ခွဲခြားဆက်ဆံမှု (Discrimination) 🤔

ခွဲခြားဆက်ဆံမှုဆိုတာဘာလဲ။

ခွဲခြားဆက်ဆံမှု (DIscrimination) ဆိုတာ လူတစ်ဦးတစ်ယောက်ချင်း သို့မဟုတ် လူအုပ်စုတစ်ခုခု ကို တခြားသော လူအုပ်စုကြီးတစ်ခုမှ မမျှတသောအကြောင်းအရာတစ်ခုအပေါ် အခြေခံပြီး မျှတမှမရှိဘဲ ပြုမူဆက်ဆံခြင်းဖြစ်ပါတယ်။

ကျွန်တော်တို့သည်လည်း ကျွန်တော်တို့ရဲ့ လုပ်ဆောင်နိုင်စွမ်း၊ အသက်အရွယ်၊ စီးပွားရေးအခြေအနေ၊ လူမျိုးရေး (သို့မဟုတ်) ဘာသာရေးမတူညီမှု၊ လိင်ဝိသေသလက္ခဏာခံယူမှုနှင့် ကျွန်တော်တို့ရဲ့ ပြင်ပရုပ်လက္ခဏာတွေကြောင့် ခွဲခြားဆက်ဆံခံရမှုတွေကို ခံရနိုင် (ဒါမဟုတ်) မိမိကိုယ်တိုင်လည်း ပြုလုပ်မိနိုင်ပါတယ်။

ခွဲခြားဆက်ဆံခြင်း (Discrimination) တွေကကော ဘယ်လိုမျိုးကိုဆိုလိုတာလဲ။

ယေဘုယျအားဖြင့် ခွဲခြားဆက်ဆံခြင်းကို ကျွန်တော်တို့အနေနဲ့ (၇) မျိုး ခွဲခြမ်းစိတ်ဖြာကြည့်လို့ရပါတယ်။

  1. Racial Discrimination (Racism)
  2. Age Discrimination (Ageism)
  3. Disability Discrimination
  4. National Origin Discrimination (Xenophobia)
  5. Religious Discrimination
  6. Sex/Gender Discrimination (Sexism)
  7. Caste Discrimination

Racial Discrimination (Racism) – အသားအရောင်နှင့်လူမျိုးရေးအပေါ်အခြေခံပြီးခွဲခြားဆက်ဆံမှု

ကျွန်တော်တို့ ကမ္ဘာကြီးမှာ နေရာဒေသအလိုက် အသားအရောင်နှင့်လူမျိုးမတူကွဲပြားမှု များစွာရှိပါတယ်။ အသားဖြူတဲ့သူ၊ အသားမဲတဲ့သူ နှင့် တခြားသောမတူညီတဲ့ လူမျိုးရေးယဥ်ကျေးမှုအမျိုးအစားများစွာရှိပါတယ်။ အဲလိုမျိုးကွဲပြားခြားနားနေတာထဲမှ အင်အားကြီးတဲ့အုပ်စု တစ်ခုကနေပြီးတော့ အင်အားနည်းတဲ့ အုပ်စုတစ်ခုကို ၎င်းတို့ရဲ့ အသားအရည်ဆိုင်ရာမတူညီမှု ဒါမှမဟုတ် လူမျိုးရေးယဥ်ကျေးမှုမတူညီမှုအပေါ် အခြေခံပြီး ခွဲခြားဆက်ဆံတာကို “Racial Discrimination (Racism)” လို့ခေါ်ပါတယ်။ ဥပမာအားဖြင့်ဆိုရင် − အမေရိကမှာဖြစ်ပေါ်ခဲ့တဲ့ လူဖြူ လူမည်းပြဿနာမျိုးတွေပါ။

