- လူမှုသဟဇာတဖြစ်မှုကို ဘာတွေက လျော့ကျအားနည်းစေသလဲ?
- လူမှုသဟဇာတဖြစ်ခြင်းဆိုတာ လူတစ်ဦးနဲ့တစ်ဦး၊ လူမျိုးတစ်ခုနဲ့တစ်ခု အတူတကွယှဉ်တွဲနေထိုင်ဖို့ပေါင်းစပ်ပေးတဲ့ “ကော်” လည်းဖြစ်ပါတယ်။
ဒါဆို ဒီ “ကော်” လေးကို အားနည်းစေတဲ့အချက်တွေ ရှိတယ်ဆိုတာရော သူငယ်ချင်းတို့အနေနဲ့ တွေးကြည့်မိဖူးပါသလား။ - တစ်ခါတရံမှာ ကျွန်တော်တို့သိလိုက်လို့ပဲဖြစ်ဖြစ်၊ မသိလိုက်လို့ဘဲဖြစ်ဖြစ် ပြုမူမိတဲ့အချက်တွေကနေလည်း လူမှုသဟဇာတဖြစ်မှုကို လျော့ကျအားနည်းစေပါတယ်။ ဒါတွေက ဘာတွေဖြစ်မလဲ။
တရားသေအစွဲ/ တရားသေ သတ်မှတ်ထားခြင်း (Stereotype)
လူတစ်ယောက် ဒါမှမဟုတ် လူအုပ်စုတစ်ခုနဲ့ပတ်သက်လို့ တရားသေ စွဲမှတ်ထားတဲ့ အယူအဆတွေပဲဖြစ်ပါတယ်။ Stereotypeလို့ ပြောလိုက်တာနဲ့ အနုတ်သဘောဆောင်တဲ့ အစွဲတွေချည်း ရှိတာတော့မဟုတ်ပါဘူး။ ဥပမာ မြန်မာလူမျိုးတွေက ဖော်ရွေတယ်ဆိုတာမျိုးပေါ့။ ဒါပေမယ့် များသောအားဖြင့် အနုတ်သဘောဆောင်တဲ့ တရားသေအစွဲတွေက လူမှုသဟဇာတဖြစ်မှုကို လျော့နည်းစေပါတယ်။ ယောက်ျားလေးဖြစ်လို့ မျက်ရည်မကျရဘူးတို့၊ မိန်းကလေးဆိုတာ ဆံပင်ရှည်လေးနဲ့မှ ကျက်သရေရှိတာတို့ဆိုတာတွေက အချိန်တိုင်းတော့ မှန်မနေဘူးမဟုတ်လား။
မစူးစမ်းဘဲ ကြိုတင်ကောက်ချက်ချခြင်း (Prejudice)
မစူးစမ်းဘဲ ကြိုတင်ကောက်ချက်ချတယ်ဆိုတာ များသောအားဖြင့် မကောင်းတဲ့အတွေးအမြင်တွေ၊ အနုတ်သဘောဆောင်တဲ့ တရားသေအစွဲတွေနဲ့ လူတစ်ယောက်အပေါ်မှာ ဒါမှမဟုတ် ကိစ္စတစ်ခုအပေါ်မှာ လုံလောက်တဲ့ ဗဟုသုတမရှိဘဲ ကြိုတင်ဆုံးဖြတ်သတ်မှတ်လိုက်တာမျိုးပါ။
ဥပမာ – ယောက်ျားနဲ့မိန်းမအချစ်ကမှ သဘာဝဖြစ်ပြီး လိင်တူကြိုက်နှစ်သက်တာဟာ သဘာဝကို ဆန့်ကျင်နေတယ်ဆိုတဲ့ အယူအဆမျိုးပေါ့ ။
လူမှုအသိုင်းအဝိုင်းမှ ဖယ်ကြဉ်ခြင်း (Social Exclusion)
သူကတော့ဆင်းရဲလို့၊ ဘာသာခြားဖြစ်နေလို့၊ လူမျိုးမတူလို့ အဲ့ဒီလိုအကြောင်းပြချက်အမျိုးမျိုးနဲ့ လူတစ်ဦးရဲ့ ရပိုင်ခွင့်တွေ၊ အခွင့်အရေးတွေကို ငြင်းပယ်ခံရတာကို လူမှုအသိုင်းအဝိုင်းမှ ဖယ်ကြဉ်ခြင်း လို့ခေါ်ပါတယ်။
သဘောထားမကြီးခြင်း (Intolerance)
Intolerance ဆိုတာ တစ်ယောက်ရဲ့အုပ်စုက အခြားအုပ်စုတွေထက် သာလွန်တယ်ဆိုတဲ့ ယုံကြည်မှုကြောင့် အခြားအုပ်စုကို လေးစားမှုမရှိတာပဲဖြစ်ပါတယ်။ ဥပမာ – ကိုယ်ကိုးကွယ်တဲ့ ဘာသာကမှ မြင့်မြတ်တာဆိုတဲ့ အတွေးနဲ့ မိမိနဲ့ ကိုးကွယ်မှုမတူတဲ့သူတွေအပေါ်ကို မလေးမစားပြုမူတာမျိုးတွေဟာ လူမှုသဟဇာတဖြစ်မှုကို လျော့နည်းစေပါတယ်။
တန်းတူညီမျှမှုမရှိခြင်း (Inequality)
ကျောင်းသားအားလုံး ကြိုးစားခွင့်ရှိတဲ့ ပညာသင်ဆုတစ်ခုကို Roll-1ကိုပဲ အကြွင်းမဲ့ပေးပစ်တာမျိုး ကြုံခဲ့ရဖူးပါသလား။
ဒါဟာလည်း တန်းတူညီမျှမှုမရှိခြင်းရဲ့ ဥပမာတစ်ခုပါပဲ။ တန်းတူညီမျှမှုမရှိခြင်းဆိုတာ အုပ်စုတစ်စု ဒါမှမဟုတ် လူမှုအသိုက်အဝန်းတစ်ခုအတွင်းမှာ ဂုဏ်တွေ ရာထူးတွေအတွက် တန်းတူညီမျှအခွင့်အလမ်းတွေ၊ အကျိုးခံစားခွင့်မရနိုင်တာတွေကိုဆိုလိုပါတယ်။
ခွဲခြားဆက်ဆံခြင်း ( Discrimination)
လူမဲဖြစ်လို့ လူဖြူဖြစ်လို့၊ ယောက်ျားလေးဖြစ်လို့ မိန်းကလေးဖြစ်လို့၊ အသက်ကြီးနေလို့ အသက်ငယ်နေလို့ အကြောင်းအမျိုးမျိုးနဲ့ ခွဲခြားဆက်ဆံရမှုတွေဟာလည်း လူမှုသဟဇာတဖြစ်မှုကို အားလျော့စေတဲ့အကြောင်းတစ်ခုပဲ ဖြစ်ပါတယ်။
သူငယ်ချင်းတို့အနေနဲ့ရော အပေါ်ကအချက်တွေထဲက ဘယ်အချက်ကိုလုပ်လိုက်မိပြီး လူမှုသဟဇာတဖြစ်မှုကိုအားနည်းသွားအောင်ပြုလုပ်ခဲ့ဖူးပါသလဲ? မလုပ်ဖူးဘူးဆိုရင်တော့ ဂုဏ်ယူပါတယ်နော်။