးချတတ်ဖို့လိုအပ်ပါလိမ့်မယ်။
ကဲ ဒါဆို ပြဿနာတွေအငြင်းပွားမှုတွေကို ဘယ်လိုပုံစံကိုင်တွယ်ဖြေရှင်းကြမလဲဆိုတာလေ့လာပြီးသွားကြပြီဆိုတော့ ဒါတွေကိုကိုယ့်ရဲ့နေ့စဉ်ဘဝမှာလက်တွေ့အသုံးချတတ်ပြီး ကိုယ့်ရဲ့ဖြေရှင်းရမယ့်ပြဿနာတွေမှာ နှစ်ဦးနှစ်ဖက်လုံးအတွက်အောင်မြင်မှုတွေအသီးသီးရနိုင်တဲ့ win-win situation ကိုဖန်တီးနိုင်ကြမယ်လို့ ယုံကြည်ပါတယ်။