Age Discrimination (Ageism) – အသက်အရွယ်အပေါ်အခြေခံပြီးခွဲခြားဆက်ဆံမှု

ကျွန်တော်တို့မြန်မာနိုင်ငံမှာ “ကြီးသူကိုရိုသေ၊ ရွယ်တူကိုလေးစား၊ ငယ်သူကိုသနား”ဆိုပြီး ဆိုရိုးစကားလေးရှိပါတယ်။ အဲလိုမျိုးပဲ လက်တွေ့ဘဝမှာကျင့်ကြံနေထိုင်သူတွေလည်းရှိကြပါတယ်။ သို့သော် လူဆိုသော သဘောသဘာဝအရ ကိစ္စတစ်ခုခုကို အနိုင်ရလိုစိတ် ဒါမဟုတ် နှိမ်လိုစိတ်ဖြစ်လာတဲ့အခါ လူတစ်ချို့ဟာ အသက်အရွယ်ကိုအခြေခံပြီး ခွဲခြားတာမျိုးတွေရှိပါတယ်။ ဥပမာ − “မင်းအသက်က ငယ်ငယ်လေးပါ၊ မင်းဒါတွေကိုမတတ်ပါဘူး”၊ “ငါကစီနီယာကွ မင်းကဂျူနီယာ ငါ့ကိုလာမယှဥ်နဲ့”၊ “အသက်ကြီးပြီးအလေးမစီးတဲ့လူကြီးပါ ဘာမှတတ်မှာမဟုတ်ဘူး” ဆိုတဲ့စကားလုံးတွေပါ။ အဲလိုမျိုး တစ်ပါးသူရဲ့ အရည်အချင်းတွေအပေါ်မဟုတ်ဘဲ သူရဲ့ အသက်အရွယ်အပေါ်ကိုဝေဖန်ပြီး ခွဲခြားဆက်ဆံခြင်းကို Age Discrimination (Ageism) လို့ခေါ်ပါတယ်။

Disability Discrimination – လူတစ်ဦး၏ မသန်စွမ်းမှုအပေါ်မူတည်ပြီးခွဲခြားဆက်ဆံခြင်း

လူတစ်ယောက်ရဲ့ ရုပ်လက္ခဏာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာအရမွေးရာပါချို့ယွင်းချက် ဒါမှမဟုတ် မတော်တဆကိစ္စတစ်ခုခုကြောင့် ရုပ်လက္ခဏာ သို့မဟုတ် စိတ်ပိုင်းဆိုင်ရာ ချို့ယွင်းမှုတစ်စုံတစ်ရာအပေါ်အခြေပြုပြီး ထိုသူအား မိမိတို့၏ အသိုက်အဝန်းအတွင်းမှ ဖယ်ရှောင်ကာ ခွဲခြားဆက်ဆံခြင်းကို  Disability Discrimination လို့ခေါ်ပါတယ်။ ဥပမာအားဖြင့် − ခြေထောက်မသန်စွမ်းသူတစ်ဦးအား ရုံးတွင်း (ဒါမှမဟုတ်) ကျောင်းတွင်းမှာ ပေါင်းသင်းဆက်ဆံခြင်းမပြုလုပ်တာမျိုးပါ။

National Origin Discrimination (Xenophobia) – နိုင်ငံသားဖြစ်တည်မှု (သို့မဟုတ်) လူမျိုးရေးအပေါ်အခြေပြုပြီးခွဲခြားဆက်ဆံခြင်း

မိမိတို့၏ နိုင်ငံသားဖြစ်တည်မှု သို့မဟုတ် နိုင်ငံသားခံယူချက်မတူညီမှုအပေါ်အခြေခံလျက် ထိုသူနေထိုင်ရာ တိုင်းပြည်နိုင်ငံ၏ အခြေအနေ သို့မဟုတ် ထိုသူနေထိုင်ရာတိုင်းပြည်နိုင်ငံ၏ အဆင့်အတန်းအရ လူမျိုးရေးနှင့် အဆင့်အတန်းဆိုင်ရာ ခွဲခြားဆက်ဆံမှုကို National Origin Discrimination လို့ခေါ်ပါတယ်။ ဥပမာအားဖြင့် အိန္ဒိယနိုင်ငံသား၊ အိန္ဒိယလူမျိုးတစ်ယောက်ကို “မင်းတို့နိုင်ငံက ဆင်းရဲတာပဲ မင်းလည်းဆင်းရဲမှာပေါ့၊ ဉာဏ်ရည်ညံ့ဖျင်းမှာပေါ့” ဆိုတဲ့အလားတူ ခွဲခြားမှုတွေဖြစ်ပါတယ်။

