မတူကွဲပြားမှု (Diversity) 🎭

Diversity (မတူကွဲပြားမှု) ဆိုတာ ဘာလဲ။

မတူကွဲပြားမှုကို ကွဲပြားစုံလင်မှုလို့လည်း တစ်မျိုးခေါ်ယူ မှတ်ယူလို့ရပါတယ်။

  • မတူကွဲပြားမှုလို့ ပြောလိုက်တာနဲ့ ဘာကိုပြေးမြင်လေ့ရှိလဲ​
  • မတူကွဲပြားမှုရှိခြင်းဟာ ကောင်းတယ်လို့ ထင်မိလား မကောင်းဘူးလို့ထင်မိလား​
  • မတူကွဲပြားမှု‌တွေဟာ ဘယ်လို အပြောင်းလဲတွေကို ဖန်တီးပေးနိုင်တယ်လို့ထင်မိလဲ​

မတူကွဲပြားမှုလို့ ပြောလိုက်တာနဲ့  ကျွန်တော်တို့ဟာ အပြုသဘောဆောင်တဲ့ အတွေးထက် အပျက်သဘောဆောင်တဲ့ အတွေးများတတ်ကြပါတယ်။ ဥပမာအနေနဲ့ တစ်ယောက်နဲ့တစ်ယောက် သဘောထား၊ အမြင်၊  ခံယူချက်တွေ မတူညီခြင်း ဟာ အနုတ်လက္ခဏာဆောင်တဲ့ ပဋိပက္ခတွေ‌ဆီ ဦးတည်နိုင်တယ်လို့ထင်တတ်ကြပါတယ်။

ဒါပေမဲ့ အမြင်မတူမှုတွေဟာ တီထွင်ကြံဆမှု အကြံဉာဏ်သစ်တွေ ထွက်လာဖို့ အကောင်းဆုံး လက်နက်ဆိုတာကို မေ့နေတတ်ပါတယ်။ ကျွန်တော်တို့ လူသားတွေဟာ လူမျိုး၊ ဘာသာ၊  နိုင်ငံသားဖြစ်တည်မှု၊ အသက်အရွယ်၊ လိင်စိတ်ခံယူမှု ဆိုတဲ့ ကြီးပြင်းလာမှုပုံစံတွေ ကွဲပြားတာနဲ့အမျှ အတွေးအမြင် အယူအဆ ခံယူချက်တွေမတူတာဟာ သဘာ၀ဖြစ်သလို ဒါတွေကို လက်ခံနိုင်ပြီး လှပတဲ့အရာတစ်ခုကို မြင်နိုင်ဖို့အရေးကြီးပါတယ်။ ဥပမာအနေနဲ့ ပန်းမျိုးစုံပွင့်နေတဲ့ ပန်းခြံနဲ့ ပန်းတစ်မျိုးတည်းပွင့်နေတဲ့ ပန်းခြံဆိုရင် ဘယ်ပန်းခြံက ပိုပြီးကြည်နူးစရာကောင်းမယ်လို့ သင့်အနေနဲ့ ထင်လဲ​။

ဒါဆို မတူကွဲပြားမှုသာ မရှိခဲ့ရင်ကော တစ်ချက် စိတ်ကူးယဉ်ကြည့်ရအောင် 

“မီးခိုးရောင်တစ်ရောင်တည်းရှိမယ်။ အစိမ်း၊ အနီ၊ အဝါ ရောင်စုံဘာမှမရှိတော့ဘူး။ 

လူတွေလည်းတစ်ပုံစံတည်း။ အသားရည်၊ ခန္ဓာကိုယ်အချိုးစားတစ်ထပ်တည်း၊ မျက်နှာလည်း တစ်ရုပ်တည်း။ အလုပ်အကိုင်ကွဲပြားမှုမရှိ၊ မတူညီတဲ့ အတွေးခေါ် တီထွင်မှုမရှိ။ မတူညီတဲ့ ယဉ်ကျေးမှု၊ရိုးရာဓလေ့တွေ မရှိတော့ဘူး။ “

စိတ်ကူးယဉ်ကြည့်တာနဲ့တင် ကျွန်တော်တို့ ကမ္ဘာကြီးဟာ မတူကွဲပြားမှုသာ မရှိတော့ရင် ခြောက်ခြောက်ကပ်ကပ်နဲ့ ပျင်းစရာကောင်းနေတော့မှာ အမှန်ပါပဲ။ 

ဒါကြောင့်  ကျွန်ဝောာ်တို့ တစ်ဦးတစ်ယောက်ချင်းစီရဲ့ ဖြစ်တည်မှုတွေလှပနေခြင်းဟာ မတူကွဲပြားခြင်းကြောင့်ပဲ ဖြစ်တယ် ဆိုတာကို ကျွန်‌တော်တို့ လက်ခံနိုင်ဖို့လိုပါတယ်​။