Religious Discrimination – ဘာသာရေးမတူညီမှုကိုအခြေပြုပြီးခွဲခြားဆက်ဆံခြင်း

လူတစ်ဦးတစ်ယောက် (သို့မဟုတ်) လူတစ်စုတစ်ဖွဲ့၏ ဘာသာရေးယုံကြည်ချက်အပေါ်အခြေခံလျက် တခြားယုံကြည်ချက်မတူ၊ ခံယူချက်မတူသူများအား ခွဲခြားဆက်ဆံ ဖိနှိပ်ခြင်းကို  Religious Discrimination လို့ခေါ်ပါတယ်။ ဥပမာ − အစ္စလာမ်ဘာသာဝင်ဖြစ်လို့ ခရီးသွားခွင့်ပိတ်ပင်တာမျိုး၊ ခရစ်ယာန်ဖြစ်လို့ အရပ်ထဲခွဲခြားခံရတာမျိုးတွေပါ။

Sex/Gender Discrimination (Sexism) – လိင်ဖြစ်တည်မှုအပေါ်မူတည်၍ ခွဲခြားခြင်း

လူတစ်ဦးတစ်ယောက်ရဲ့ လိင်ဝိသေသလက္ခဏာမတူညီမှု (သို့မဟုတ်) လိင်စိတ်ခံယူတိမ်းညွတ်မှု အပေါ်မူတည်၍ မိမိတို့၏ အသိုက်အဝန်းအတွင်းမှ ခွဲခြားဆက်ဆံခြင်းကို Sex/Gender Discrimination လို့ခေါ်ပါတယ်။ ဥပမာအားဖြင့် − မိန်းကလေးဖြစ်နေလို့ အလုပ်လုပ်ခွင့်မပေးတာမျိုး၊ LGBT ဖြစ်နေလို့ ကဲ့ရဲ့တာမျိုးတွေပါ။

Caste Discrimination – ဇာတ်နိမ့်၊ဇာတ်မြင့်ခွဲခြားခြင်း

လူတစ်ယောက်ရဲ့မွေးဖွားသော မိဘ၏ ဇာတ်၊ မျိုးရိုး၊ ဗီဇအပေါ်အခြေခံကာ မွေးဖွားသည့် နက္ခတ်နှင့်ရက်ကိန်းဂဏန်းများကြောင့် သူကြွယ်မျိုး၊ ပုဏ္ဏားမျိုး၊ ကျွန်မျိုး အစရှိသော ဇာတ်နိမ့်မျိုး၊ ဇာတ်မြင့်မျိုး ဟုခွဲခြားသတ်မှတ်ပြီး လူမျိုးကြီးတစ်ခုမှ၄င်းအပေါ်အခြေပြု၍  ခွဲခြားဆက်ဆံ ဖိနှိပ်နိမ့်ချခြင်းကို Caste Discrimination လို့ခေါ်ပါတယ်။ ဥပမာအားဖြင့် − အိန္ဒိယနှင့် တခြားသော အာရပ်ကမ္ဘာရှိနိုင်ငံများရှိ ဇာတ်နိမ့်ဇာတ်မြင့်ခွဲခြားမှုကြောင့် ထိမ်းမြားလက်ထပ်ခြင်း၊ အိုးအိမ်ပိုင်ဆိုင်ခြင်း ပြဿနာတွေပါ။

အထက်ပါ ခွဲခြားဆက်ဆံမှုမျိုးများအပြင် အခြားသောခွဲခြားဆက်ဆံမှုများလည်း ကမ္ဘာကြီးတွင် နေစဥ်နှင့်အမျှ ကြုံတွေ့နေရပါတယ်။ ထိုသို့ခွဲခြားဆက်ဆံခြင်းများသည် ပဋိပက္ခဖြစ်စေရန် ယူဆောင်သွားနိုင်သည့် အတွက် ခွဲခြားဆက်ဆံမှုလျော့ချခြင်းသည်ပင်လျှင် အေးချမ်းပြီးတိုးတက်သော လူမှုအသိုက်အဝန်းထူထောင်ရန် အရေးကြီးသောအချက်တစ်ခုဖြစ်ပါတယ်။